Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 18 May 2012

ဘဝကို ကောင်းစွာကျော်ဖြတ်နိုင် ပါစေ

တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံကြတဲ့အခါမှာဖြစ်စေ၊ ခွဲခွာကြတဲ့အခါမှာဖြစ်စေ ကောင်းသောနံနက်ခင်း ပါ၊ ကောင်းသော နေ့လည်ခင်းပါ၊ ကောင်းသောညနေခင်းပါ၊ ကောင်းသောညပါ လို့ အချိန်ကာလကို ကြည့်ပြီး နှုတ်ဆက်ကြတယ်။ ဒီလို နှုတ်ဆက်တာဟာ နိုင်ငံတိုင်းလိုလို ရှိပါတယ်။
တွေးမိတာလေးပြောချင်တယ်။ ကောင်းသောနေ့ ကောင်းသောည ဆိုတဲ့နှုတ်ဆက်စကားအတိုင်း မိမိတို့ ကောင်းတဲ့အချိန်ကိုဖြတ်သန်းခဲ့ရ ရဲ့လား၊ အချိန်တွေကို ဖြတ်သန်းတဲ့နေရာမှာ အချို့က တူနှစ်ကိုယ်ကြည်နူးမှုအပြည့်နဲ့အတူ အချိန်ကိုဖြတ်သန်းကြတယ်၊ အချို့က လိုချင်တဲ့အရာများ ရရှိလာတဲ့ အတွက်အပျော်ကြီးပျော်ပြီး ပျော်စရာများစွာနဲ့အတူ အချိန်ကိုဖြတ်သန်းကြတယ်၊ အချို့က ဇနီး၊သားသမီးဆွေမျိုးတို့ရဲ့အလည်မှာ “ငါ့သားလေးရှိမှ နေတတ်တာ၊ ပျော်စရာကောင်းတာ၊ ငါ့သမီးရှိမှ ပျော်တာ၊ ငါ့ဇနီးရှိမှ နေတတ်တာ၊ မရှိရင်မနေတတ်၊ ပျော်စရာလဲမကောင်း” ဆိုပြီး ဇနီး၊သားသမီး ဆွေမျိုးတို့နဲ့အတူ အချိန်ကို ဖြတ်သန်းကြတယ်။ အချို့က တိုက်တာနဲ့ကား တီဗွီ၊အဲယားကွန်းစတဲ့ ဇိမ်ခံပစ္စည်းများရဲ့အလည်မှာ “ဒါတွေရှိမှ ပျော်စရာကောင်းတာ ပြည့်စုံတာ” ဆိုပြီးတော့လဲ ပစ္စည်းတွေနဲ့အတူ အချိန်ကို ဖြတ်သန်းကြတယ်။ အချို့က စီးပွားရေးတစ်ခုခုလုပ်နေရမှ မလုပ်ရရင်မနေတတ်ဘဲ အလုပ်နဲ့အတူ အချိန်ကို ဖြတ်သန်းကြတယ်။
ဆိုခဲ့ပြီးတဲ့အတိုင်း အမျိုးမျိုး ဖြတ်သန်းခဲ့ကြရာ ဘယ်လိုဖြတ်သန်းမှုမျိုးက အကောင်းဆုံး ဖြတ်သန်းမှု မျိုးလို့ ခေါ်နိုင်လဲ လို့ အဖြေရှာကြည့် တယ်။ စာချစ်သူများ အမိဝမ်းမှ မွေးဖွားလာ ကတည်းက အချိန်တွေ အများကြီး ဖြတ်သန်းခဲ့ကြရာ တစ်နှစ်မှာ ၃၆၅-ရက်ရှိရာ ရက်ပေါင်း ၃၆၅-ရက် ဖြတ်သန်းခဲ့ရပြီးပြီ၊ ဆယ်စုနှစ်ဆိုရင်တော့ ရက်ပေါင်း ၃၆၅၀ တိုင်တိုင်ဖြတ်သန်းခဲ့ရတယ်။ စာရေးသူရဲ့အသက်က ဆယ်စုနှစ်ငါးစုဆိုတော့ ရက်ပေါင်း ၁၈၂၅၀ အထိဖြတ်သန်းခဲ့ရပါပြီ၊ များပြားလှတဲ့ ရက်တွေကို ဖြတ်သန်း ခဲ့ကြရာမှာ အကောင်းဆုံးရက် ဘယ်နှစ်ရက် ဖြတ်သန်းခဲ့ပြီးပြီလဲ၊ အကောင်းဆုံးရက် ဖြစ်အောင် ဘယ်လို စံ နှုန်းနဲ့ သတ်မှတ်ရမှာလဲ……
