Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 4 April 2012

ရင်ခွင်ဦးက စောင့်လို့ကြိုနေမယ်

“နွေရောက်ပြီလေ၊
ရိုးတံကျဲကျဲ ပင်အိုတို့ အလှချင်းလည်းပြိုင်၊
လေရူးကလေးအဝေ့၊
ရွက်ဝါတွေ လိပ်ပြာတွေရယ်၊
အလှချင်းပြိုင်နေသလိုပေ”
အဝေးဆီက ဗစ်တာခင်ညိုရဲ့ သီချင်းသံက နားဆီကို ပျံ့နှံ့လာတယ်။
လေပူတစ်ချက်ဝေ့ကနဲ တိုက်တော့ ဆံနွယ်စတွေ လှုပ်ယမ်းသွားခဲ့တယ်။
ဒီလိုပါပဲ ဘ၀ဆိုတာဟာလည်း လေတစ်ချက်ဝေ့သလို ကိုယ်မခံစားနိုင်တဲ့အဖြစ်တစ်ခုခုနဲ့ ကြုံရရင် 
တစ်ခါတော့ လှုပ်ခါသွားတတ်စမြဲ မဟုတ်လား။
လေတစ်ချက်ဝေ့သလိုအဖြစ်မျိုးကို  ကိုယ့်ရင်က နားလည်တတ်အောင် လေ့ကျင့်ခဲ့ပေမယ့်
လေပူတစ်ချက်ဝေ့သလို ခံစားရဆိုးစေတဲ့ အဖြစ်ဆိုးမျိုးကိုတော့ ကိုယ်မခံစားနိုင်ပေဘူး။
ပူလောင်ပြင်းပြတဲ့နွေနဲ့ အရိပ်ကင်းမဲ့တဲ့ ကိုယ့်ဘ၀မှာ ရိုးတံကျဲကျဲ ပင်အိုတွေက လှနိုင်စရာ မရှိခဲ့ပါဘူး။
အလှချင်း ပြိုင်နိုင်စရာ ဝေလာဝေးပေါ့။ ရွက်ဝါတွေ၊ လိပ်ပြာတွေ ဘယ်လိုလှမှာလည်း။            
သြော် … ရက်စက်လိုက်ပါတဲ့ နွေရယ်။
……………………
အညာဆိုတာ နဂိုကမှ ပူလောင်ခြောက်သွေ့တဲ့ ရပ်ဝန်း။
ဒီလို နေရာဒေသမှာ နွေကာလဟာ ဘယ်လိုလှမှာတဲ့လည်း။
သစ်ရွက်မရှိတဲ့တမာပင်တွေ ဘယ်ညာယမ်းခါနေတဲ့နွေ၊
ညာသံပေးပြီး ပြေးလာတဲ့ သစ်ရွက် ခြောက်တွေ ဝေ့၀ိုက်သရမ်း ကြမ်းတမ်းတဲ့နွေ၊
အစိမ်းရောင်ကို ခ၀ါချထားတဲ့ ၀ါတာတာ ရိုး ပြတ်တောမှာ တံလျှပ်တွေထတဲ့နွေ၊
အထီးကျန်သူကို အလွမ်းတွေနဲ့ပူစေတဲ့ ‘အပူပေးတဲ့နွေ’ ၊
“ပူပါတယ်လို့ လူတကာလယ်လို့ မပြောရက်ဘူးလေ၊
အချစ်ဆုံးသူ ပေးသွားတဲ့နွေ၊
အချစ်ဆုံး သူ အဝေးသွားတဲ့နွေ” ဆိုတဲ့နွေ၊ သြော်…နွေရယ် …
ကိုယ့်ရင်ထဲမှာ အလွမ်းအဆွေးတွေဟာ ကုန်စရာအကြောင်းမမြင်တော့လည်း
နွေရက်တွေ သာ  မြန်မြန်ကုန်ဆုံးပါစေတော့လို့ ဆုတောင်းနေရုံကလွှဲပြီး
ဘာများတတ်နိုင်ဦး မှာတဲ့လည်း ကွယ်။
………………………
“အညာကို ဘယ်တော့မှ မလာဘူး” လို့ ပြောခဲ့တဲ့ မိနွေတစ်ယောက်
အခု အညာမှာ ရောက် နေတယ်ဆိုရင် မောင်ယုံမှာ မဟုတ်ဘူးဆိုတာ မိနွေ သိနေပါတယ်။
