Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 April 2012

သင်လိုချင်တာအားလုံး....-မရနိုင်

ပုံပြင်လေးက အိန္ဒိယမှာဖြစ်ပါတယ်။

ဂိုပယ်ဟာ မြစ်အနီးက အိမ်ငယ်လေးတစ်အိမ်မှာ သူ့ဇနီး နာတာကီ နဲ့အတူနေထိုင်ပါတယ်။

သူတို့ဟာ အင်မတန်ဆင်းရဲပါတယ်။

နေတိုင်းပဲ ဂိုပယ်ဟာ မြစ်ထဲကို ငါးဖမ်းသွားပါတယ်။ သူ့မှာ ငါးဖမ်းတဲ့ပိုက်တစ်ခုရှိတယ်။ တစ်ခါတစ်ရံ ငါးနှစ်ကောင်
ဒါမှမဟုတ် သုံးကောင်ကို သူ့ပိုက်မှာ မိနေတတ်တယ်။ ဒီနောက် သူက အိမ်ကိုပြန်ပြီး နာတာကီကို “ဒီနေ့ ဟင်းကောင်း
စားနိုင်ပြီ”လို့ပြောလိုက်တယ်။


တစ်ခါတစ်ရံတော့ သူ့ပိုက်မှာ ငါးတစ်ကောင်မှ မမိတတ်ဘူး။ အဲဒီနေ့တော့ သူတို့ ဟင်းကောင်း
မစားရတော့ဘူးပေါ့။

ဂိုပယ်ဟာအမြဲတန်းပျော်ရွှင်နေတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူဟာ မြစ်ကိုချစ်လို့လေ။
ဒါပေမယ့် နာတာကီကတော့ မပျော်ပါဘူး။

xxxxx

တစ်နေ့တော့ ဂိုပယ်ဟာ အလွန်ကြီးမားတဲ့ငါးတစ်ကောင်ကို သူ့ပိုက်ထဲမှာမြင်လိုက်ရတယ်။

“ကောင်းလိုက်တာကွာ” သူကပြောလိုက်တယ်။

“ငါတို့ ဒီနေ့နဲ့မနက်ဖန်အတွက် စားဖို့ဖူလုံသွားပြီ”
ဒါပေမယ့် ငါးကြီးက သူ့ရဲ့ပါးစပ်ကို ဟပြီး ပြောလိုက်တယ်။

“ငါ့ကို မသတ်ပါနဲ့၊ ငါ့ကို ရေထဲပြန်လွှတ်ပေးပါ၊ ငါအသက်ရှင်နေချင်သေးတယ်။”

“ဘယ်လို…”ဂိုပယ်က ပြောလိုက်တယ်။

“အနူးအညွတ်တောင်းပန်ပါတယ်ကွာ” ငါးက ပြောတယ်။

“မင်းကိုလွှတ်ပေးရင် ငါ့မိန်းမ ပျော်မှာမဟုတ်တော့ဘူး၊ ဒါပေမယ့်ကွာ”

ဂိုပယ်ကပြောတယ်။

“ငါ့အကြောင်း သူ့ကို ပြောပြလိုက်ပါကွာ” ငါးကပြောတယ်။ “ဒါပေမယ့် ကျေးဇူးပြုပြီး
ငါ့ကို ရေထဲ ပြန်လွှတ်ပေးပါနော်”

ဂိုပယ်က ငါးကြီးကို ရေထဲပြန်လွှတ်ပေးလိုက်ပါတယ်။ သူဟာ ငါးတစ်ကောင်မှ မပါဘဲ အိမ်ကို ပြန်သွား ခဲ့ပါတယ်။

“ဒီနေ့ ငါးမရခဲ့ဘူး…ဟုတ်လား ဂိုပယ်” နာတာကီကပြောတယ်။

“ငါးအကြီးတစ်ကောင်တော့မိပါတယ်၊ ဒါပေမယ့် ရေထဲကို ပြန်လွှတ်ပေးခဲ့တယ်”

“ဘာကြောင့်လဲ”

“ငါ…မြစ်ထဲကို လွှတ်လိုက်ပါတယ်”