ဘုရားရှင်လက်ထက်တော်က အဇာတသတ်ဘုရင်ဟာ ဘဝကောင်းကို ရရှိခဲ့ပေမဲ့လို့ အချိန်ကို တန်ဖိုးရှိစွာ အသုံးမချနိုင်ခဲ့၊ ဆရာပေါင်းမှားကာ ဖခင်ကြီးကို သတ်ပြီး နန်းတက်တဲ့အထိ မိုက်တွင်းနက်ခဲ့တယ်။ ယနေ့ခေတ် အချို့သူများဟာ လူ့ဘဝဆိုတဲ့ဘဝကောင်းကို ရရှိနေပေမဲ့ မကောင်းတဲ့အလုပ်၊ မကောင်းတဲ့အပြော၊ မကောင်းတဲ့အကြံတို့နဲ့အတူ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးကြတယ်။ အချို့ကျတော့ လိုချင်မှုအားကြီးကာ မရရအောင် ယူတတ်တဲ့ ဝိသမလောဘနဲ့ အချိန်ကုန်စေကြတယ်။ လိုချင်တာမရတဲ့အတွက် အလိုမကျဖြစ်ပြီး မိဘဆရာသမား၊ ညီအစ်ကို မောင်နှမတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံကြတယ်။ ထင်တိုင်းကြဲတတ်တဲ့အပြုအမူနဲ့အတူ ဘဝမှာ အကျည်းတန်တဲ့လုပ်ရပ်တွေလုပ် ခဲ့ကြတယ်။ အဲဒီလုပ်ရပ်များဖြင့် အချိန်ကို ကုန်လွန်စေတာဟာ ဘဝမှာ တန်းဖိုးရှိတဲ့အချိန်များကို ဖြုန်းတီးပစ် ရာရောက်နေတယ်။
ပျက်အစဉ် ပြင်ခဏ ဆိုတဲ့စကားပုံအတိုင်း ပုထုဇဉ်တွေဆိုတာ အမှားမကင်းကြ၊ မှားတုန်းကမှားခဲ့ပေမဲ့ တကယ်အသိတရားရလာတဲ့အခါ ဘဝမှာ ကောင်းတာလေးတွေ များများအရာထင်ဖို့အရေးကြီးတယ်၊ တိတိကျကျပြောရရင် ဘဝကို နေ့စဉ် ဖြတ်သန်းကြတဲ့အခါ ကောင်းတဲ့ကိုယ်အလုပ်၊ နှုတ်အပြော၊စိတ်အကြံတွေနဲ့အတူ ဖြတ်သန်းကြရမှာပါ။ တန်ဖိုးရှိတဲ့အချိန်များကို တန်ဖိုးရှိရှိ ကုန်လွန်စေဖို့ အရေးကြီးတယ်။ အချိန်သည် လူကိုမစောင့် ဆိုတာလို အချိန်က တဖြေးဖြေးကုန်လာခဲ့ပြီ၊ ဘဝနေဝင်ချိန်လည်း နီးကပ်သထက်နီးကပ်လို့လာနေပြီ မကြာခင် ဘဝတစ်ခုကို အဆုံးသတ်ရပေ တော့မယ်။ ဘဝတစ်ခုအဆုံးမသတ်မီ ပြုလုပ်သင့်ပြုလုပ်ထိုက်တဲ့အရာမှန်သမျှကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားရမှာပါ။