ဒါပေမယ့် မောင်ရယ်၊ ဘ၀ဆိုတာဟာ အကွေ့အကောက်များလွန်းလှတယ်ဆိုတဲ့ စကားလိုပဲ
အခု မောင့်ရဲ့မိနွေ အညာကိုရောက်နေတယ် မောင်ရေ။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတာ မိနွေကိုများဆိုတာလားလို့ တွေးနေမိတယ်မောင်ရေ။
အခု မိနွေရောက်နေရတဲ့နေရာ၊ မိနွေတာဝန်ထမ်းဆောင်ရတဲ့နေရာက မောင်နဲ့မိနွေတို့
အတူ ကျောင်းတက်ခဲ့ရတဲ့…၊ မောင်နဲ့မိနွေတို့ ချစ်ဇာတ်လမ်းလေးရှိခဲ့တဲ့…၊ေ
မာင်နဲ့မိနွေတို့ လမ်းခွဲခဲ့ကြတဲ့… မကွေးနည်းပညာတက္ကသိုလ်ပါဆိုရင် မောင်ပိုအံ့သြသွားမှာပါ။
တာဝန်နဲ့ဝတ္တရားတွေကို မငြင်းသာတဲ့ အစိုးရ၀န်ထမ်းတစ်ယောက်ရဲ့အဖြစ်မှာ‘အညာကို   
မလာချင်တာ’ ပြောခွင့်မသာပါဘူးမောင်။
ဒါကြောင့် ဘယ်တော့မှ မလာဘူးရယ်လို့ ဆုံးဖြတ်ထားတဲ့ အညာကို အခု ရောက်နေပါပြီ။
ဘယ်လိုပင်အားတင်းဖြေဖျောက်ပေမယ့် မရခဲ့ပါဘူးမောင်ရယ်။
မားမားမတ်မတ် ထန်းပင်ကြီးတွေကလည်း လွမ်းစေတယ်။
နီညိုညိုသဲလမ်းမှာ လမ်းလျှောက် သွားတော့ မောင့်ခြေသံကို ကြားနေတတ်ပြန်ရော။
မြို့ထဲကိုသွားမလို့ ကျောင်းကားအပြာ ကြီး တွေစီးတော့လည်း သတိရတာပါပဲမောင်ရယ်။
မောင်နဲ့မိနွေ အမြဲ နေ့လည်စာ စားနေကျ နတ်မောက်-ရေနံချောင်းလမ်းဆုံက
ထမင်းဆိုင်လေးဘက်ကိုတော့ ဘယ်လိုမှ ခြေဦး မလှည့် ဖြစ်အောင် အားတင်းနေရတုန်းပဲ။
……………………..
ကားပေါ်ကဆင်းဆင်းချင်း ဒေါ်ကြီးအေးနဲ့ မျက်နှာချင်းဆိုင်တိုးမိတော့
“နင်…နင်…မိနွေ…ခင်မြတ်နွေမဟုတ်လား” ဆိုပြီး  စကားတွေ ရွှန်းရွှန်းဝေအောင်
ပြောဆို၊ နုတ်ဆက်သွားသေးတယ်မောင်။
မောင်မှတ်မိတယ်မဟုတ်လား၊ ‘တမာရိပ်’ ထမင်းဆိုင်က ဒေါ်ကြီးအေးလေ။
သူကလည်း မိနွေကို မောင်ခေါ်သလို မိနွေလို့ပဲ ခေါ်တာလေ။
သူ မိနွေကို ပြန်တွေ့တာ ၀မ်းသာအားရ နုတ်ဆက်ခဲ့ပေမယ့် မောင့်အကြောင်းတစ်လုံး၊
တစ်ပါဒမှ ပြောမသွားခဲ့ဘူးမောင်။
ဒေါ်ကြီးအေးက မောင်တို့၊  မိနွေတို့အကြောင်းကို အကုန်သိထားတဲ့သူ မဟုတ်လား။
မောင်နဲ့မိနွေ လမ်းခွဲရတဲ့အကြောင်းစုံကို သိထားတဲ့ ဒေါ်ကြီးအေးက
