Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

ကျွန်မ မုန်းသော ဧပြီ နိုင်း (April 9)

   ပြက္ခဒိန်ကို လှန်းကြည့်ရင်း သက်ပြင်းပြေပြေလေးတစ်ချက် ချမိတယ်။ ဘာလိုလိုနဲ့ အချိန်တွေ တစ်နှစ်ပြီး
တစ်နှစ်ကုန်လွန်သွားခဲ့ပြီ။ တစ်နှစ်ပြီးတစ်နှစ်ကြိုးစား ဖြတ်သန်းရင်း ဧပြီ (၉) ရက်နေ့ကို တစ်ခေါက်ပြန်ရာက်လာခဲ့ပြီ။
ပြက္ခဒိန်တွေပေါ်က နေ့ရက်တွေထဲမှာ ကျွန်မ အမုန်းဆုံးနဲ့ စိတ်အနာဆုံး အမှတ်တရတွေ ပိုင်ဆိုင်ထားတဲ့နေ့ဆိုရင်
ဧပြီ(၉) ပေါ့။ ငယ်ငယ်ကလေးဘ၀ထဲက ဧပြီလရောက်ပြီဆိုရင် ကျွန်မစိတ်တွ အလိုလိုတက်ကြွပြီး ပျော်နေတတ်ခဲ့တာ။
အခုများတော့ အဲဒီပျော်ရွှင်တတ်တဲ့ စိတ်ကလေး ကျွန်မရဲ့အဝေးကို ထွက်ပြေးသွားခဲ့ပြီ။ ဘယ်သောအချိန်မှ ကျွန်မဆီ
ကို အဲဒီပျော်ရွှင်မှုတွေ ပြန်ရောက်လာမယ် မသိ။ အဲဒီတုန်းက ကျွန်မရဲ့စိတ်ကလေးကို ကျွန်မ ပြန်တမ်းတမိတယ်။


          ဒီနေ့ မနက်အိပ်ရာထကတည်းက ကျွန်မစိတ်တွေပုံမှန် မဟုတ်ခဲ့ဘူး။ အိပ်ရာကိုလည်း ခါတိုင်းထက်နောက်ကျ
မှ ထခဲ့တယ်။ ကျွန်မကိုယ်တိုင်သာ အခုကွန်ပျူတာရှေ့မှာ ထိုင်ပြီး စာရေးနေပေမယ့် ကျွန်မရဲ့ စိတ်တွေက လွန်ခဲ့တဲ့
နှစ်က အချိန်တွေကို ရောက်ရောက်သွားနေတယ်။ မနက်အိပ်ရာထရင် ဘုရားရှစ်ခိုးတတ်တဲ့ ကျွန်မ ဒီနေ့ အိပ်ရာထ
တော့ ဘုရားမရှစ်ခိုးဖြစ်ခဲ့ဘူး။ မတည်ငြိမ်တဲ့ ကျွန်မရဲ့ စိတ်တွေနဲ့  ဘုရားရှေ့မှာ ထိုင်ပြီး ဘုရားစာတွေ ရွတ်ဖို့ ကျွန်မ
စိတ်မသန့်ခဲ့ဘူး။ အခုချိန်ထိ သူနဲ့ပတ်သတ်ရင် ကျွန်မစိတ်တွေကို တည်ငြိမ်အောင် ကျွန်မ မထိန်းနိုင်သေးဘူး။
အရင်လိုပဲ ရူးသွပ်ဆဲပါ…


          လွန်ခဲ့သောနှစ် အနည်းငယ်က ဒီလိုအချိန်၊ ဒီလိုရာသီဥတု၊ ဒီလိုနေ့မျိုးမှာ လူတစ်ယောက်ကြောင့် ကျွန်မ
ငိုကြွေးခဲ့ရဖူးတယ်။ ကျွန်မရဲ့ အချစ်ကံခေမှုကြောင့်လား၊ အတိတ်ဘ၀ရဲ့ အကျိုးဆက်ကြောင့်လား မသိ၊ ကျွန်မဘဝ
မှာ ဘယ်တော့မှ မေ့ပျောက်ဖို့ မလွယ်တဲ့ ဒဏ်ရာမျိုး ငြင်းပယ်ခွင့်မရှိ ကျွန်မ ပိုင်ဆိုင်လိုက်ရတယ်။ ပြီးတော့ ဧပြီလ
(၉)ရက်နေ့ကလည်း ကျွန်မအဖို့တော့ အသက်ရှင်နေသ၍ မေ့မရတဲ့ နေ့တစ်နေ့ ဖြစ်လာခဲ့တယ်။


