Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 April 2012

ရည်းစားထားတာ ကောင်းတယ်

“ရည်းစားထားတာ ကောင်းတယ်”
ဟုတ်ပါတယ် သူငယ်ချင်းတို့ရေ ။ ရည်းစားထားတာ ကောင်းလား မကောင်းလားလို့မေးရင် ရည်းစားထားတာကောင်းတယ်လို့ ဖြေမိမှာပါပဲ။ ယေဘုယျကျကျပဲ စဉ်းစားကြည့်လေ။ ရည်းစားထားတာ ကောင်းလို့ပဲ ဒီခေတ်လူငယ်တွေထဲမှာ အယောက်တစ်ရာမှာ ကိုးဆယ့်ကိုးယောက်လောက်က ရည်းစားထားနေကြတာပေါ့။ မကောင်းဘူးထင်ရင် ဘယ်သူထားကြမလဲ။ ကဲ မကောင်းတဲ့ကြားထဲက မကောင်းမှန်းသိရဲ့နဲ့ လုပ်နေတာဆိုရင်တောင် လူတစ်ရာမှာ ကိုးဆယ့်ကိုးယောက်လောက်က လုပ်ပါ့မလား။ ရှင်းရှင်းလေးပါပဲ။ ရည်းစားထားတာ ကောင်းလို့ ရည်းစားထားနေကြတာပေါ့။

ဘဝမှာ လူရယ်လို့ဖြစ်လာရင် ရည်းစားလေးတော့ ထားဖူးမှပေါ့။ သူငယ်ချင်း အချင်းချင်းမှာတောင် ရည်းစားမရှိရင် မျက်နှာငယ်ရသေးတာနော့။ သူတို့က သူတို့ရည်းစားအကြောင်းပြောနေချိန်မှာ ကိုယ်က မျက်နှာငယ်လေးနဲ့ နားထောင်နေရမှာလေ။ ကိုယ့်မှာ ရည်းစားမရှိရင် ကိုယ်ကပဲ အစွမ်းအစမရှိသလိုလို ၊ ပုံမလာသလိုလို နဲ့ နှိမ်ချင်ကြသေးတာလေ။ ရည်းစားရှိရင်တော့ ငါ့ကောင်မလေးကလေ ငါ့ရည်းစားလေးကလေနဲ့ သူ့အကြောင်းပြောနေရတာကို ကိုယ့်အတွက် ချိုမြိန်ခြင်းတွေနဲ့ ပျော်စရာအတိဖြစ်နေမှာ။
သူငယ်ချင်းတို့လည်း ရည်းစားမရှိရင် တစ်ယောက်လောက်တော့ အမြန်ရှာဖို့လိုမယ်ထင်ပါတယ်။ အချစ်ရှိတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ ကိုယ့်ဘဝရဲ့ခံစားချက်နဲ့ အချစ်မရှိတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်ကို နှိုင်းယှဉ်လို့ ရအောင်လေ။ အင်း ဒီနေရာမှာ တစ်ခုပြောချင်တာက တချို့က ချစ်သူနဲ့ရည်းစား မတူဘူးလို့ ဆိုပါတယ်။ ချစ်သူဆိုတာ တကယ်ချစ်တဲ့သူ ရည်းစားဆိုတာ အပျော်ထားတဲ့။ ညီမကတော့ ခုလက်ရှိလူငယ်တွေရဲ့ ရေစီးကြောင်းအရပေါ့နော်။ သူတို့ပြောပြောနေကြတဲ့ ငါ့ကောင်မလေး ငါ့ရည်းစား ငါ့ဘဲ ငါ့အဆက် ငါ့ကောင်လေး ဒါတွေအကုန်လုံးကို ချစ်သူ စာရင်းထဲထည့်ပါတယ်။ ဘာလို့လဲဆိုတော့ ရှင်းရှင်းလေးပါပဲ။ လူတစ်ယောက်ကို ရည်းစားတော်တယ် ဆိုတည်းက ကိုယ်ချစ်ခင်နှစ်သက်တဲ့သူကိုပဲ ရည်းစားတော်မှာပေါ့။ ဒါကြောင့်မို့ ဒီနေရာမှာ ချစ်သူနဲ့ ရည်းစားကို တစ်တန်းတည်း သတ်မှတ်ပေးစေချင်ပါတယ်။
