Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 23 May 2012

“ထ” ဆင်ထူး၌ “၀” မဆွဲရ… “န” မသတ်ရ… “၀တ်ဆံနှစ်လုံး” မပေါက်ရ…

“ထ” ဆင်ထူး၌ “၀” မဆွဲရ… “န” မသတ်ရ… “၀တ်ဆံနှစ်လုံး” မပေါက်ရ…


“အမတ်ကြီးများ…”
“ဘုရား…”
“အေးကွယ်… ငါကိုယ်တော်ကြီးလဲ သက်တော်က သေခါနီးပြီမို့ ပြည်ရေးပြည်ရာ အကြောင်းလေးတော့ဖြင့် မေးစမ်းချင်ပါဘိတော့တယ်လေ… ကဲ… လျှောက်တင်ကြစမ်းပါဦးဟဲ့…”
“မှန်လှပါ ဘုရား… ဘုန်းတော်ကျက်သရေနှင့် ပြည့်စုံတော်မူသော အရှင်မင်းကြီး အသက်ရှင်နေသေးပါသဖြင့် ယနေ့ မြန်ပြည်တစ်လွှားရှိ အနယ်နယ်အရပ်ရပ်၌ ဆီမီးရောင်များ ထိန်ထိန်ညီးလျှက်ရှိကြောင်းပါ ဘုရား…”
“ကြားရတာ ၀မ်းသာမိလေတယ် အမတ်မင်းတို့…ဘယ် နတ်သိကြားဒေ၀ါတို့ကများ အခုလို လာရောက်ဆောင်ကျဉ်းပေးတော်မူကြသလဲဆိုတာ ငါကိုယ်တော်ကြားရအောင် ရွှေနားတော်သွင်းကြစမ်းပါဦးဟဲ့…”
“မှန်လှပါဘုရား… အစပျိုးသယ်ဆောင်လာခဲ့သူကတော့ အရှင့်သစ္စာစောင့်သိသူထဲမှ တစ်ပါးတည်းသော ၀န်မင်းကြီးပါဘုရား…”
“အိုကွယ်… တယ်လဲ တော်ပေတဲ့ ၀န်မင်းပေဘဲကိုးကွဲ့…ဟော အခုတောင် ညီလာခံမှာ သူ့ကို မတွေ့ရပုံထောက်ရင် ဒီအရေးအတွက် သူဆွေးနွေးစရာတွေနဲ့ အလုပ်ရှုပ်နေတာဖြစ်မယ်… အလိုက်သိကြလေတော့ အမတ်မင်းအပေါင်းတို့…”
“မှန်လှပါ ဘုရား… အကျွန်မျိုးတို့ အလိုက်သိစွာဖြင့် ၀န်မင်းကြီးပြောသမျှ ခေါင်းညိမ့်ရပါပေါ့ဘုရား…”
“အေးကွယ်… ၀န်မင်းကြီးက အမတ်မင်းအပေါင်းတို့ကို ဘာတွေများ မြွက်ကြားသေးပါသလဲဟဲ့…”
“မှန်လှပါ ဘုရား… မြန်ပြည်တစ်လွှား၌ အများအပြားသော လျှပ်စစ်တို့သည် မိုးပေါ်မှလာ လေဆီမှထွက် မြေထဲကယက်ယူ၍ ရသလို အလျှံပါယ်ပေါများနေပါသဖြင့် ၀န်မင်းကြီးမှ ပြည်သူပြည်သားတို့ကို အားမကိုးဘဲ ရောင်းစားသောနည်းဖြင့် တစ်ကိုတည်းဖြေရှင်းကာ လျှပ်စစ်အန္တရာယ်ကို နှိမ်နှင်းဆောင်ရွက်နေရသည်ဟု မြွက်ကြားတော်မူကြောင်းပါ ဘုရား…”