“ရှင်က ငါးအကြီးတစ်ကောင်ကို မိတယ်၊ ဒါပေမယ့် ရေထဲကို ပြန်လွှတ်ပေးလိုက်တယ် ဟုတ်လား၊
ဒါဆို ငါတို့ ဘာနဲ့သွားစားမှာလဲ”

“ငါးကြီးကပြောတယ်”

“ဘာပြောတာလဲ”

“မင်းကိုပြောပေးပါတဲ့”

“ဘာများလဲ”

“မနက်ဖန်မနက် မြစ်ကို သွားမယ်။ ငါးကြီး ပိုက်ထဲမှာ မိနေရင် တစ်ခုခုတော့ မေးကြည့်ရမယ်။”

“ဘာများမေးချင်တာလဲ”

“စားစရာရယ်၊ ငါ့အတွက် အနီရောင်ဝတ်စုံလေးရယ်” နာတာကီက ပြောတယ်။


xxxxx


ထို့ကြောင့် ဂိုပယ်သည် ထိုနေ့နံနက်တွင် မြစ်ကိုသွားသည်။ ကြီးမားသောငါးကြီးက သူ၏ပိုက်ထဲကို ခုန်ဝင်လာသည်။

“အမိန့်ရှိပါခင်ဗျာ” ငါးကြီးကပြောသည်။

“နာတာကီက စားစရာရယ်၊ အနီရောင်ဝတ်စုံအသစ်ကလေးရယ် အလိုရှိပါသတဲ့ခင်ဗျာ”

“ငါ့ကို ရေထဲပြန်လွှတ်ပြီး အိမ်ကိုပြန်သွားပါ ဂိုပယ်”

ဂိုပယ် အိမ်ကို ပြန်သွားတယ်။ စားပွဲပေါ်မှာ စားစရာရယ်၊ အနီရောင်ဝတ်စုံလေးဝတ်ထားတဲ့ နာတာကီ
ရယ်တွေ့လိုက်ရတယ်။ “လှတယ်နော်” ဂိုပယ်ကပြောလိုက်တယ်။

“အခု မင်းပျော်နေမှာပေါ့နော်”

“မပျော်ပါဘူး၊ ညနေစာအတွက် ဟင်းကောင်းကောင်းနဲ့ စားချင်တယ်၊ နေ့တိုင်း အ၀တ်အစား အသစ်လိုချင်တယ်၊
မနက်ဖန် ငါးကြီးကို ပြောပေးပါနော်”

ဒီတော့ ဂိုပယ်ဟာ မနက်ခင်းမှာ မြစ်ကိုသွားတယ်။ ငါးကြီးကလည်း သူ့ပိုက်ထဲကို ခုန်ဝင်လာတယ်။

“ဘာအလိုရှိပါသလဲ”

“နာတာကီက ညနေစာ ဟင်းကောင်းကောင်းနဲ့စားချင်တယ်၊ နေ့တိုင်း အ၀တ်အစားအသစ် လိုချင်ပါတယ်တဲ့”

“သူ အရာရာတိုင်းကို လိုချင်လို့မရပါဘူး” ငါးကြီးကပြောတယ်။

“ငါသိပါတယ်” ဂိုပယ်ကပြန်ပြောတယ်။

“ငါ့ကို မြစ်ထဲ ပြန်လွှတ်ပြီး အိမ်ကိုပြန်ပါတော့”

ဂိုပယ် အိမ်ကိုပြန်ရောက်တော့ စားပွဲပေါ်မှာ ဟင်းကောင်းကောင်းနဲ့ညစာရှိနေတယ်။ နာတာကီကလည်း
အပြာရောင်ဝတ်စုံအသစ်ကလေးဝတ်လို့ပေါ့။

“လှတယ်နော်၊ အခုတော့ ပျော်နေပြီပေါ့နော်” ဂိုပယ်က ပြောတယ်။

“မပျော်ပါဘူး”

“ဘယ်အတွက်ကြောင့်လဲကွယ်”

“ငါ အိမ်အကြီးတစ်အိမ်လိုချင်တယ်၊ စားပွဲနဲ့ထိုင်ခုံအသစ်တွေ လိုချင်တယ်၊ ငါးကြီးကို ပြောပေးပါ”