ရည်းစားထားတာရဲ့ ကောင်းချက်တွေကတော့ အများကြီးပေါ့။ အဲ့ဒီထဲကမှ အကောင်းဆုံးအချက်ကတော့ ရည်းစားရှိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ရဲ့ခံစားချက်ပေါ့ ဥပမာအားဖြင့်-  သာယာခြင်း၊ ပျော်ရွှင်ကြည်နူးခြင်း၊ လောကကြီးကို ပိုပြီး အကောင်းဘက်က ရှု့မြင်တက်လာခြင်း၊ အရာရာဟာ အရင်ကထက်ပိုပြီး ကိုယ့်ဘဝအတွက် အဓိပ္ပါယ်ရှိပြီး ပြီးပြည့်စုံလာခြင်း ................ အစရှိသဖြင့်ပေါ့ ပြောရရင်တော့ ပြောလို့ကုန်မှာ မဟုတ်တော့ပါဘူး။ အဲ့ဒီခံစားချက်က ငွေနဲ့ပေးဝယ်လို့ မရဘူးနော်။ ဘာနဲ့မှလည်း မတူဘူး။ ဘယ်သူငယ်ချင်း မိဘဆွေမျိုးဆီကမှလည်း အဲ့လိုခံစားချက်ရမှာ မဟုတ်ဘူး။ မိဘတွေကို စော်ကားတာမဟုတ်ဘူးနော်။ ထူးခြားဆန်းကြယ်တဲ့ တစ်ထောင့်ငါးရာ အချစ်ရဲ့ အနှစ်သာရကို ပြောပြတာပါ။
ရည်းစားရှိခြင်းအားဖြင့် ကိုယ့်ကို ဂရုတစိုက်စောင့်ကြည့်နေတဲ့လူတစ်ယောက်ရှိလာတာကြောင့် ကိုယ့်အတွက် ပိုကောင်းလာတာတော့ အမှန်ပဲ။ ပုံမှန်ဆေးလိပ်အများကြီး သောက်နေကျကို ကောင်မလေးက သိပ်မသောက်ပါနဲ့ဆိုလို့ လျှော့သောက်တော့ ဘယ်သူအကျိုးရလဲ။ ကိုယ်ပဲ အကျိုးရှိတာမဟုတ်လား။ အဲ့ဒီလိုမျိုး ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုလိုက်တားမြစ်နေတာလေးကပဲ ကိုယ့်အတွက်တော့ ကျေနပ်စရာ ပီတိဖြစ်စရာလေးပေါ့။ ဘာပဲပြောပြော ကိုယ့်ကို ဂရုတစိုက်ရှိတဲ့လူတစ်ယောက်ရှိလာတော့ ကိုယ့်အတွက် အဝတ်အစားကအစ အနေအထိုင် စားတာသောက်တာက အဆုံး ပိုပြီး သပ်သပ်ရပ်ရပ်ဖြစ်လာမှာပဲ။ အဲ့လိုအခါမျိုးမှာ သူငယ်ချင်းတွေက မင်းကွာ မရခင်တည်းက ကြောက်နေပြီ မမိုက်ပါဘူးကွာ ဆိုပြီး လာပြောရင် အော်သာရယ်ပစ်လိုက်။ ကျိန်းသေတယ် သူတို့တွေကိုယ့်ကို မနာလိုဖြစ်နေကြတာ။
နောက်ပြီးတော့ ရည်းစားဆိုတာ ဘဝအတွက်တော့ အားတစ်ခုပဲလို့ ညီမကတော့ထင်တယ်။ လူဆိုတဲ့ အမျိုးကလည်း ခက်သားလား။ တစ်ခါတစ်ရံ ကိုယ့်အတွက်တောင် ကိုယ်မလုပ်ချင်ပေမဲ့ ကိုယ်ချစ်ရတဲ့သူအတွက် ဆိုရင်တော့ အလိုလို အားတွေဖြစ်ပေါ်လာတတ်တယ်လေ။ ကိုယ့်မှာဘယ်လောက်အခက်အခဲရှိရှိ ကိုယ်ချစ်ရတဲ့သူသာ အနားမှာရှိနေရင် အရာအားလုံးကို အောင်မြင်စွာကျော်ဖြတ်နိုင်မှာပါ။ အဲ့ဒါကြောင့်မို့လည်း အိုမာခယမ်က