“တယ်လဲ အားကိုးရပေသကိုးကွဲ့… ငါကိုယ်တော်ရဲ့ အမျှော်အမြင်နဲ့ အခုလို စွမ်းပကားကြီးပေတဲ့ ၀န်ကြီးတွေကို ရွေးချယ်ခန့်ထားခဲ့မိတာဟာဖြင့် အင်မတန်မှ ကောင်းမွန်ပေသော အနာဂတ်ရဲ့ဆုလာဒ်ပေဘဲကွယ်…”
“မှန်လှပါဘုရား… ဘုန်းတော်သခင် မသေခင်အတွင်း တိုင်းပြည်အလင်းကိုဆောင် ဂုဏ်ထူးဂုဏ်ရောင်ပြောင်လှပေတဲ့ ၀န်မင်းကြီးပါဘဲဘုရား…”
“သြော်…ဒါနဲ့ အမတ်မင်းအပေါင်းတို့… ဒီကနေ့ ဒို့မြန်ပြည်သူတွေဆီက ဘာချီးမွမ်းထောပနာပြုသံတွေများ ကြားရပါသေးသလဲဟဲ့…”
“မှန်လှပါ ဘုရား… ဘုန်းတော်သခင် သက်တော်ထင်ရှားရှိစဉ်အတွင်း စီမံဆောင်ရွက်ပေးခဲ့သော ကောင်းခြင်းအဖျာဖျာတို့ကြောင့် အလုပ်နဲ့လက်နဲ့မပြတ်နေနိုင်ကြသော တိုင်းသူပြည်သားအပေါင်းတို့မှ ဘုန်းတော်သခင် အသက်တော်ရှည်စေလိုကြောင်း ဆုတောင်းထောပနာ ပြုတော်မူကြကြောင်းပါဘုရား…”
“အို… ကြားရတာ အားရှိလှပေတယ် အမတ်မင်းတို့… ဘယ်လိုသော အလုပ်အကိုင်ကောင်းတွေကိုများ စီမံချမှတ်ပေးထားကြပါသလဲဆိုတာ လျှောက်တင်တော်မူကြစမ်းပါဦးလေ…”
“မှန်လှပါဘုရား… အလင်းရောင် ၀န်မင်းကြီးရဲ့ စီမံချမှတ်ပေးမှုနဲ့အတူ တိုင်းသူပြည်သားတို့၌ လျှပ်စစ်မီးလာသောအခါ သံပြိုင်လက်ခုပ်တီးခြင်း၊ ပျက်သွားသောအခါ သံပြိုင်လက်ခုပ်တီးခြင်း၊ မင်္ဂလာဦးည၌ပင် ညားကာစဇနီးမောင်နှံတို့မှာ အချစ်ရည်မလူးနိုင်ကြဘဲ ရေမော်တာတင်ကြခြင်း၊ ထရန်စဖိုမာကို ကြည့်ရှုစောင့်ရှောက်ကြခြင်း၊ မီးစက်များကို ညအခါလူအိပ်ချိန်၌နှိုးကာ ညကင်းစောင့်ကြခြင်း၊ အရှင့်ကျေးဇူးတော်အား စောင့်သိသောအားဖြင့် ဖယောင်းတိုင်များကို သူ့ထက်ငါ အလုအယက်ဝယ်ယူ၍ တိုင်းပြည်အနှံ့ထွန်းညှိခြင်းတို့ဖြင့် မအားမလပ်ရှိတော်မူကြကြောင်းပါဘုရား…”
“အေးကွယ်… ရေနှင့်ကြာလို ပမာနှိုင်းရရင်တော့ အလင်းရောင်ဝန်မင်းကြီးနှင့် ဒို့ရွှေပြည်သူတွေကြား မီးရောင်တွေတဖွားဖွားနဲ့ တယ်လဲလိုက်ဖက်တော်မူလှတယ်… ငါကိုယ်တော် မသေခင်အတွင်း ရွှေအလင်းဆောင်ကြသကိုးကွဲ့…”