          ဒီလိုနေမျိုးပေါ့ သူ ကျွန်မကို ထားပြီး အဝေးကို ထွက်သွားခဲ့တာလေ။ မသွားပါနဲ့လို့ မတားရက်ခဲ့သလို၊ ငါလည်း
နင်နဲ့အတူတူလိုက်ပါရစေလို့ ခွင့်မတောင်းခဲ့မိဘူး။ ဒီလိုအခြေအနေမျိုး မကြုံတွေ့ဖူးတဲ့ ကျွန်မအဖို့ သူ့စကားတွေကို
ယုံကြည်နေခဲ့မိတယ်။ သူကျွန်မဆီကို ပြန်လာခဲ့မယ်ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ ကျွန်မဘ၀ရဲ့ မျှော်လင့်ချက်တွေကို
ရှင်သန်စေခဲ့တယ်။ အမှတ်တရတွေကို အဖော်ပြုရင်း သူ့ကို တမ်းတမ်းတတ လွမ်းဆွတ်မိအောင် သူဖန်တီးနိုင်ခဲ့တယ်။


          နိုင်ငံခြားမှာ ပညာသွားသင်မယ်လို့ သူပြောခဲ့တုန်းက ကျွန်မ သူ့ကို မတားခဲ့မိဘူး။ နိုင်ငံခြားမှာ သင်မှတတ်မယ့်
အခြေအနေမျိုးမဟုတ်ပေမယ့် ကျွန်မနဲ့ဝေးရာကို ထွက်သွားဖို့လည်း သူ မတွေဝေနေခဲ့ဘူး။ ချစ်သူသက်တမ်း
တစ်လျှောက်လုံး ဘာမဆို သူ့စိတ်တိုင်းကျ ကျွန်မနေပေးခဲ့တယ်။ သိပ်ချစ်လွန်းလို့ မတားရက်ခဲ့တာပဲလား၊ ကျွန်မရဲ့
စကားတစ်ခွန်းကြောင့် သူ့ဘ၀ရဲ့ တက်လမ်းတွေ အရောင်မှေးမိန်သွားမှာဆိုးတဲ့ အတွက်လား ဘာကြောင့်မှန်းဆိုတာ
ကျွန်မကိုယ်တိုင်တောင် မသိပေမယ့် ကိုယ့်ကိုကိုယ် ဂရုစိုက်ပါဆိုတဲ့ စကားကလွဲရင် တခြားစကားတွေ ကျွန်မ မပြော
တတ်ခဲ့ဘူး။ နင်မရှိရင် ငါဘယ်လောက် လွမ်းနေမယ်၊ နင်ပြန်လာတဲ့အချိန်ထိ ငါနင့်ကို ဆက်ဆက်စောင့်နေမယ်ဆိုတဲ့
စကားမျိုးတောင် ကျွန်မ မပြောမထွက်နိုင်ခဲ့ဘူး။ ပညာသင်သွားမယ်လို့ ပြောပြီးတဲ့နောက် သူ့နဲ့ မျက်နှာချင်းဆိုင်
တွေ့မိတိုင်း ကျွန်မရဲ့ ရင်ထဲမှာ အမည်မသိတဲ့ ခံစားမှုမျိုးကို ခံစားခဲ့ရတယ်။