လောကမှာ အကြောင်းကင်းတဲ့သူမရှိ၊ အကြောင်းမကင်းတဲ့သူများသာဖြစ်တယ်။ လူတိုင်းလူတိုင်းမှာ ဖြစ်ခဲ့ပြီးတဲ့ အတိတ်အကြောင်းအရာများ ကိုယ်စီရှိကြတယ်။ ထိုဖြစ်ခဲ့ပြီးတဲ့အကြောင်းများအနက် မိန်းမောသာယာစရာ၊ စွဲမက်စရာများကို ပြန်တွေးပြီး သာယာပျော်ရွှင်မှုကို ဖန်တီးယူကြတာရှိသလို၊ တွေးလိုက်တိုင်း ဒေါသဖြစ်စရာတွေ အငြိုးအာဃာတဖြစ်စရာတွေနဲ့အတူ ပြန်လည်ဒေါသထွက်ကြတာလည်းရှိတယ်။ အကုသိုလ်ဖြစ် စရာတွေ ပြန်တွေးမိရင် တွေးတိုင်းမှာလဲ အကိုသိုလ်ဖြစ်ရသလို တန်ဖိုးရှိတဲ့အချိန်တွေလည်း အလဟဿ ပြုန်းတီးရာရောက်ပါတယ်။
တကယ်တော့ ဖြစ်ခဲ့ပြီးတဲ့ လိုချင်နှစ်သက်စရာ၊မလိုမုန်းတီးစရာစတဲ့ အတိတ်အကြောင်းအရာများဟာ ကုန်ပျောက်ခဲ့ပြီးဖြစ်တယ်။ ဒါကြောင့် ကုန်ပျောက်သွားတဲ့အကြောင်းအရာများကို ပြန်တွေးမနေကြဖို့ လိုတယ်။
ဒါတင်မက မဖြစ်သေးတဲ့အနာဂါတ်တရားတွေဆိုတာ ရှိတယ်။ လူအတော်များများဟာ မဖြစ်သေးတဲ့အရာများကို မျှော်လင့်ကြတယ်။ တောင့်တကြတယ်။ စိုးရမ်ပူပန်စရာများကိုလည်း ကြိုတင်တွေးကာ စိုးရိမ်ပူပန်ကြတယ်။ အကုသိုလ်ဖြစ်စရာတွေကို ကြိုတင်တွေးရာက အကုသိုလ်ဖြစ်ရသလို တန်ဖိုးရှိတဲ့အချိန်တွေလည်း အလဟဿ ပြုန်းတီးရာရောက်ပါတယ်။
အမှန်တော့ မဖြစ်သေးတဲ့ အကြောင်းအရာများဟာ တကယ်မဖြစ်လာသေးပါဘူး။ ဒါကြောင့် မဖြစ်သေးတဲ့ အကုသိုလ်ဖြစ်စရာအကြောင်း အရာများကို တွေးတောစဉ်းစားပြီး အချိန်ကို မကုန်လွန်ပါစေနဲ့။
ဖြစ်ခိုက်ဖြစ်တဲ့ မိမိတို့ရဲ့အခုလက်ရှိအချိန်မှာ အကုသိုလ်ဖြစ်ဖွယ်အကြောင်းအရာများ အနှစ်မရှိတဲ့အရာများကို တွေးပြီးတော့လည်း အချိန်မကုန်စေနဲ့ ဖြစ်ခိုက်ကလေးအတွင်းမှာလဲ တန်ဘိုးရှိတဲ့ကုသိုလ်နဲ့စပ်တဲ့အရာများကိုသာ စဉ်းစားပေးရမှာဖြစ်တဲ့အပြင် စဉ်းစားတဲ့အတိုင်း လုပ်ကိုင် ပြောဆိုပေးရမှာပါ။
ဒါနဲ့စပ်လို့ မြတ်စွာဘုရားလက်ထက်တော်အခါက ကောသလမင်းကြီးအုပ်ချုပ်တဲ့ ကောသလတိုင်းဆိုတာရှိတယ်။ တစ်နေ့တော့ ကောသလတိုင်းရဲ့ အစွန်အဖျားနေရာမှာ သူပုန်များ ထကြွသောင်းကျန်းနေတယ်။ အဲဒီအခါ ကောသလမင်းကြီးက သူအလွန်အားကိုးရတဲ့ သန္တတိအမတ်ကြီးကို သူပုန်များအား နှိမ်နင်းဖို့အတွက် တာဝန်ပေးအပ်ခဲ့တယ်။ တကယ်လို့ သူပုန်များကို နှိမ်နင်းတိုက်ခိုက်နိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့မင်းစည်းစိမ် (၇)ရက်ကို ခံစားရမယ် ဆိုပြီး အမိန့်တော်လည်းရှိခဲ့တယ်။
