တိတ်တိတ်လေးကြေကွဲတတ်တဲ့ကောင်းကင်ထဲ
ဝဲပျံအတောင်ပံခတ်လို့ 
မဖတ်လိုက်ရတဲ့ စာမျက်နှာတွေအကြောင်းတွေးတယ်။
ရင်ခုန်ဖက်ဆိုတာ
လေဟုန်မှာ တစ်ကောင်တည်းပျံတတ်တဲ့ ကိုယ့်အတွက်တော့
မသက်ဆိုင်ခြင်းလို့ ပဲ အနက်ထွက်တယ်။
ကိုယ့်မြတ်နိုးခြင်းက
ဂုဏ်ဓနမဲ့ရပ်ဝန်းမှာ မွေးဖွားရှင်သန်တယ်။
အထီးကျန်ခြင်းမီးက
လေဆန်မှာပျံရတဲ့ခရီးတွေလို
ခက်ခဲကြမ်းတမ်း ပေမယ့်
အဲဒီ ခယောင်းလမ်းက
ကိုယ့်အတွက်တော့ ပန်းခင်းတဲ့လမ်းဖြစ်တယ်။
ပျံနိုင်သမျှ မြင့်မြင့်ပျံတယ်။
သွားနိုင်သမျှ ဝေးဝေးသွားတယ်။
နားနိုင်သမျှ ကောင်းကောင်းနားတယ်။
ကာလံ ဒေသံအလိုက်
ညီလျောလိုက်ထွေ ရှင်သန်နေတတ်မှ
ဘ၀က မြတ်တယ် ဆိုတော့လည်း
ရေလို အရပ်မှာ ရေလိုကျင့်
နေလို အရပ်မှာ နေလိုကျင့်
တဖြည်းဖြည်းနဲ့ 
ကိုယ်ပျံသန်းနေတဲ့ကောင်းကင်က
နေမြင့်ခဲ့ပြီ......။
No comments:
Post a Comment