          ကျွန်မဘေးက သူထွက်သွားတဲ့ပြီးတဲ့နောက် သူ့ဆီက အဆက်အသွယ်ကို ကျွန်မ မျှော်လင့်ခဲ့တယ်။ ဖုန်းကို ၂၄
နာရီလုံးလုံးဖွင့်ထားရင်း သူ့ဆီက ဖုန်းအဆက်အသွယ်များရမလား စောင့်နေခဲ့မိတယ်။ ကျူရှင်အားလပ်ချိန်တွေတိုင်း
အင်တာနက်ကို အပြေးအလွှားဖွင့်ရင်း သူ့ကို အွန်လိုင်းပေါ်မှာ ရှာခဲ့မိတယ်။ သူ့ဆီက သုံးလေးရက်ကြာမှ offline
message တစ်စောင်လောက် ရတာကိုပဲ ကျွန်မဘ၀မှာ ပြည့်စုံပြီလို့ ထင်ခဲ့မိတယ်။ ဖုန်းလာတိုင်း သူ့ဆီက ဖုန်းဖြစ်ပါ
စေလို့ အကြိမ်ပေါင်းမရေတွက်နိုင်လောက်အောင် ဆုတောင်းခဲ့ပေမယ့် ကျွန်မဆုတောင်းတွေ မပြည့်ခဲ့ဘူး။ တစ်နေ့ပြီး
တစ်နေ့ သူအတွက် ဘုရားမှာ ဆုတောင်းပေးရင် သူကျွန်မအနားကို ပြန်ရောက်လာမယ့် အချိန်ကို မျှော်လင့်မိတယ်။


          သင်္ကြန်ရေပက်လို့ အေးစက်သွားချိန်တိုင်း ကျွန်မ ရင်ထဲမှာ သူ့ကို တမ်းတမိတယ်။ သူရော ကျွန်မလို အေး
ချမ်းနိုင်ပါ့မလားလို့ ကျွန်မတွေးမိရင်း သူ့ကိုလည်း သင်္ကြန်ရေနဲ့ပျော်မြူးစေချင်တယ်။ သူ့ကို သတိရတိုင်း သူ့သီချင်း
လေးကို ဖွင့်နားထောင်ရင်း သူပြန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူမရှိဘဲ ပင်ပန်းလှတဲ့ ကျွန်မရဲ့ နေ့ရက်တွေကို
ဖြတ်သန်းခဲ့တယ်။ သူမရှိရင် မဖြစ်ဘူးလို့ ကျွန်မ ၀န်ခံခဲ့ဖူးပေမယ့် သူကျွန်မ ဘေးမှာ မရှိလည်း ကျွန်မနေတတ်ခဲ့
တယ်။ သူက အရင်လို ကျွန်မဘေးမှာ ရှိမနေနိုင်ပေမယ့် သူနဲ့ပတ်သတ်တဲ့ အမှတ်တရတွေ ကျွန်မရင်ထဲမှာ အမြဲရှိ
တယ်။ သူ့အပေါ်တမ်းတခြင်းတွေ၊ လွမ်းဆွေးခြင်းတွေနဲ့ အချစ်တွေပေါင်းလိုက်ရင် ကျွန်မ ဘ၀မှာ အထီးကျန်ခြင်းဆို
တာအတွက် နေရာလွတ်တောင်  မရှိတော့ဘူး။


          ဘာပဲဖြစ်ဖြစ် အခုချိန်မှာ သူ ကျွန်မဆီကို ပြန်မလာတော့ဘူးလေ။ ဒီတစ်သက်တော့ သူနဲ့ ကျွန်မ ဘယ်တော့
မှဆုံနိုင်မှာလည်း မဟုတ်သလို သံသရာမှာလည်း ဘယ်တော့မှ ဆုံနိုင်မယ်လို့ ကျွန်မ မထင်မိဘူး။ ဘာလို့လဲဆိုတော့
ကျွန်မတို့ နှစ်ယောက်က ဘုရားတောင် အတူတူမသွားခဲ့ဖူးဘူး။  သူ့အပေါ်ထားတဲ့ စစ်မှန်တဲ့ ကျွန်မရဲ့ အချစ်ကြောင့်
လားမသိဘူး၊ လူတစ်ချို့ရဲ့ စာနာမှုကို ကျွန်မ ပြန်ရရှိခဲ့တယ်။ ကျွန်မကို ကိုယ်ချင်းစာမိတဲ့ လူတစ်ချို့က ကျွန်မကို နှစ်
သိမ့်ကြတယ်။ မျှော်လင့်ချက်ဆိုတာတော့ ရှိသေးတာပဲလေတဲ့။ အခုချိန်မှာ သူနဲ့ပတ်သတ်လို့ ကျွန်မ မမျှော်လင့်ချင်
တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူ့ဘ၀လေး ကောင်းစားသွားပြီပဲ။ တချိန်က ကတိစကားတွေကို သူဘယ်လိုပဲ မေ့ပျောက်
ပစ်လိုက်ပါစေ၊ ကျွန်မကတော့ မှတ်မိချင်နေသေးတယ်။ ပြန်မလာတော့မှန်း သိရက်နဲ့ လူတစ်ယောက်ကို မျှော်လင့်
ချက်ကြီးစွာနဲ့ မစောင့်ချင်တော့ပါဘူး။ သူမပါတဲ့ ကျွန်မဘ၀ကို ကြိုးစားပြီး ရှင်သန်မှာပါ။


