Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 April 2012

အချစ်ဟု ခေါင်းစဉ်တပ်ကြသော အချစ်တုများ

အချစ်ဆိုတာ ဘာလဲ။ ကျွန်တော် အချစ်ကိုတွေ့ပြီ၊ ကျွန်မ အချစ်ကိုတွေ့ပြီလို့ ဆိုနေကြတဲ့ မောင်ငယ်၊ နှမငယ်တွေ တကယ်ပဲ ကိုယ်ဖမ်းဆုပ် ကိုင်စွဲထားတဲ့ ခံစားချက်ဟာ အချစ်ရော စစ်မှစစ်ရဲ့လားလို့ တွေးပူမိပါတယ်။ လူငယ်တွေ မလွဲမသွေ ရင်ဆိုင်ရမယ့် ခံစားချက်တွေထဲမှာ အချစ်မဟုတ်ဘဲ အချစ်လို့ ခေါင်းစဉ်တပ်၊ အချစ်ဇာတ်လမ်းဆိုပြီး သမိုင်းရေးကြမှာကို စိုးထိတ်မိတဲ့အတွက် ဒီခေါင်းစဉ်တုတွေကို အရင် ဖတ်ရှုလိုက်ကြပါစို့လား။


ရမ္မက်


လူအတော်များများ အထူးသဖြင့် ပုရိသယောက်ျားတို့ မှားလေ့ရှိတဲ့ ခံစားချက်တစ်ခုပါပဲ။ မြင်လျှင်မြင်ချင်း ခဏမှာပဲ ရင်ဘတ်ကို အုတ်ခဲနဲ့ ထုလိုက်သလို ဗုံးကနဲ၊ ဒုံးကနဲ ခံစားသွားရပြီး ဒါဟာ “မြင်မြင်ချင်း အချစ်” ပဲလို့ ခေါင်းစဉ်တပ်လိုက်ကြတဲ့ ခံစားမှုပဲ ဖြစ်ပါတယ်။ မြင်လျှင်မြင်ချင်း လက်မလွှတ်တမ်း ချစ်ပွဲနွှဲချင်တဲ့ အာသီသဟာ အချစ် မဟုတ်ပါဘူး။ အချစ်နဲ့ ကာမရမ္မက်ဟာ နေ့နဲ့ညလို တခြားစီ ကွာခြားလှပါတယ်။ တစ်ယောက်ယောက်ကို ရမ္မက်ဆန္ဒ ဖြစ်တည်မိတဲ့အခါ လူဟာ ညအမှောင်ထဲကို ကျရောက်သွားသလို တူပါတယ်။ ကိုယ့်အတွက် သူဟာ ပြီးပြည့်စုံနေပြီး အစစအရာရာ ကြည့်ကောင်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ နေ့ခင်းဘက်မှာမှ မြင်ရတဲ့ အပြစ်အနာအဆာတွေကို မတွေ့ရှိသေးလို့ ဖြစ်ပါတယ်။ြ မင်ဖန်များတော့ ငယ်၊ နမ်းဖန်များတော့ ပြယ်သွားတဲ့ အချိန်ကျမှ အရင်က မှောင်ထဲမှာ မမြင်ခဲ့တဲ့ အပြစ်အနာအဆာတွေဟာ နေမင်းကြီး ပေါ်ထွက်လာသလို ပြိုးပြိုးပြက်ပြက် ထင်းထင်းလင်းလင်း မြင်လိုက်ရပါတော့တယ်။ အမှန်တော့ အချစ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု တစ်ခုတည်းပေါ်မှာ အခြေခံပြီး တည်ဆောက်ထားတာ မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်ကို ချစ်ဖို့အတွက် အချိန်လိုပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုဆိုတာ ပါဝင်တဲ့ အမယ်ပစ္စည်း တစ်ခု သာသာလောက်ပဲ အရာရောက်ပါတယ်။


