Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 6 May 2012

မိုးကုပ်စက်ဝိုင်း နှင့် ပင်လယ်တို့ ဆုံမှတ်မှာ။

စိမ်းပြာလဲ့သော ရေအလျဉ်သည် နီညိုညိုရွှံ့စပ်သော ကမ်း၏အနားသပ်တွင် ဆုံ၏။ လှိုင်းတံပိုးတို့ လိပ်ကာလိပ်ကာ
ကမ်းခြေဖက်သို့ တက်လာလိုက်၊ ပြန်ကျသွားလိုက်နှင့်။ အနောက်ဖက် မိုးကုတ်စက်ဝိုင်းသို့ ရှင်နေမင်းမှေးတင်ပြီ။
မိုးကောင်းကင်နှင့် ပင်လယ်ပြင်တို့သည် ဟိုးရှေ့တစ်နေရာမှာ ဆုံ ကြတော့မယောင် ထိစပ်လျက်။ ရောင်ရှိန်ပြင်း
သော နေမင်းသည် တဖြည်းဖြည်း အရောင်အ၀ါလျော့လာကာနီမောင်းသော အလုံးအ၀ိုင်းသဏ္ဍာန်ဖြင့် ပင်လယ်တွင်း
သို့ နိမ့်ဆင်းမည့်ဟန်ပြင်သည်။





“ကိုယ့်ချစ်သူက သည်အချိန်ဆိုတော့လည်း လှသားကွနော်” လို့ ကလူကြည်စယ်လာသော ချစ်သူ မောင်ကို ပြန်ထု
ရိုက်ဟန်ပြင်သည်။ သဘာဝ၏ အလှကို မြင်တတ်သော မောင်၏ အတွေးသည် ကျွန်မ၏ အတွေးတို့နှင့် ထပ်တူကျဖို့
ကောင်းခဲ့ပေမဲ့ မောင်၏အမြင်သည်၊ ကျွန်မ၏ အမြင်နှင့် ထပ်တူဖြစ်ကောင်းပါ လျက် သဘာဝတရား၏အလှကို
ကျော်ကာ တွေးတတ်သော အတွေး၊ ကြည့်တတ်သော အကြည့်၊ မြင်တတ် သောအသိတို့ကို မောင့်အား
ကျွန်မ မပြောရက်ခဲ့ပါ။





အဟုန်ပြင်းသော လှိုင်းတံပိုးတို့သည် ကမ်းဆီသို့ ရောက်ခွင့် ကြုံပေမင့်၊ ရောက်ခိုက် ကြုံပေမင့် ရယူပိုင်ဆိုင်ခွင့်
တဒင်္ဂအတွက် သူပေးဆပ်ခဲ့ရသော အားမာန်သည် တန်၏၊ မတန်၏ ဆိုတာကို ကျွန်မ တွေးနေမိသလို၊ ဆုံတော့
မယောင် ထင်ရသော မိုးကောင်းကင်နှင့် ပင်လယ်ပြင်တို့သည် အမှန်တကယ် မဆုံဆည်းရတတ်တာကိုလည်းကောင်း၊
ပင်လယ်ပြင်အတွင်း ခိုဝင် မှေးမှိတ်လေသယောင် ထင်ရသော ရှင်နေမင်းသည် ပင်လယ်ပြင်နှင့် အမှန်အားဖြင့် ဝေးကွာ
လှတာကိုလည်းကောင်း ကျွန်မ တွေးနေခဲ့မိပါသည်။





“အသက်၊ ဘာတွေတွေးနေလဲကွာ၊ ရတဲ့အချိန်လေးတွေမှာ အဲသည်အတွေးတွေကို ထားလိုက်။ ပျော်ပျော်ပဲ နေပါနော်။”
လို့ ပြောလည်းပြော လက်မောင်းအစုံကို လှုပ်ခါရင်း သတိလည်းပေးသော ချစ်သူကို တွေးတွေးဆဆ ခေါင်းအလိုက်
အထိုက် ညိတ်ပြမိပြန်ပါသည်။





အမှန်အားဖြင့် ချစ်သူသက်တမ်း သုံးနှစ်ကျော်ကျော်မှာ သည်လို ညနေခင်းမျိုးကို ကျွန်မ သုံးကြိမ် ထက်ပိုပြီး ပိုင်ဆိုင်
ခွင့်မရခဲ့ဖူးပါ။ အလုပ်ပြီး အလုပ်နှင့်သာ ပျော်မွေ့နေတတ်သော သူ့ဘ၀အတွက် နားလည်မှု ဆိုတာသာ မထားနိုင်ခဲ့
မိလျှင် သုံးနှစ် ဆိုသော ချစ်သူသက်တမ်း ကြာရှည်ခဲ့မည်မထင်ပါ။