“ဒုက္ခနှင့် တစ်ခါကြုံတိုင်း
ချစ်သူလက်ကိုတစ်ခါကိုင်ပါရစေ” လို့ ရေးခဲ့ဖူးတာပေါ့။
ညီမကတော့လေ ရည်းစားလေးမှ မထားဖူးရင် လူဖြစ်ရကျိုးမနပ်ဘူးလို့တောင် ပြောလိုက်ချင်သေးတယ်။
ရည်းစားထားလို့ အသဲကွဲရတယ် ၊ မကောင်းဘူး ဘာညာပြောနေတာတွေလည်း ကြားဖူးပါတယ်။ ဒါပေမဲ့ အသဲကွဲတယ်ဆိုတာကလည်း အရသာတစ်မျိုးပဲလို့ ညီမကတော့ ဆိုချင်တယ်။ ဟိုတစ်လောကတောင် စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးလိုက်တယ်။ “ခေတ်မီသူတိုင်း အသဲကွဲကြသည်” ဆိုပဲ။ အသဲကွဲဖူးမှလည်း လူဟာပိုရင့်ကျက်လာသလို ရှိတတ်ကြတာမဟုတ်လား။ အဲ့ဒီအသဲကွဲတာကိုလည်း ငွေနဲ့ပေးဝယ်လို့ မရဘူးနော်။ ပိုက်ဆံဘယ်လောက်ရှိရှိ ငါအသည်းကွဲချင်တယ်ကွာဆိုတိုင်း ကွဲလို့ရတာမဟုတ်ဘူး။ ရည်းစားရှိမှသာ အသဲကွဲခွင့်ရှိတာ။ တချို့ဆို အသဲကွဲလို့ စာတွေရေးရင်း ကဗျာတွေရေးရင်း စာရေးဆရာဖြစ်သွားတာတွေတောင် ရှိကြသေးတာလေ။ ရည်းစားထားခြင်းရဲ့အကျိုးပဲပေါ့။
အဲ ဒီနေရာမှာ သတိရလို့ အဒေါ်အပျိုကြီးတစ်ယောက်အကြောင်း ပြောပြရဦးမယ်။ သူက အသက် လေးဆယ်ကျော်လောက်ပေါ့။  သူ့ကို ကြိုက်မယ့်လူမရှိလို့ ရည်းစားမရှိလို့ အပျိုကြီးဖြစ်တာပေါ့နော်လို့ ပြောရင် စိတ်ဆိုးလို့မပြီးတော့ဘူး။ ဘာလို့ရည်းစားမရှိရမှာလဲ ရှိတာပေါ့။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့အေ ကံမဆုံလို့ပေါ့ ဆိုပြီးတော့ တစ်ခါတစ်လေ စိတ်လိုလက်ရများရှိရင် သူ့ရည်းစားအကြောင်း ပြောပြပါလေရော။ အဲ့လိုအချိန်မျိုးဆိုရင်လေ အဒေါ့်မျက်နှာက ပြုံးယောင်လေးများသန်းပြီး ကြည်နူးနေတဲ့ အရိပ်အယောင်တွေနဲ့ပေါ့။ ခါတိုင်းမျက်နှာမျိုးနဲ့တော့ အကွာကြီးကွာပါ့။
ပြီးတော့ အဲ့အဒေါ်က ညီမတို့ကို ပြောသေးတယ်
“ညဉ်းတို့လည်း အရွယ်ရှိတုန်း ရည်းစားလေးဘာလေးထား။ ဒါဟာ လူ့ဘဝမှာ ရှိသင့်တဲ့ ခံစားမှု့တစ်ခုပဲ”တဲ့။