          အခုချိန်မှာ သူမရှိပေမယ့် ကျွန်မရဲ့ အတိတ်ထဲမှာတော့ သူရှိသေးပါတယ်။ သူနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေ
ကျွန်မရင်နဲ့ အပြည့်ရှိတယ်။ ကျွန်မဘ၀ရဲ့ နေ့တိုင်းလိုလိုမှာ သူ့ကို အမှတ်ရစေနိုင်တဲ့ တိုက်ဆိုင်မှုတွေရှိတယ်။ ကတိ
စကားပျက်တဲ့သူမို့ မုန်းစရာကောင်းပေမယ့် ကျွန်မ မမုန်းနိုင်ခဲ့ဘူးသလို မုန်းဖို့လည်း မကြိုးစားမိဘူး။ မေ့ဖို့လည်း
မစဉ်းစားမိသလို၊ တိုက်ဆိုင်မှုတွေ ကြုံလာတိုင်းလည်း ကျွန်မ မျက်ရည်မကျတော့ဘူး။ သူ့ကို လွမ်းမိရင် သူ့အကြောင်း
ကို တစ်ဝကြီးထိုင်တွေးလိုက်တယ်။ အဲဒီလိုအချိန်တိုင်း သူက ကျွန်မဘေးနားရောက်လာပြီး ကျွန်မရဲ့ဘ၀လေး ပြည့်စုံ
သွားသလို ခံစားရတယ်။ အဲဒီလို ခဏလေး ခံစားရတဲ့ ခံစားမှုကိုပဲ ကျွန်မ မြတ်နိုးစွာ ဖက်တွယ်ထားမိတယ်။


          သူနဲ့ ကျွန်မကို အခုလိုဝေးကွာသွားအောင်လုပ်ခဲ့တဲ့ တရားခံက သူကိုယ်တိုင်ဆိုရင်တောင် ကျွန်မ သူ့ကို မမုန်း
ဘူး။ အရမ်းချစ်လို့ မုန်းမရတာလား၊ မုန်းဖို့ သတ္တိမရှိတာလားတော့ ကျွန်မကိုယ်တိုင်လည်း မခွဲခြားတတ်ခဲ့ဘူး။ ဒါပေ
မယ့် ကျွန်မဘ၀မှာ သေရာပါအောင် နာကျင်ရတဲ့ ဘယ်တော့မှ မပျောက်နိုင်တဲ့ ဒဏ်ရာမျိုးဖြစ်စေခဲ့တဲ့ ကျွန်မ တစ်စုံ
တစ်ခုကို မုန်းတီးချင်မိတာ အမှန်ပဲ။ ဒါပေမယ့် ကျွန်မကို သေရာပါဒဏ်ရာပေးခဲ့တဲ့ သူ့ကိုလည်း မမုန်းနိုင်သလို၊ သေရာ
ပါအောင် ဒဏ်ရာတွေပေးခဲ့လည်း နည်းနည်းလေးတောင် နာကျည်းစိတ်မဖြစ်တဲ့ ကျွန်မကိုယ်ကျွန်မလည်း မမုန်းနိုင်
ဘူး။ ကံကြမ္မာကို အပြစ်တင်ရအောင်လည်း ကံဆိုတာက လူကလုပ်တာလို့ လက်ခံထားတဲ့ ကျွန်မအဖို့ နာကျည်းမုန်း
တီးစရာဆိုလို့ သူကျွန်မဘေးက ထွက်သွားတဲ့နေ့ပဲရှိတာမို့   ဧပြီနိုင်း(၉)ရယ်……  ငါနင့်ကိုပဲ မုန်းပါရစေ……………..

ဆက်လက်ကြိုးစားပါဦးမည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့