“မောင်ရယ်၊ နင်ဟာလေ တစ်ယူသန်နိုင်လွန်းတယ်ဟာ။ သက်လည်း ကိုယ့် အလုပ်လေးနဲ့ အခြေ တကျဖြစ်နေပြီ
ဆိုတော့ မောင့်ကို ပြန်ပြောင်းခဲ့စေချင်ပြီမောင်ရယ်။ အခုလည်း သုံးနှစ် ဆိုတဲ့ ကာလလေးမှာ နင်ပေးဆပ်ခဲ့တာ များ
လှပါပြီဟာ။ သည်အချိန်မှာ သူများတွေ ဘွဲ့လွန်တွေတက်ပြီး ဘ၀အတွက် လုပ်နေတဲ့ သူတွေက လုပ်နေပြီး၊
အခြေတကျ အပြင်မှာ စီးပွားရေး လုပ်တဲ့သူက လုပ်နေ ကြတာတောင်မှ နင်က သည်မှာပဲ အခြေချ နေတော့မှာလား။
ကိုယ့်အတွက်ရော မစဉ်းစား တော့ဘူးလား ဟာ။” လို့မေးတော့





“အောင်မလေး မောင့် သက်ရယ်၊ သည်မှာ မောင်လုပ်ရမှာ အများကြီး။ ဒါ မောင်တို့ ရွာတော့မဟုတ်ဘူးနော်။ အသက်
တို့ ဘိုးဘွားတွေ ချက်မြုပ်ခဲ့တဲ့ရွာလေး၊ သည်ရွာလေးမှာ အကြောင်းပြုလို့ပဲ သက်နဲ့မောင် တွေ့ခဲ့တယ်၊ သည်ရွာ
လေးအတွက် မောင်လုပ်စရာတွေရှိသေးလို့ပါ အသက်ရယ်။ ” ဆိုလာသော ချစ်သူမောင်ကို ကြည့်ရင်း လေနွေးနွေး
ပါသော သက်မောတစ်ရှိုက် ကို ကြိတ်ရှိုက်မိပါသည်။





၂။





မောင်ပြောတာလည်းအမှန်။ ကျွန်မဘိုး၊ ဘွားတို့ ဇာတိ သည်ရွာလေးသို့ အလှူတစ်ခုနှင့်ပတ်သက်ပြီး ရောက်လာကာ
သည်မှာ တာဝန်ကျလာသော တိုက်နယ်ဆရာဝန်လေး မောင်နှင့် သိကျွမ်း ခင်မင်ခွင့် ရသည်။ တစ်ခါဖူးမှ သည်ရွာသို့
မရောက်ခဲ့ဖူးသော မောင့်အတွက် အစစအရာရာ ကူညီပေးသော ဘကြီးဖြစ်သူမှတဆင့် ကျွန်မနှင့် မောင် ရင်းနှီး
ခင်မင်ခွင့် ရသည်။ နှစ်စဉ် သည်အလှူအချိန်မှာ ကျွန်မ သည်ရွာလေးသို့ အခုတ်တရ ဆင်းလာဖြစ်တတ်သလို
မောင်ကလည်း အစည်းအဝေးကိစ္စတွေနဲ့ မြို့နယ်သို့သွားတိုင်းမှာ ကျွန်မနှင့် ဆုံတတ်ပါသည်။ သူရောက်လာတိုင်း
သူပြောသမျှမှာ သူတာဝန်ကျရာ ရွာလေးအတွက်ချည်းသာ။ နေ့နေ့ညည သူ့အလုပ်အကြောင်းပဲ သူ့နှလုံးသားထဲမှာ
ရှိနေတတ်တာ ၊ သည်ရွာလေးအတွက် ဘာတွေ၊ ဘယ်လို ထပ်လုပ်မည် ဆိုတာပဲ ပါသည်။ မနက် အိပ်ရာ ထတာနဲ့
သူ့မှာ သည်အလုပ်တစ်ခုတည်း၊ ညအိပ်တော့လည်း သည်အလုပ်တွေနှင့်သာ။





မောင့်ဆေးရုံဝင်းလေးသို့ ကျွန်မ ရောက်တော့ သူ့အိမ် ဆိုတာလေးကို ကျွန်မစောင်းငဲ့ ကြည့်မိပါသည်။