“မှန်လှပါဘုရား… ဖော်ပြပါရွှေအလင်းနှင့် အတူ နိမိတ်စကားအသစ်ကြီးများပါ ပေါ်ထွန်းလာကြောင်းပါဘုရား…”
“ကြားရတာ ၀မ်းသာပီတိ ဂွမ်းဆီထိရပါပေါ့လား အမတ်မင်းတို့ရယ်… ငါကိုယ်တော် ဘိသိတ်သွန်းတဲ့ ဒီဇမ္ဗူဒိတ်ဒိတ်ကျဲကျွန်းမှာဖြင့် နိမိတ်တွေလည်း ထွန်းပြန်ပါပေါ့လားကွယ်… ဘယ်လိုနိမိတ်တွေများလည်း သိရအောင် မနှေးအမြန်လျှောက်တင်စမ်းပါဦးတော့ဟဲ့…”
“မှန်လှပါဘုရား… ယနေ့မြန်ပြည်အတွင်း၌ ဖယောင်းတိုင်မီးများ ၀င်းဝင်းလက်လျှက်ရှိပါသဖြင့် အဆိုပါ နိမိတ်ကြီးပေါ်ထွန်းလာရကြောင်းပါဘုရား…”
“အမြန်လျှောက်တင်စမ်းပါတော့ အမတ်မင်း…”
“မှန်လှပါ ဘုန်းတော်သခင်မင်းကြီးဘုရား… ယနေ့ပေါ်ပေါက်လာခဲ့သော နိမိတ်ကြီးမှာကား “ထ” ဆင်ထူး၌ “၀” မဆွဲရ… “န” မသတ်ရ… “၀တ်ဆံနှစ်လုံး” မပေါက်ရ… ဟူ၍ ဖြစ်တော်မူပါသည်ဘုရား…”
“အဲကွယ်…တယ်လဲဆန်းကျယ်လှပါကရောလား အမတ်မင်းတို့ရယ်… ငါကိုယ်တော် သေခါနီးလာခဲ့တာတောင် ဒီလိုဆန်းပြားတဲ့နိမိတ် ဆိတ်ဆိတ်တောင်မကြုံခဲ့မိပေဘူး… အဓိပ္ပါယ်သိရအောင် ပုဏ္ဏားဖြူ ပုဏ္ဏားညို ပုဏ္ဏားနက်တို့အား ရှေ့တို့သို့ သွင်းကြချေစမ်းပါဦးဟဲ့…”
“အို…ပုဏ္ဏားအပေါင်းတို့…”
“မှန်နည်းကီးကြောင်းပါဘုရား…”
“သြော်…ဒါနဲ့ ငါ့တိုင်းပြည်တွင်း နိမိတ်တွေထွန်းဆိုကွဲ့…”
“မှန်နည်းကီးကြောင်းပါဘုရား…”
“ငါကိုယ်တော်၏ ဘုန်းတော်ကျက်သရေကြောင့် ဒီနိမိတ်တွေထွန်းဆိုကွဲ့…”
“မှန်နည်းကီးကြောင်းပါဘုရား…”
“(“ထ” ဆင်ထူး၌ “၀” မဆွဲရ… “န” မသတ်ရ… “၀တ်ဆံနှစ်လုံး” မပေါက်ရ…)ဆိုကွဲ့…”
“မှန်နည်းကီးကြောင်းပါဘုရား…”
“အင်းကွယ်… ငါကိုယ်တော် ငယ်စဉ်တုန်းက သင်ပုန်းစာအုပ်ပျောက်လို့ စာမကျက်ခဲ့ရပေဘူး… အဓိပ္ပါယ်လေးသိရအောင် စုံစုံစေ့စေ့ လျှောက်တင်တော်မူကြစမ်းပါဦးဟဲ့…”