အဒေါ့်ကိုကြည့်ပြီး ညီမလည်း တွေးမိတယ်။ ရည်းစားဆိုတာ တကယ်ထားသင့်တာပဲလို့။ ဟုတ်တယ်လေ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ကိုယ်တွေက ငယ်ရာကနေ ကြီးလာကြမှာ။ အဲ့ဒီအချိန်ကျလို့မှ ကိုယ့်ထက်ငယ်တဲ့လူတွေက ရည်းစားထားတဲ့အတွေ့အကြုံလေးသိချင်လို့ ပြောပြပါဆိုရင်တောင် မပြောပြနိုင်ရင်တော့………………………. အမလေးနော် အဲ့ဒီကိုယ့်ထက်ငယ်တဲ့လူတွေက ကိုယ့်ကိုဝိုင်းပြီးပြောင်ကြလှောင်ကြလိုက်မယ့်ဖြစ်ခြင်း။
ဒါ့အပြင် ရည်းစားထားတော့မှပဲ လူ့သဘောသဘာဝကို ပိုနားလည်လာပြီး နောင်တစ်ချိန် ကိုယ်အိမ်ထောင်ပြုတဲ့အချိန်ရောက်ရင် ကိုယ့်ဘဝအတွက် အကောင်းဆုံးလက်တွဲဖော်ကို မှန်မှန်ကန်ကန် သိရှိလက်တွဲနိုင်လိမ့်မပေါ့။

အရာရာမှာ တစ်ဖက်စွန်းရောက်လွန်းရင်တော့ မကောင်းဘူးလေ။ အဲ့ဒီတော့ ကိုယ့်မှာရှိတဲ့ ဆင်ခြင်ဥာဏ်လေးကို သုံးပြီးတော့ မမှားသင့်တာ မမှားရအောင် သတိလေးကပ်ပြီးတော့ ရည်းစားထားရင်တော့ အကောင်းဆုံးပါပဲ။
ကဲ အခုဆိုသင်္ကြန်တောင်ရောက်တော့မယ်နော်။ သီချင်းလေးတောင် ကြားဖူးသေး
“ဒီသင်္ကြန်မှာ အားလုံးကဲလိုက်ကြမယ်………
ဒီအချိန်မှာ ရည်းစားလေးတစ်ယောက်တော့ လိုပါတယ်…………………”တဲ့။

သင်္ကြန်လည်တာချင်းအတူတူတောင် ရည်းစားမရှိတာနဲ့ ရှိတာနဲ့တော့ အပုံကြီးကွာတာလား။ ရည်းစားရှိရင်တော့ ကိုယ့်ရည်းစားလေးနဲ့အတူ သင်္ကြန်လည်ဖို့ မလည်ခင်ကလည်း ရင်ခုန်ရမယ် လည်နေတုန်းလည်း စိတ်လှုပ်ရှားပြီး ပျော်ရွှင်ရမယ် လည်ပြီးတော့လည်း ပြန်တွေးပြီး ကြည်နူးစရာချည်းပဲ။

ရည်းစားမရှိတဲ့လူတွေများတော့ သင်္ကြန်မှာ နောက်နေကျစာသားလေး အတိုင်းပေါ့
“သူများပျော်လို့ မပျော်နိုင် ရည်းစားမရှိလို့မှိုင်” တဲ့။ အဲ့ဒီတော့ ရည်းစားရှိတာဟာ ကောင်းလား မကောင်းလားဆိုတာ အသိသာကြီးရယ်ပါ။
“ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်” ဆိုတဲ့စကားပုံအတိုင်းတော့ သူငယ်ချင်းတို့ကို ရည်းစားတစ်ထောင်ထားပါလို့ မတိုက်တွန်းလိုပါဘူး။ ဒါပေမဲ့ ဘဝမှာ လူရယ်လို့ ဖြစ်လာပြီးတော့မှ ဘာနဲ့မှမတူ တစ်မူထူးခြားဆန်းကြယ်တဲ့ တစ်ထောင့်ငါးရာ အချစ်ရဲ့ အနှစ်သာရကို ခံစားနိုင်ဖို့က ရည်းစားထားမှဖြစ်တာမို့ ရည်းစားထားတာကောင်းတယ်လို့ ညီမကတော့ အဆိုပြုလိုက်ရပါတယ်ရှင်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့