အတ္တပျောက်ဆုံးခြင်း


ဒါဟာ လူတိုင်းနီးပါး သိဖူး၊ ကြားဖူး၊ ကြုံဖူးကြမယ့် အချစ်ရေးတစ်ခုပဲ ဖြစ်ပါတယ်။ အပေါ်က ရမ္မက်ထက် ပိုပြီး အချစ်နဲ့ ဆင်တူယိုးမှားရှိတဲ့ ခံစားချက်ပဲ ဖြစ်ပါတယ်။ ရမ္မက်ကမှ တစ်ဖက်လူရဲ့ အပြစ်အနာအဆာတွေ့ရင် ရှောင်ထွက်သွားကြပေမယ့် သူကတော့ ဆက်လက် တွယ်ကပ်ထားတတ်ကြပါတယ်။ ဒီခံစားချက်ဟာ ရမ္မက်လို ကိုယ်ချင်းနှီးနှောလိုတဲ့စိတ် သက်ရောက်ပေမယ့် ခံစားသူကို ဆိုးကျိုးချည်းပဲ ပေးစွမ်းတဲ့ အရာလည်း ဖြစ်ပါတယ်။ ကိုယ့်ဘက်က ဒီခံစားချက်ကို ပိုပြီး ဆုပ်ကိုင်ထားလေလေ ကိုယ်ကျိုးပိုပြီး ထိခိုက်ပျက်စီးလေလေပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လက္ခဏာဝိသေသတွေကတော့ ကိုယ့်ရဲ့အချိန်တွေ အားလုံးကို သူ့အတွက် ပေးထားတာ။ သွားလေရာ သူ့အကြောင်း ကိုယ့်ဦးနှောက်ထဲ ထည့်သွားတာ။ သူ့စိတ် ပျော်ရွှင်စေဖို့အတွက် နည်းမျိုးစုံနဲ့ လုပ်ပေးတာ။ ကိုယ့်ဘက်ကို တစ်ချက်မျှ ငဲ့မကြည့်ပေမယ့် ကိုယ်ကတော့ သူ့အတွက် ဘာပဲ ပေးဆပ်ရ၊ ပေးဆပ်ရ ဆိုတဲ့စိတ်နဲ့ ကျေနပ်နေတာ။ ကိုယ်လုပ်သမျှ သူ့အတွက်ချည်း ဆိုပေမယ့် သူကတော့ ကိုယ့်အတွက် တစ်ပြားသားမျှ ပြန်မလုပ်ပေးတာတို့ဟာ အမှန်တော့ အချစ် မဟုတ်ပါဘူး။ အချစ်ဆိုတာ နှစ်ဦးနှစ်ဖက်စလုံး ပြုစုပျိုးထောင်ရတဲ့ သစ်ပင်တစ်ပင်သာ ဖြစ်ပါတယ်။


အစားထိုးခြင်း


ဒီခံစားချက်ဟာ တစ်ယောက်ယောက်နဲ့ အချစ်ဇာတ်လမ်း သိမ်းသွားတဲ့အချိန်မှာ နောက်တစ်ယောက်နဲ့ အလျင်အမြန် အချစ်ဇာတ်လမ်း ခင်းတဲ့ ခံစားချက်ပဲ ဖြစ်ပါတယ်။ ဒီခံစားချက်ဟာ အချစ်အပေါ် အခြေခံပေမယ့် စင်စစ်အားဖြင့်တော့ အချစ် မဟုတ်ပါဘူး။ တစ်စုံတစ်ယောက်နဲ့ အချစ်ဇာတ်လမ်း ပြီးဆုံးသွားတဲ့အချိန် အထီးကျန်မှုကို ကုသတဲ့အနေနဲ့ လူစားထိုး ကုသတဲ့ သဘောသက်သက်ပဲ ဖြစ်ပါတယ်။ အချစ်နဲ့ အမြဲ ပတ်သက်ချင်နေတဲ့လူတွေ ခံစားလေ့ ရှိတဲ့၊ ပိုင်ဆိုင်လေ့ရှိတဲ့ အချစ်တုသာ ဖြစ်ပါတယ်။ သူတို့ဟာ နှုတ်ဆက်ခွဲခွာသွားတဲ့ ချစ်သူကို ပြန်လိုချင်တဲ့ သဘောမဟုတ်ဘဲ ကျကွဲသွားတဲ့ အချစ်ဇာတ်လမ်းကို ပြန်ပြီး တမ်းတလွမ်းဆွတ်တာကို ကုစားခြင်း ဖြစ်ပါတယ်။ ဒီလူစားထိုး ခံစားချက်ကို မဖြစ်အောင် ဘယ်လို ကုသမလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေဟာ ရှုပ်ထွေးပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် နာလံထူချိန် ကာလဟာ မတူကြပါဘူး။ ကိုယ့်ဘက်က အတိတ်နှောင်းက အချစ်ဟောင်း ဇာတ်လမ်းကို တမ်းတနေသရွေ့ ပစ္စုပ္ပန် အချစ်ဇာတ်လမ်းမှာ အခက်အခဲ ပြဿနာ တွေ့နိုင်ပါတယ်။ အချစ်ဆိုတာ ကိုယ်လက်နှီးနှောခြင်း သက်သက်လည်း မဟုတ်ပါဘူး။ တစ်ဖက်လူ စိတ်တိုင်းကျ ပေးဆပ်ခြင်းသက်သက်လည်း မဟုတ်ပါဘူး။ လူစားထိုး ကုသခြင်း၊ ဖန်တီးခြင်းလည်း မဟုတ်ပါဘူး။ အချစ်ဆိုတာ ရှာဖွေတွေ့ရှိခြင်း သက်သက်သာ ဖြစ်ကြောင်း သတိပေးရင်း အချစ်မဟုတ်သော အချစ်တု ခေါင်းစဉ်အောက်မှ လွတ်မြောက်ကြပါစေသား.....

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့