“မှန်နည်းကီးကြောင်းပါဘုရား… ဖယောင်းတိုင်တို့ဖြင့် ဆင်ယင်၍ လက်ပေါ်၌တင်၍ထွန်းကာ တိုင်းပြည်အလင်းဂုဏ်ကို ဆောင်တော်မူကြကုန်သော ပြည်သူပြည်သားအပေါင်းတို့၏ အကျိုးစီးပွားကို ငဲ့ကွက်သောအားဖြင့် ဤကဲ့သို့သော နိမိတ်ဆန်းကြီးပေါ်ထွက်လာကြောင်းပါဘုရား… (“ထ” ဆင်ထူး၌ “၀” မဆွဲရ…) ဟူသည်မှာ “ထ”ဆင်ထူးကို “၀” ဆွဲလိုက်ရာတွင် “ထွ”ဟု စတင်ရရှိလာပြီဖြစ်သဖြင့် တိုင်းပြည်နိုင်ငံ၏ ယိုပေါက်ထွက်ပေါက်ကို အစပျိုးစေသော နိမိတ်ပါဘုရား… ပြည်သူပြည်သားတစ်ဦးလျှင် ဖယောင်းတိုင်တစ်တိုင်ကျစီထွန်းညှိနေကြပါသဖြင့် တိုင်းပြည်၏ယိုပေါက်ကြီးကို ချဲ့ထွင်ရာရောက်နေပါသောကြောင့် စေတနာ သဒ္ဒါတရား တအားပိုရှာလေသော ၀န်မင်းကြီးမှ မထွန်းရန်တားမြစ်တော်မူကြောင်းပါဘုရား…”
“ဟုတ်ပေသားဘဲကွယ်… ငါကိုယ်တော်ရဲ့ တိုင်းပြည်မီးလင်းဖို့ ဖယောင်းတိုင်တွေမလိုလွန်းလှပါဘူးလေဟယ်… နေပြည်တော်ကြီးတစ်ခုလင်းနေရင် ငါကိုယ်တော်ရဲ့ အရှင့်သစ္စာကို စောင့်သိပြီးသားဖြစ်ပေပြီမို့ မထွန်းလဲအရေးမဟုတ်ပေဘူး… ၀န်မင်းကြီး ချမှတ်ပေးထားတဲ့ လျှပ်စစ်စည်းမျဉ်းစည်းကမ်းတွေအတိုင်းလိုက်နာပြီး လာတဲ့အခါလက်ခုပ်တီးလို့ ပျက်တဲ့အခါလည်းလက်ခုပ်တီးကာ လက်ခုပ်သံမြိုင်မြိုင်ဝေတဲ့ တိုင်းပြည်ကြီးအဖြစ်နေထိုင်သွားကြရင်ဖြင့် ပျော်စရာအတိပြီးတဲ့ ရွှေနိုင်ငံကြီးဖြစ်ပေဦးတော့မှာဘဲ… မထွန်းကြလေနဲ့ ပုဏ္ဏားအပေါင်းတို့…”
“မှန်နည်းကီးကြောင်းပါဘုရား…”
“အဲလေ… ဒါနဲ့ ဟို (“န” မသတ်ရ…)ဆိုတာလေးလဲ လင်းစမ်းပါဦး ပုဏ္ဏားညိုကြီးရဲ့…”
“မှန်နည်းကီးကြောင်းပါဘုရား… “န” မသတ်ရ…ဟူသည်မှာ သေခါနီးပြီဖြစ်သော နိုင်ငံ၏ အရှင်သခင်ကို ဖယောင်းတိုင်ထွန်း၍ သတ်သကဲ့သို့ဖြစ်မည်ဆိုးတော်မူပါသဖြင့် ဖယောင်းညှော်မမိစေလိုသော စေတနာရှေ့ထားကာ ပိတ်ပင်သမှုပြုရကြောင်းပါဘုရား…”
“သင့်မြတ်လှပါပေတယ် ပုဏ္ဏားအပေါင်းတို့… ငါကိုယ်တော် သေခါနီးသည့်တိုင် ဤဖယောင်းတိုင်ငွေ့ကို ရှူဖူးခဲ့ချေသည်မရှိ… ယနေ့မှ စ၍ထွန်းညှိကြသည်ရှိသော် ၄င်းဖယောင်းတိုင်တို့၌ပါသော အဆိပ်ဓာတ်ငွေ့တို့သည် ငါကိုယ်တော်စံမြန်းရာ နေပြည်တော်ထီးနန်းအထိပျံ့လွင့်လာနိုင်ချေသည်ဖြစ်ရာ တားမြစ်သင့်ပေသည်မှာလည်း မှန်လှပေသည် ပုဏ္ဏားအပေါင်းတို့…”