သန္တတိအမတ်ကြီးဟာ မင်းကြီးရဲ့အမိန့်တော်ကို မလွန်ဆန်ဝံ့ တာကြောင့် နောက်ပါ စစ်သည်များစွာနဲ့အတူ တိုင်းစွန်ပြည်ဖျားကို သွားပြီး ရန်သူများကို နှိမ်နင်းခဲ့တယ်။ တိုက်ပွဲမှာ အမတ်ကြီးတို့အဖွဲ့က သူပုန်တွေကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့တယ်။ အဲဒီလို တိုက်ပွဲမှာ အောင်မြင်လာတဲ့အခါ ကောသလမင်းကြီးရဲ့ ကတိအတိုင်း သန္တတိအမတ်ကြီးကို မင်းစည်းစိမ် (၇)ရက် ခံစားစေခဲ့တယ်။
ဒီလိုနဲ့ တိုင်းရေးပြည်ရာကိစ္စများမပါဝင်စေဘဲ မင်းစည်းစိမ်ချည်းသက်သက် (၇)ရက်တိုင်အောင် ခံစားကာ အပျော်ကြီးပျော်ခဲ့တယ်။ တစ်နေ့မှာ အမတ်ကြီးအား ကပြဖျော်ဖြေနေတဲ့ မင်းသမီးကလေးတစ်ယောက်ဟာ ရုတ်တရက် အရုပ်ကြိုးပြတ်လဲကျပြီး သေဆုံးခဲ့ရတယ်။ ဖြစ်ချင်တော့ သေဆုံးသွားတဲ့မင်းသမီးကလေးဟာ အမတ်ကြီး အလွန်မြတ်နိုးတဲ့ မင်းသမီးဖြစ်နေတယ်။
အမတ်ကြီးဟာ သောက်စားထားတဲ့အတွက် မူးယစ်နေပါတယ်။ ဒါပေမဲ့ မိမိရဲ့အရှေ့မှာတင် ကပြအသုံးတော်ခံရင်း သေဆုံးခဲ့ရတဲ့အတွက် အမတ်ကြီးရဲ့မူးနေတဲ့အမူးတွေကို စိုးရိမ်သောကဆိုတဲ့အပူတွေက ဖုံးလွှမ်းသွားပါတော့တယ်။ ရေပေါက်ကလေး ပိန်းကြာဖက်ပေါ်ကနေ ကျဆင်းသွားသလို မူးတာတွေလဲ တစ်ခဏချင်း ပျောက်ခဲ့ရတယ်။ “ငါ့ကြောင့် မင်းသမီးကလေး သေဆုံးရလေခြင်း” ဆိုပြီး ဆုံးရှုံးရတော့မယ်ဆိုတဲ့အသိနဲ့အတူ စိုးရိမ်သောကအပူတွေဟာ တွေးလိုက်တိုင်း ထပ်ကာထပ်ကာ ပူလောင်လာပါတော့တယ်။
ဒါဟာ (ပိယတေ ဇာယတေ သောကော) လို့ ဘုရားရှင် ဟောတော်မူခဲ့တဲ့အတိုင်း ချစ်ခြင်းကြောင့် ဖြစ်လာရတဲ့ သောကအပူတွေပဲဖြစ်တယ်။
ဒီလိုနဲ့အမတ်ကြီးဟာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာများကို ထပ်ကာထပ်ကာ တွေးပြီး စိုးရိမ်ပူဆွေးသောကတွေ ဖြစ်ကာ မစားနိုင် မသောက်နိုင် မအိပ်နိုင်ဖြစ်ခဲ့ရရှာတယ်။ “အပူတွေ့တော့ အအေးကိုရှာ” ဆိုသလို ပူလောင်မှန်းသိတော့ အအေးကို