ရာသီစက်ဝိုင်း
ရစ်ပတ်သိုင်းရင်း
ဂိမ္မာန်နွေထူး
အတာကြူးတဲ့
လတန်ခူးကို
ရောက်လာပြန်ပြီ။
လေရူးတွေက သုန်သုန်
စိတ်ရူးလေးက မှုန်မှုန်
ရွက်ရော်တွေ မြေခ
ပွင့်သစ်တွေ ဝေလှ
ဥသြသံက ချိုချို
အလွမ်းတွေက ပိုပို
အမည်မရှိ လွမ်းသံစဉ်အတိ။
သိင်္ဂီရောင်ဖြန်း ပင်လုံးလန်းလို့
စိန်ပန်းလည်းကြွေ ငုဝါတွေဝေ
မြကဗ္ဗလာ ရွက်စိပ်ဖြာကြား
စိမ်းမြတုံတုံ ပိတောက်ငုံတို့
အတာလက်ဆေး သွန်းဖြိုးပေးလို့
ငုဝါနဲ့ပြိုင် ပွင့်ကြလှိုင်လှိုင်။
သူသူငါငါ များတကာရဲ့
ကေသာယံထက် ပိတောက်ခက်တို့
ဝင်းပလှိုင်လှိုင် ပြုံးပန်းပြိုင်စဉ်
ပန်ဆင်သူမဲ့ ငုဝါရဲ့မာန်
မျက်ရည်ဖြိုင်လည်း ပြုံးနေမြဲတဲ့
သင်္ကြန်စိုစို အချမ်းပိုကို
ဥသြသံချို အလွမ်းပိုတိုင်း
ငုဝါနဲ့ပြိုင် ငါကိုယ်တိုင်လည်း
ရင်ဝယ်အလွမ်း မျက်ရည်စမ်းပေါ့။
No comments:
Post a Comment