“နင်တို့ကလည်းဟယ် … ညှိကြည့်ကြပါဦးလား” လို့ ပြောခဲ့တာကို သတိရသေးတယ်မောင်။
“မင်းနိုင်က သတ္တိမရှိဘူး၊ ကိုယ့်ချစ်သူကို လုပ်ကိုင်မကျွေးနိုင်ဘူးလား၊
မင်းယောက်ျား မဟုတ် ဘူးလား” လို့ မောင့်ကို ပက်ပက်စက်စက် ဆူခဲ့တာလေ။
မောင်ဘာတစ်ခုမှ ပြန်မပြောနိုင်ဘဲ ခေါင်းကြီးငုံ့ပြီးနေပြန်တော့ မိနွေ မောင့်ကို သနားလိုက် တာ။
ဒါပေမယ့် ဘာတတ်နိုင်မှာလည်းမောင်ရယ်။
မောင်က မိနွေကို မချစ်လို့မှ မဟုတ်တာဘဲ၊ မောင် မိနွေကို သိပ်ချစ်တယ်ဆိုတာ မိနွေ သိနေ တာဘဲ၊ အခြေအနေမပေးလို့ ဝေးကြရပေမယ့် မောင့်ရင်ထဲမှာ မိနွေ ထာဝရရှိနေမယ်ဆိုတာ မိနွေ
ယုံကြည်ပါတယ် မောင်ရယ်။
“ဒါပေမယ့်… မိနွေ အညာကို ဘယ်တော့မှ မလာတော့ဘူးမောင်” လို့တော့ မိနွေ ပြောဖြစ် အောင်
ပြောခဲ့သေးတယ်နှော်။
-----------------------
တကယ်တော့ မောင်နဲ့ မကွေးနည်းပညာတက္ကသိုလ်ဆိုတာ မိနွေရဲ့ ရင်ခွင်ဦးတွေပါမောင်။
စည်းကမ်းတင်းကျပ်တဲ့ မိဘနှစ်ပါး နဲ့ ညီမလေးကို မျက်စိအောက်က အပျောက်မခံတဲ့
အစ်ကိုတွေရဲ့ကြားမှာ အချစ်ဆိုတာ ဘာမှန်းမသိခဲ့တဲ့ မိန်းမငယ်လေးတစ်ယောက်၊
ကိုယ် ကိုယ်တိုင်က မောင်ငါးယောက်ကြားမှာ ယောက်ျားလေးလို နေခဲ့တဲ့ ကလေးမလေး
တစ် ယောက်ဟာ ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ်ရောက်မှ မောင်နဲ့တွေ့ခဲ့ရတာပါ။
ကျောင်းစတက်ရတဲ့နေ့က မျက်စိသူငယ်၊ နားသူငယ်နဲ့ ယောင်လည်လည်ဖြစ်နေတဲ့ မိနွေကို
မောင်ဘဲ အကူအညီတွေ ပေးခဲ့လို့ မောင့်အပေါ် သံယောဇဉ်တွယ်ခဲ့မိတာ မိနွေအမှားလား။
မောင်တို့ အညာနွေက အတော်ပူတာပဲနော်။ နေပူပူ၊ လေပူပူ၊ ရေပူပူမှာ ဘယ်လိုမှ နေသား
မကျနိုင်တဲ့ တောင်ပေါ်သူ မိနွေတစ်ယောက်  (မိန်းကလေးအဖော်မရှိသေးခင်) ကိုယ်ပူတွေ
အရမ်းကြီးပြီး ဖျားနေခဲ့တုန်းက မောင်ဘဲ ဆေးခန်းပို့ရ၊ ပြုစုခဲ့ရတော့ မောင့်အပေါ် အားကိုး မိတာ
မိနွေမှားသွားတယ်ဆိုမလား။
အချိန်တိုအတွင်းမှာ သံယောဇဉ်တွေငြိတွယ်ပြီး အချိန်တိုအတွင်းမှာ မောင့်ကို အလုံးစုံအား
ကိုးမိတဲ့ မိနွေပါမောင်။
ဟိုးအဝေးကနေ ကျောင်းလာတက်ရတဲ့၊ မိဝေးဖဝေး၊ ဆွေမျိုးသားချင်းဝေးတဲ့ မိနွေ