တမ်းတမိခဲ့တယ်။ အမတ်ကြီးဟာ “ငါ့ရဲ့အပူမီးတွေကို ငြိမ်းအေးဘို့ မြတ်စွာဘုရားရှင်မှတစ်ပါး အခြားအဘယ်သူမှ တတ်နိုင်မှာမဟုတ်ဘူး” ဆိုပြီး ဘုရားရှင်အား အမှတ်ရလာကာ ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းတော်သို့ ညနေချမ်းအချိန်မှာ သွားရောက်ခဲ့ပါတယ်။
ဘုရားရှင်ထံရောက်တာ့ အမတ်ကြီးက ဖြစ်ခဲ့သမျှအကြောင်းတွေကို ဘုရားရှင်အား လျှောက်ထားခဲ့တယ်။ အဲဒီအခါမှာ ဘုရားရှင်က “အမတ်ကြီး….ရှေးကဖြစ်ခဲ့တဲ့ ရုပ်နာမ်သင်္ခါရတရားအပေါ်မှာ ဖြစ်နိုင်တဲ့ ကိလေသာတရားတွေကို ခြောက်သွေ့ပါစေ။ နောင် ဖြစ်ပေါ်လာမဲ့ သင်္ခရတရားတွေရဲ့အပေါ်မှာ ကြောင့်ကြမှု ကိလေသာ မဖြစ်ပါစေလင့်။ အလယ်ပိုင်းဖြစ်ဆဲ သင်္ခရတရားတွေရဲ့အပေါ်မှာ တကယ်လို့ တဏှာ၊မာန၊ဒိဋ္ဌိတို့နဲ့ မစွဲမငြိ မယူမိဘူးဆိုရင် သင်ဟာ ကိလေသာအပူမီး အပြီးငြိမ်းအေးပြီး အေးမြချမ်းသာ နေထိုင်ရပါလိမ့်မယ်” လို့ သန္တတိအမတ်ကြီးအား ဟောကြားတော်မူခဲ့ပါတယ်။
ထိုအကြောင်းကို စာချစ်သူများနားလည်အောင် တင်ပြရရင်… တရားတော်မှာ အပိုင်းလေးပိုင်းပါဝင်ပြီး ရှေ့သုံးပိုင်းကတော့ ကိုယ်တိုင် ကျင့်သုံးရမှာဖြစ်ပြီး၊ နောက်ဆုံးတစ်ပိုင်းကတော့ ကျင့်သုံးသူရဲ့အကျိုးတရားကို ညွန်ပြထားတာဖြစ်တယ်။
(၁) ရှေးကမြင်ခဲ့ဖူး၊ကြားခဲ့ဖူး၊ တွေ့ခဲ့ဖူး၊သိခဲ့ဖူးတာမှန်သမျှတွေကို ပြန်လည်တွေးတောမိတိုင်း လောဘ၊ဒေါသစတဲ့ကိလေသာတွေဖြစ် နိုင်တယ်။ တီဗွီဇာတ်လမ်းတွဲတွေကြည့်ပြီးတဲ့အခါ ဇာတ်လမ်းတွေမှာပါတဲ့အကြောင်းအရာတွေကို ပြန်လည်စဉ်းစားမိတိုင်း သာယာဘွယ်၊လွမ်းဆွေး ဘွယ်တွေဖြစ်ကာ လောဘ၊ဒေါသစတဲ့ကိလေသာ တွေဖြစ်နိုင်တယ်။ ထိုကိလေသာတွေ ဖြစ်ခွင့်မရအောင် ရှုမှတ်ရပါမယ်။ ဘယ်လိုရှုမှတ်ရမလဲ ဆိုရင် မြင်ရင်မြင်တယ်၊ကြားရင်ကြားတယ်၊ စိတ်ကူးရင်လည်း စိတ်ကူးတယ်၊ တွေးရင် တွေးတယ်လို့ အရှိကိုအရှိတိုင်း ရှုမှတ်နေရင် အရင်ကမြင်ခဲ့ ကြားခဲ့၊သိခဲ့၊ဖြစ်ခဲ့ပျက်ခဲ့တာတွေ မစဉ်းစားမိတော့ဘူး။ အဲဒီလို မစဉ်းစားမိတော့ဘူးဆိုရင် ရှေးကဖြစ်ခဲ့တဲ့ အကြောင်းအရာအပေါ်မှာ ကိလေသာတွေ မဖြစ်နိုင်တော့ပါဘူး။