ဒီလိုနဲ့ ဂိုပယ်ဟာ မနက်ပိုင်း မြစ်ကို သွားတော့ ငါးကြီးကလည်း သူ့ပိုက်ထဲကို ခုန်ဝင်လာတယ်။

“ပြောပါ…ခင်ဗျာ”

“နာတာကီက အိမ်အကြီးတစ်လုံး၊ စားပွဲနဲ့ထိုင်ခုံအသစ်တွေ လိုချင်နေပါတယ်”

“သူ အရာရာတိုင်းကို လိုချင်လို့မရပါဘူး”

“ငါသိပါတယ်” ဂိုပယ်ကပြန်ပြောတယ်။

“ငါ့ကို မြစ်ထဲ ပြန်လွှတ်ပြီး အိမ်ကိုပြန်ပါတော့”

ဂိုပယ် အိမ်ကိုပြန်သွားတယ်။ နာတာကီက အဖြူရောင်ဝတ်စုံလေးဝတ်လို့ လက်တင်ထိုင်ခုံလေး
ပေါ်မှာ တွေ့လိုက်ရတယ်။

“အခုတော့ ပျော်ပြီပေါ့နော်”

“မပျော်ဘူး”

“မင်း မလိုချင်တာ ဘာမှမရှိပါလား”

“မရနိုင်ဘူးလား၊ အခု အိမ်အကြီးတစ်လုံး၊ မိန်းကလေး နှစ်ယောက်၊ ယောက်ျားလေးတစ်ယောက် စုစုပေါင်း
သုံးယောက်ကို ငါ့အလုပ်တွေအတွက် အိမ်အကူလိုချင်တယ်၊ ငါ ဘာလို့ မလုပ်နိုင်ရမှာလဲ”


xxxxx


ဂိုပယ်ဟာ မနက်ကျနော့ မြစ်ကိုသွားတယ်။ ငါးကြီးကလည်း သူ့ပိုက်ထဲကို ခုန်ဝင်လာတယ်။

“ဘာအလိုရှိပါသလဲခင်ဗျာ”

“အစေခံလိုချင်တယ်တဲ့”

“ဘယ်နှစ်ယောက်လဲ”

“မိန်းကလေး နှစ်ယောက်၊ ယောက်ျားလေး တစ်ယောက်ပါ”

“ငါ့ကို မြစ်ထဲ ပြန်လွှတ်ပြီး အိမ်ကိုပြန်ပါတော့”

ဂိုပယ် အိမ်ကို ပြန်သွားတယ်။ နာတာကီ ကို အစေခံ သုံးယောက် နဲ့တွေ့လိုက်ရတယ်။

“အခုတော့ မင်းမပျော်ဘူးလား” ဂိုပယ်ကမေးလိုက်တယ်။

“မပျော်ပါဘူး”

“ဘာကြောင့် မပျော်တာလဲ”

“ငါ ငွေလိုချင်တယ်၊ အစေခံတွေအတွက် ငွေလိုတယ်၊ ငါ့နားအတွက် နားကွင်းလေးလဲ လိုချင်တယ်”

ဂိုပယ် မနက်ရောက်တော့ မြစ်ကိုသွားတယ်၊ ငါးကြီးကလည်း ပိုက်ထဲကို ခုန်ဝင်လာတယ်။

“ပြောပါ”

“အစေခံတွေအတွက် ငွေလိုချင်တယ်၊ နောက်ပြီး နားကွင်းလည်းလိုချင်တယ်”

“သူ အရာရာတိုင်းကို လိုချင်လို့မရပါဘူး” ငါးကြီးကပြောတယ်။

“ငါသိပါတယ်” ဂိုပယ်ကပြန်ပြောတယ်။

“ငါ့ကို မြစ်ထဲ ပြန်လွှတ်ပြီး အိမ်ကိုပြန်ပါတော့”

ဂိုပယ် အိမ်ကို ပြန်သွားတယ်။ နာတာကီ ထံမှာ ငွေ အတော်များများရှိနေတယ်။ နောက်ပြီး နားကွင်း
အသစ်ကလေးလည်း ပန်ထားတယ်လေ။