တစ် ယောက်အဖို့မှာတော့ ကိုယ့်ရဲ့ကိစ္စအ၀၀၊ အစစအရာရာ ကူညီခဲ့တဲ့မောင်ဟာ ရင်ခွင်ဦးပါ
မောင်ရယ်။
------------------------
အနားမှာ တစ်ဖ၀ါးမခွာ မောင်ရှိနေခဲ့တဲ့ မိနွေဘ၀ကို ပျော်စရာလို့ပဲ ထင်ခဲ့တယ်။ မိုးလင်းက  မိုးချုပ် မောင်နဲ့အတူသွား၊ မောင်နဲ့အတူစား၊ မောင်နဲ့အတူ ပညာသင်ခွင့်ရခဲ့တဲ့ မိနွေဘ၀ကို
လှပတယ်လို့ ယူဆခဲ့တယ်။ မောင်နဲ့အတူ မြသလွန်ဘုရားကို အတူတူဖူးရင်း ဆုတောင်း 
လှလှလေးတွေတောင်းပြီး ကြည်နူးခဲ့ကြတယ်။ မောင်နဲ့အတူ စံပြရုပ်ရှင်ရုံမှာ ကျောင်းပိတ်
ရက်တိုင်း ရုပ်ရှင်အတူကြည့်လို့ ရင်ခုန်ခဲ့ကြတာကို ဘ၀ရဲ့အရသာလို့ မှတ်ထင်ခဲ့ဘူးတယ်။
မောင်နဲ့အတူ ဗိုလ်ချုပ်ပန်းခြံမှာ တစ်နေကုန်ရတဲ့ နေ့တွေဟာ ပြည့်စုံတဲ့ ဘ၀ရဲ့ အစိတ်
အပိုင်းတွေလို့ အောက်မေ့ခဲ့ဘူးတယ်။
မောင့်ကိုပဲစိတ်ဝင်စားပြီး မောင့်ကိုပဲ အာရုံရောက်နေခဲ့တဲ့ မိနွေတစ်ယောက် ဒုတိယနှစ်ကျ တာ
မဆန်းပါဘူးမောင်။ ဒါပေမယ့် ဆန်းတာက မောင့်ကို မောင့်အိမ်က အိမ်ထောင်ပြုပေး
တော့မလို့ဆိုတဲ့ သတင်းစကားလေးပါ။ မိနွေအဖို့တော့ မြွေပူရာကင့်မှောင့်ဆိုသလို တစ်ပူ
ပေါ်နှစ်ပူဆင့်လို့ မျက်ရည်ကိုပဲ အဖော်လုပ်နေခဲ့ရတဲ့ကာလတွေပေါ့မောင်ရယ်။
မောင်ကမိနွေဘက်မှာ ရှိနေတာပဲလေလို့ အားတင်းခဲ့သမျှဟာ မောင်နဲ့မိနွေ ဆွေးနွေးခဲ့ကြ တဲ့
အချိန်မှာပဲ ပျက်သုန်းခဲ့ရတယ်။ “မိနွေကို မောင်မခွဲနိုင်ပါဘူး” လို့ အထပ်ထပ်အခါခါ ပြော ခဲ့ဘူးတဲ့
စကားလုံးတွေဟာ နွေလေရူးနဲ့ လွင့်ပါသွားခဲ့ပြီပေါ့နော်။ “မောင့်မေမေရဲ့ ဆန္ဒ ကြောင့်ပါ…မိနွေရယ်”
လို့ မောင်ပြောခဲ့ချိန်က ဒီလိုလေပူတွေ တဟူးဟူးတိုက်နေခဲ့တယ် မောင်။
------------------
ချစ်သူမျက်နှာကို တစ်ရွာမှတ်ပြီး အရာရာကိုပေါ့ပေါ့ပဲရင်ဆိုင် လျှောက်ခဲ့တဲ့ မိနွေတစ်ယာက်
နောင်တရတဲ့အချိန်မှာတော့ အမှားတွေတစ်ပွေ့တစ်ပိုက်နဲ့ မိဘမောင်ဘွားတွေရဲ့ ရင်ခွင်ကို
ပြန်ခိုဝင်ခဲ့တယ်။
ကိုယ့်နေရာဒေသမှာလည်း နည်းပညာတက္ကသိုလ် ဖွင့်ခဲ့ပြီဆိုတော့ မှားခဲ့တာတွေကို အချိန်မှီ