“အစ်မရေ၊ ဆရာ့အိမ်မှာက ဘာအိမ်ထောင်ပရိဘောဂမှ မရှိဘူးရှင့်၊ သူအိပ်တော့လည်း သည်ကြမ်းခင်းပေါ်မှာပဲ။
ဇိမ်ခံပစ္စည်းဆို တီဗီ၊ ဒီဗီဒီလည်းမရှိဘူး။ စည်းစနစ်တော့ ကြီးတယ်။ ကျွန်မတို့တွေ သူ့ကို on call ခေါ်ရင် ကျွန်မတို့
ရော၊ လူနာစောင့်တွေပါ ဆင်းလာတာ သူမကြိုက်ဘူး၊ သန့်ရှင်းရေး အဘွားကြီး နှစ်ယောက်ပဲ အလှည့်ကျ ခေါ်ရတယ်။
ခေါ်တိုင်းလည်း မငြင်းတတ်ဘူးအစ်မရဲ့။ ဒါကြောင့်လည်း နယ်က ရွာတွေဆို သည်ဆေးရုံကိုပဲ ရောက်လာကြတာ။
မြို့မသွားဘဲ သည်ကို လာကြတော့ သည်မှာ ပင်ပန်းတာပေါ့။ ၁၆ ကုတင်ပေမဲ့လို့ အမြဲ လူနာက ၂၅-၃၀ ရှိနေတတ်တာ။
ခါတလေ ၄၀ကျော်ပြီး ကုတင်တွေ ပြည့်နေတာ ရှိသေးတယ်။ တော်တော် အပင်ပန်းခံနိုင်တဲ့ ဆရာပါ အစ်မရယ်” လို့
ရှင်းပြသော သူနာပြုဆရာမကြီးရဲ့ စကားကို မောင်က ရယ်သွမ်းသွေးပါသည်။





“ကြွားပြောနေတာ သက်ရဲ့၊ ဆရာမကြီးကလည်း လာသမျှသော လူနာတွေက ချမ်းသာကြတာ ထည့်ပြောအုံးလေ။”
ဆိုတော့





“ အဲ၊ ဒါတော့ ဟုတ်တယ် အစ်မရဲ့၊ လာသမျှ ချမ်းသာကြီးတွေပဲ။ ခါတလေ ထမင်းတောင် တောင်းကျွေးယူရတယ်။” လို့
ပြန်ပြောတော့ ရယ်မောကြရပါသေးသည်။ ဘ၀ရဲ့ အမောတွေကို ရယ်ရင်း ဖြေဖျောက်ကြတော့လည်း
ရယ်မောကြတာပဲ ဖြစ်ပါသည်။







၃။





မှတ်မှတ်ရရ အဖေနှင့်အမေတို့ နိုင်ငံရပ်ခြားသို့ အပြီးပြောင်းတော့ မည် ဆိုသည့်ကိစ္စမှာ ကျွန်မ အတွက် တွေးစရာတွေ
က ပါလာပါသည်။





“နင်လည်း ဘွဲ့တစ်ခုရပြီးကတည်းက သည်အလုပ်ထဲမှာပဲ နစ်နေတာ၊ ဟိုက အစ်ကိုဖြစ်သူက အခြေတကျ ဖြစ်နေပြီ
ဆိုတော့ ခေါ်ပြီလေ။ အဲဒါ နင်သေချာစဉ်းစား။ နင့်အလုပ်တွေရော၊ စတိုးဆိုင်တွေပါ မိတူးနဲ့ လွှဲခဲ့။ ပြီးတော့ ငါတို့နဲ့
ထွက်လိုက်ဖို့ပြင်တော့။” ဆိုလာသော အမေ့စကားကိုလည်းကောင်း၊“ ဘ၀ ဆိုတာ အပြောင်းအလဲ ရှိမှ တိုးတက်တာ
မိသက်ရေ။ အခု ငါတို့လည်း အဲသည်အပြောင်းအလဲအတွက် ထွက်ကြတာ။ နင်သိတဲ့အတိုင်းပဲ အဲသည်မှာ ငါတို့
တွေ ဘယ်အဆင့်ထိ တိုးတက်အောင်မြင်ခဲ့ပြီလဲ။ ဟိုမှာ ဘာစိန်ခေါ်မှုတွေ ရှိနေမလဲ ဆိုတာအတွက် ငါတို့တွေ ထွက်
ကြတာ။နင်လည်း လူငယ်ပဲဟာ ငါတို့ထက် နင်တို့လို လူငယ်တွေက ပိုပြီး မြင်တတ်ပါတယ်။” လို့ ဆိုလာသော
အဖေ့စကားကြောင့်လည်းကောင်း ကျွန်မ တွေးစရာတွေ ပေါ်လာခဲ့ပါသည်။