“မှန်နည်းကီးကြောင်းပါဘုရား…”
“ကဲကွယ်…ဒါဖြင့် နောက်ဆုံးတစ်ခုဖြစ်တဲ့ (“၀တ်ဆံနှစ်လုံး” မပေါက်ရ…) ဟူသည့်အဓိပ္ပါယ်ကို ငါကိုယ်တော်ရွှေနားတော်တွင်း ကွက်ကွက်ကွင်းကွင်းမြင်သာအောင် သွင်းတော်မူကြစမ်းပါဦးဟဲ့…”
“မှန်နည်းကီးကြောင်းပါဘုရား… အလင်းရောင်မင်းကြီး မြတ်နိုးတန်ဖိုးထားအပ်သော ဓာတ်မီးတိုင်များအား ခွေးထီးအလေအလွင့်များမှ မကြာမကြာ သေးပန်းတတ်ပါသောကြောင့် အဆိုပါ ခွေးထီးတို့၏ မဖွယ်မရာနေရာအား နာမ်စားသုံးစွဲပြောဆိုကာ (“၀တ်ဆံနှစ်လုံး” မပေါက်ရ…)ဟု တားမြစ်သည်ဖြစ်ကြောင်းပါ ဘုရား…”
“အိမ်း…ကြားရတာဖြင့် ငါကိုယ်တော်နားဝ ပျားသကာခသလို ချိုလှချေတော့တယ် ပုဏ္ဏားအပေါင်းတို့… ငါကိုယ်တော် သေခါနီးချိန်မှာ ဤကဲ့သို့ တိုင်းပြည်နိုင်ငံရေးအတွက် အဘက်ဘက်က စဉ်းစားတွေခေါ်စေတတ်သော ၀န်မင်းကြီးများကျန်ရှိနေခဲ့ပါသဖြင့် ငါကိုယ်တော် အသေဖြောင့်ရချေဦးတော့မည်… ယခုလို ငါ၏ဇမ္ဗူဒိတ်ကျွန်းမှာ ထွန်းလာတဲ့ တဘောင်နိမိတ်တို့အား ပြည်သူပြည်သားအပေါင်းတို့ သိစေကြခြင်းအလို့ငှာ နိုင်ငံအ၀န်း၌ ချိတ်ဆွဲရန်ပြင်ကြပေတော့ ၀န်မင်းအပေါင်းတို့…”
“မှန်လှပါဘုရား… အရှင်မင်းတရားကြီး၏ ထိုအမိန့်ကို စောင့်မျှော်နေရပါသေးသဖြင့် ယခုအခါ၌ မည်သည့်အရာကိုမျှ ချိန်ဆွဲခြင်းမပြုသေးဘဲ ခေါ်ယူစစ်ဆေးမှုများကိုသာ ဆောင်ရွက်လျှက်ရှိကြောင်းပါဘုရား…”
“အိမ်းကွယ်… အမောင်မင်းတို့ရဲ့ အလင်းရောင်ဝန်ကြီးနဲ့တိုင်ပင်ပြီး သင့်တော်သလိုသာ စီမံဆောင်ရွက်ကြချေတော့… ငါကိုယ်တော် စိုးစံတဲ့ ဒီထီးနန်းမှာ ကျက်သရေမင်္ဂလာဟိန်းပြီသမို့ ငါ့ညီလာခံ အခုဘဲသိမ်းမယ်… ကဲ… ဘိန်းမောင်းရယ်ဆော်ကြပါတော့လား ရွာစားတို့…”
“ပလုံး…ပလောင်… ပလုံး… ပလောင်…”

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့