ရင်ထဲက ပန်းကျောင်း
(တက္ကသိုလ်)
ဆယ်စုနှစ်တခုပြောင်း အချိန်တွေနှောင်းခဲ့ပေမယ့် တက္ကသီလာက မဟောင်းနွမ်းသေးဘူးလေ... ဖြစ်နိုင်ရင်..ဆယ်နှစ်လောက်ပြန်ငယ်ချင်တယ်.. ဖြစ်နိုင်ရင်.. ငါ့ပုခုံးမှာ လွယ်အိတ်တလုံးပြန်လွယ်ချင်တယ်... ဖြစ်နိုင်ရင်..အဆောင်သူရှေ့မှာ ဂစ်တာတီးလို့ ငါအလွမ်းသီချင်း ကျောင်းသီချင်းနဲ့ ညည်းချင်တယ်..။
တချိန်က ငါ့ရဲ့ ပန်းကျောင်း.. တချိန်က ငါ့ရဲ့ နှလုံးသားကျောင်း.. တချိန်က ငါ့ရဲ့ ဖြူစင်ဆုံး သူငယ်ချင်းတွေ... တချိန်က ငါ့ရဲ့ ...ဘယ်ဘက်ရင်အုံမှာ ကဗျာစာအုပ်တွေ...့ ပလူပျံမြူးခဲ့တာလည်း မှတ်မိတယ်..။ တစ်လမ်းဆီခွဲ..တစ်နယ်ဆီပြောင်း တအိမ်သူထောင်လို့ ဘဝလမ်းချိုးကြီးထဲ ကွေ့ကွေ့ကောက်ကောက် အစဉ်မကျ.. အရောမဝင်အထာမကျ ငါတို့ကျင်လည်နေရပြီလေ...။
ပြန်တွေးရင်အသစ် ၊မနေ့ကအဖြစ်တွေလိုပဲ ရင်မှာထင်ကျန်ဆဲ ပျော်မြူးခဲ့သော မြေ.. ကန့်ကော်မဝေပေမယ့် ပိတောက်တွေလှိုင်ဝေတဲ့ တက္ကသီလာ။ မြေနီလမ်းမရှိပေမယ့် ဖုန်ထူထူလမ်းလေးမှာ ငါတို့ ခြေဖဝါးတွေ ခြေကျူးရဲကြတဲ့ တက္ကသီလာ..။ ဂျပ်ဆင်ထိပ်လို အလှတရားတွေမကြွယ်ပေမယ့် သဘာဝတရားတွေနဲ့ တည်ငြိမ်နေတဲ့ တက္ကသီလာ...။ ကန်ရေပြင်မရှိပေမယ့် ခိုလှုံစရာ သပြေဝဘုရားဘေးမှာ ငါတို့ချွေးသိပ်စကားဆိုကြသော တက္ကသီလာ..။ ကော်ရစ်တာဘေးမှာ ပျော်စရာအတွေးတွေနဲ့ ဖြူစင်စွာ ပုခုံးဖက်လို့ ..ငါတို့ မြူးထူးပျော်ပါးခဲ့သော တက္ကသီလာ...။
လွမ်းပါ၏...တက္ကသီလာ... ဆွေးပါ၏..တက္ကသီလာ.. ရင်ကွဲသံတွေ နားထောင် ရွှင်မြူးသံတွေ ညံဝေ... ဝင်လာသမျှကို မင်္ငြီးမငြူ ၊မပြောင်းမလဲ ဘဝရဲ့ အမှတ်တရတွေ ၊ တစ်သက်စာတွက် မမေ့လျော့စေခြင်းတို့ကို နှလုံးသားထဲနစ်နစ် စူးနစ်ဝင်စေတဲ့ တက္ကသီလာ...။
လောကအကွေ့..လူတွေရဲ့အကောက်နဲ့ေ တွ့တော့ တက္ကသီလာ..နင်ရင်ခွင်အရိပ်ခိုလှုံခဲ့သော နေ့ရက်တွေထဲ တွေးလိုက်တော့... ဆယ်စုနှစ်နီးပါ ငါပြန်ငယ်သွားသလားထင်ပါတယ်.. ဒါဟာ နင်ရဲ့နုပျိုခြင်းဂုဏ်.. နင်ရဲ့ ရှင်းသန့်ခြင်း သစ္စာ... နင်ရဲ့အေးချမ်းခြင်း ဂီတ. ငြိမ့်ငြိမ့်လေး နဲ့ငါမျက်လုံးမှေးလို့ နားဆင်ချင်ပါသေးတယ်။ အို..တက္ကသီလာ... နင်ကိုခွဲသွားတုန်းကလည်း.. ရင်နဲ့မချီ့ နင်နဲ့ဝေးခဲ့တော့လည်း.. ရင်၌မပြေ ..ဘယ်လိုဖြေရမလည်း..တက္ကသီလာ။
တနယ်တော့ပြောင်းခဲ့ပါရဲ့.. သူကောင်းမဖြစ်ခဲ့တာတော့..နင်သိလား.. နင်ပေးတဲ့အနမ်းတွေနဲ့ သူတို့နမ်းတဲ့နူတ်ခမ်း... ငါအလွမ်းချင်းထပ်ကြည့်တော့... ခပ်ခါးခါးတွေပဲ တွေ့ရတယ်။
ဝေးခဲ့ပေမယ့် မမေ့ခဲ့နိုင်တာ...နင်ပါ။ ခွဲခဲ့ပေမယ် နီးလျတ်ရှိနေဆဲက ...နင်ပါ..။ အခါတပါးငါပြန်ရောက်သွားခဲ့ရင်.. အရင်လိုပဲ..နင်ကြိုဆိုနိုင်ဦးမှာ လား....တက္ကသီလာ..။
No comments:
Post a Comment