မောင်ကလည်း တားတော့မတားပါ။ ဆိုးတာက သူ့နှလုံးသားထဲမှာ သူနှင့် ကျွန်မတို့ရဲ့ ဘ၀ရှေ့ရေး ဆိုတာကို
သူတွေးမှ တွေးမိရဲ့လား ဆိုတာကိုပဲ ကျွန်မ သံသယတွေ ၀င်လာမိပြန်တာပဲ ဖြစ်ပါသည်။





“အင်းလေ၊ မိဘက လိုက်ရမယ်ဆိုတော့လည်းသွားပေါ့အသက်၊ ဒါပေမဲ့ အသက်ပြန်လာ ခဲ့မယ် မဟုတ်လား။
သည်ရွာလေးမှ မောင်တို့တွေ လုပ်ကြရမှာ အများကြီးရယ်။ အခု မောင်လေ ကျေးရွာ ချင်းဆက်လမ်း ဖောက်လုပ်တာ
မှာ ကူနေတယ်သိလား။ အဲသည်ရွာလေးတွေက မောင် ရောက်စဉ်က ဆိုရင် ရေလမ်းကိုပဲ အားထားရတာလေ။ အခု
တော့ မော်တော်ဆိုင်ကယ်တွေ ဥဒဟရို သွားလာနိုင်ပြီဟ” လို့ တက်တက်ကြွကြွ ပြောနေသော မောင့်စကားမှာ
ကျွန်မတို့ ရှေ့ရေးမပါ။





၎။





အရာခပ်သိမ်း ပေးဆပ်သူအဖြစ် မွေ့လျော်နေတတ်သော မောင်နှင့် ကျွန်မ အဆက်အသွယ်တော့ မပြတ်ခဲ့ပါ။ မောင်
ကလည်း သူ့အလုပ်ထဲမှာပဲ နစ်မွန်းလို့ နေတတ်သလို ကျွန်မ ဖုန်းဆက်နေရင်းကပဲ အရေးပေါ် လူနာရောက်လို့ ဖုန်း
ချခဲ့ရတာ အကြိမ်ကြိမ်။ ဒါနဲ့ပဲ အဆက်အသွယ်တွေက ကြဲကြဲလို့လာသည်။ သို့တစေ မောင့်အပေါ် ကျွန်မ နားလည်
မှုပေးထားနိုင်ဆဲ။





၅။





စိမ်းပြာလဲ့သော ရေအလျဉ်သည် နီညိုညိုရွှံ့စပ်သော ကမ်း၏အနားသပ်တွင် ဆုံ၏။ လှိုင်းတံပိုးတို့ လိပ်ကာလိပ်ကာ
ကမ်းခြေဖက်သို့ တက်လာလိုက်၊ ပြန်ကျသွားလိုက်နှင့်။ အနောက်ဖက် မိုးကုတ်စက်ဝိုင်းသို့ ရှင်နေမင်းမှေးတင်ပြီ။
မိုးကောင်းကင်နှင့် ပင်လယ်ပြင်တို့သည် ဟိုးရှေ့တစ်နေရာမှာ ဆုံ ကြတော့မယောင် ထိစပ်လျက်။ ရောင်ရှိန်ပြင်း
သော နေမင်းသည် တဖြည်းဖြည်း အရောင်အ၀ါလျော့လာကာနီမောင်းသော အလုံးအ၀ိုင်းသဏ္ဍာန်ဖြင့် ပင်လယ်တွင်း
သို့ နိမ့်ဆင်းမည့်ဟန်ပြင်သည်။





အဟုန်ပြင်းသော လှိုင်းတံပိုးတို့သည် ကမ်းဆီသို့ ရောက်ခွင့် ကြုံပေမင့်၊ ရောက်ခိုက် ကြုံပေမင့် ရယူပိုင်ဆိုင်ခွင့်
တဒင်္ဂအတွက် သူပေးဆပ်ခဲ့ရသော အားမာန်သည် တန်၏၊ မတန်၏ ဆိုတာကို ကျွန်မ တွေးခဲ့မိသလို၊ ဆုံတော့
မယောင် ထင်ရသော မိုးကောင်းကင်နှင့် ပင်လယ်ပြင်တို့သည် အမှန်တကယ် မဆုံဆည်းရတတ်တာကိုလည်းကောင်း၊
ပင်လယ်ပြင်အတွင်း ခိုဝင် မှေးမှိတ်လေသယောင် ထင်ရသော ရှင်နေမင်းသည် ပင်လယ်ပြင်နှင့် အမှန်အားဖြင့် ဝေ
းကွာလှတာကိုလည်းကောင်း ကျွန်မ တွေးနေခဲ့မိပါသည်။ သို့တစေ မောင့်ကို ကျွန်မ ချစ်ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့