(၂) နောင် မဖြစ်ပေါ်သေးတဲ့ ဖြစ်ပေါ်လာမယ့် အကြောင်းအရာတွေအပေါ် မှာ မျှော်တွေးတောင်း တကြောင်းကြမှုတွေ ဖြစ်ပြီး လောဘစတဲ့ကိလေသာတွေ ဖြစ်နိုင်တယ်။ ထိုကိလေသာများမဖြစ်အောင် တရားရှုမှတ်ရပါမယ်။ ဘယ်လိုရှုမှတ်ရမလဲဆိုရင် မဖြစ်သေးတဲ့အကြောင်းတွေအပေါ်မှာ တွေးရင်တွေး တယ်၊ မျှော်လင့်ရင်လည်း မျှော်လင့်တယ်၊ တောင့်တရင်လည်း တောင့်တတယ် စသဖြင့် ရှုမှတ်ရပါမယ်။ အဲဒီလို ရှုမှတ်နေရင် နောင်မဖြစ်သေးတဲ့အကြောင်းတွေကို မစဉ်းစားမိတော့ဘူး၊ မစဉ်းစားတော့ရင် နောင် မဖြစ်သေးတဲ့ အကြောင်းအရာပေါ်မှာလည်း ကိလေသာတွေ မဖြစ်နိုင်တော့ပါဘူး။
(၃) ဖြစ်ဆဲ ကာလမှာလည်း တွေးတောပြီး လောဘစတဲ့ကိလေသာတွေ ဖြစ်လာနိုင်တယ်။ ထိုဖြစ်ဆဲ ရုပ်နာမ်ခန္ဓအပေါ်မှာ ကိလေသာမဖြစ်အောင် တရားရှုမှတ်ရပါမယ်။ ဘယ်လိုရှုမှတ်ရမလဲဆိုရင် မြင်ဆဲ၊ ကြားဆဲ၊ နံဆဲ၊ တွေ့ထိဆဲတွေမှာ မြင်တယ်၊ ကြားတယ်၊ နံတယ်၊ တွေ့ထိတယ် ဆိုပြီး ရှုမှတ်ရပါမယ်။ အဲဒီလို ဖြစ်ဆဲမှာ ရှုမှတ်နေရင် ရှုမှတ်ဆဲခဏမှာ လောဘစတဲ့ကိလေသာတွေ မဖြစ်နိုင်တော့ဘူး။ ထိုကာလသုံးပါးစလုံးမှာ တွေးတောစဉ်းစားပြီး ဖြစ်ပေါ်လာနိုင်တဲ့ကိလေသာတွေကို ဖြစ်ခွင့်မရအောင် ရှုမှတ်မှုဖြင့် မပြတ်ဒလပ်စပ်ရှုမှတ်နေမယ်ဆိုရင် ကိလေသာအပူမီး အပြီးငြိမ်းအေးပြီး အေးမြချမ်းသာနေရ ပါလိမ့်မယ်။ လို့ ဟောတော်မူခဲ့ပါတယ်။
တရားတော်ရဲ့အဆုံးမှာ သန္တအမတ်ကြီးဟာ ဖြစ်ခိုက်ရုပ်နာမ်တရားတွေကို ရှုမှတ်ရင်း ကိလေသာအပြီး ငြိမ်းအေးပြီး ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။
အချုပ်ပြောရင် တန်ဖိုးရှိတဲ့အချိန်တွေမှာ လောဘဖြစ်စရာတွေ၊ ဒေါသဖြစ်စရာတွေကို မစဉ်းစားဘဲ ဖြစ်ဆဲအပေါ်မှာ ဖြစ်တဲ့အတိုင်းကို ရှုမှတ်ပေးနေမယ်ဆိုရင် အကောင်းဆုံးအချိန်ကို အကောင်းဆုံးကုသိုလ်တရားတွေနဲ့ ဖြတ်သန်းနေတာပဲဆိုတာ ပြောချင်တာပါ။ ဒါကြောင့် အားလုံး အကောင်းဆုံးကျော်ဖြတ်တဲ့နည်းတွေနဲ့ ဘဝကို ကျော်ဖြစ်နိုင်ကြပါစေလို့ ပြောရင်း………
နိဂုံးချုပ်လိုက်ပါရစေ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့