ပြန်လည်ပြင်ဆင်ပြီး ကိုယ့်ဘ၀နဲ့ မိဘမောင်ဘွားမျက်နှာတွေအတွက် မိနွေ ပြန်ကြိုးစားခဲ့ပါတယ်။
မောင့်ကို တစ်နေ့မှ မေ့မရပေမယ့် ဘ၀နဲ့ အလွမ်းကို မိနွေ ပိုင်ပိုင်နိုင်နိုင် ခွဲခြားနိုင်ခဲ့ပါ ပြီမောင်။
ဘီအီးပြီးလို့ ကိုယ့်ကျောင်းမှာကို ဆရာမပြန်လျှောက်တော့ ဌာနက “အညာကိုသွားမလား” လို့
မေးတာကို မိနွေ ခါးခါးသီသီ ငြင်းခဲ့တယ်မောင်ရေ။ ခန့်အပ်ခါစ ဆရာမပေါက်စလေး အပေါ် ညှာခဲ့တဲ့
ဌာနကိုပဲ မိနွေ ကျေးဇူးတင်ရသေးတယ်။ ကိုယ့်ကျောင်းကိုပဲ တာဝန်ထမ်း ဆောင်ခွင့်ရခဲ့ပါတယ်။
အခုတော့ အသက်တွေလည်းကြီးလို့ အရွယ်တွေလည်းရလာခဲ့ပြီ။
ဒီအချိန်မှာ လက်ထောက်ကထိကအဖြစ်နဲ့ “အညာကိုလာရမယ်” ဆိုတဲ့ စကားကို မိနွေ  
ငယ်ငယ်တုန်းကလို ခေါင်းတခါခါ၊ မျက်ရည်စက်လက်နဲ့ မငြင်းရဲတော့ဘူး။ မငြင်းရက်တော့ ဘူး။
ဘ၀မှာ ဒုတိယအကြိမ်အဖြစ်နဲ့ ကျောင်းကို ပထမဆုံးရောက်တဲ့နေ့ကတော့ ကျောင်းကြီး ရှေ့က
မောင်နဲ့အတူတူထိုင်ခဲ့ဘူးတဲ့ ယူကလစ်ပင်ကြီးအောက်က ခုံတန်းလေးမှာ ထိုင်ပြီး ကျောင်းကြီးကို
တ၀ကြီးကြည့်နေမိခဲ့တယ်။
မောင်နဲ့အတူတူ ပညာရင်နို့ သောက်စို့ခဲ့ဘူးတဲ့ ဒီကျောင်းတော်ကြီးသာ မိနွေရဲ့ ရင်ခွင်ဦး ပါလားလို့
အတွေးလေးတစ်ချက် ၀င်ရောက်လာချိန်မှာတော့ မိနွေရဲ့ရင်တစ်ခုလုံး အေးမြ သွားခဲ့တယ် မောင်ရေ။
ရင်ခွင်ဦးမှာခိုဝင်လို့ ပညာရင်နို့ သောက်စို့ရမယ့်အချိန်မှာ အတုအယောင်ဖြစ်တဲ့ မောင့်ရင် ခွင်ကို
အစစ်အမှန်ရင်ခွင်ဦးလို့ ထင်မှတ်ခဲ့ပြီး အချိန်တွေအများကြီး ကုန်ခဲ့ရတာပါလား။
ဘ၀ ရဲ့ လှပတဲ့အချိန်တွေ အများကြီးပေးဆပ်ခဲ့ရတာပါလား။
အရွယ်ရဲ့ မွန်မြတ်တဲ့ စွမ်းအားတွေ ကို ဖြုန်းတီးခဲ့တာပါလား။
ဒီအသိ၊ဒီအတွေးတွေနဲ့ မိနွေတွေ့ကြုံရမယ့် တပည့်လေးတွေကို မိနွေလို
အမြင်မတိမ်းရလေ အောင်၊ မိနွေလို အသိနောက်မကျရအောင် တတ်နိုင်သမျှ
ရင်ခွင်ဦးအစစ်အမှန်မှာ ခိုလှုံရင်း ရင်ခွင်ဦးရဲ့ အကြွေးတွေကို အတိုးရော၊ အရင်းရော
ပေါင်းဆပ်တော့မယ် မောင်ရေ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့