“လှတယ်နော်၊ အခုတော့ အများကြီးးပျော်ရပြီပေါ့၊ မင်းအလိုရှိတိုင်းရနေတာကိုး”

“မပျော်ဘူး”

“ဘာ”

“ငါ…ဒီနိုင်ငံကြီးကို ပိုင်ဆိုင်ချင်တယ်၊ အရာရာငါ့အတွက်ဖြစ်ရမယ်၊ ဒီနိုင်ငံရဲ့ ဘုရင်မ ဖြစ်ရမယ်”

“မင်းဟာ ငါ့ရဲ့ ဘုရင်မပါ”

“ငါ ဒီနိုင်ငံကြီးရဲ့ ဘုရင်မဖြစ်ချင်တယ်၊ မနက်ဖန်မနက် ငါးကြီးကို သွားပြောပေးနော်”


xxxxx


မနက်ကျတော့ ဂိုပယ်က မြစ်ကိုသွားတယ်။ ငါးကြီးကလည်း သူရဲ့ပိုက်ထဲကို ခုန်ဝင်လာတယ်။

“ပြောပါခင်ဗျာ”

“သူက ဒီနိုင်ငံရဲ့ဘုရင်မဖြစ်ချင်တယ်တဲ့”

ငါးကြီးက ဘာမှပြန်မပြောဘူး။

“ငါသိပါပြီ၊ သူလိုချင်တာမှန်မသမျှ မရနိုင်ပါဘူး” ဂိုပယ်ကပြောတယ်။

“မှန်တာပေါ့” ငါးကြီးကပြောတယ်။

“ငါ့ကို ရေထဲပြန်လွှတ်ပြီး၊ မင်း အိမ်ကိုသာ ပြန်ပါတော့ ဂိုပယ်ရယ်”

“ဟုတ်ကဲ့”

“နှုတ်ဆက်ခဲ့ပါတယ်” ငါးကြီးကပြောတယ်။

ဂိုပယ်အိမ်ကိုပြန်လာခဲ့တယ်။ နာတာကီ အိမ်အိုကြီးထဲမှာ ရှိနေတယ်။ သူ့မှာ စားစရာလဲမရှိဘူး။ အ၀တ်အစား
အသစ်လဲမရှိဘူး။ စားပွဲ၊ ကုလားထိုင်အသစ်လဲမရှိဘူး။ ညစာလဲမရှိဘူး။ ဘာဆို ဘာမှ မရှိဘူး။

သူမက ဂိုပယ်ကို ကြည့်လိုက်တယ်။

“မြစ်ကို အခုပြန်သွား” နာတာကီကပြောလိုက်တယ်။

ဂိုပယ် မြစ်ကို သွားခဲ့တယ်။ ဒါပေမယ့် ငါးကြီး အဲဒီနေရာမှာ ရှိမနေဘူး။ ငါးကြီးဟာ ဘယ်တော့မှ သူ့ရဲ့ပိုက်ထဲကို
ခုန်မ၀င်လာတော့ဘူးတဲ့ကွယ်။

ဒီပုံပြင်လေးကနေ ကျွန်တော်တို့ကို အလိုကြီးရင် အရနည်းတယ်ဆိုတဲ့သင်ခန်းစာတွေ အများကြီးပေးထားခဲ့ပါတယ်
တစ်ခုခုကိုရခဲ့ရင်  မတင်းတိမ်နိုင်ပဲလိုချင်တတ်တာလူ့သဘာဝပါ သို့ပေမဲ့ အလိုကြီးတဲ့အခါကျရင် ကိုယ်အရင်က
ရှိခဲ့ဖူးတဲ့အရာတွေပါ တစ်ချိန်တည်းမှာ ပျောက်ကွယ်သွားနိုင်ပါတယ်ဒါကြောင့်မို့လို့ သူငယ်ချင်းတို့တွေအကုန်
လုံးလဲ ကိုယ်ရနိုင်တဲ့ အရာထိ ရအောင်ကြိုးစားပြီး အလိုလောဘမကြီးကြပါနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့