Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

မိမိအတွင်းစိတ်ကို ပြုပြင်

ဝိပဿနာကျင့်စဉ်နဲ့ ကျင့်လာရင်တော့ မိတ်ဆွေတို့တွေဟာ အခြားရူထောင့်တွေ အမျိုးမျိုးကနေပြီး မြင်တတ်လာကြပါလိမ့်မယ်၊ ခန္ဓာကိုယ်ရဲ့အပြင်မှာ တစ်ခုခုဖြစ်တယ်ဆိုရင် ခန္ဓာကိုယ်ရဲ့အတွင်းမှာ တစ်ချိန်တည်းမှာပဲ ဘာတွေဖြစ်ပါသလဲဆိုတာ ပိုအရေးကြီးပါတယ်။ ဒါကိုမသိကြဘဲ ဖြစ်နေခဲ့ကြပါတယ်။ ဒီတရားကျင့်စဉ်ကို ကျင့်ကြရတဲ့အခါကျတော့ အတွင်း ရူထောင့်ကနေပြီးလည်း ရူတတ်လာကြပါတယ်။

အပြင်ရူထောင့်တစ်ခုတည်းကနေ မြင်နေရင်တော့ ငါစိတ်ဆင်းရဲမူ ဖြစ်ရတာဟာ ပြင်ပလောကကြောင့်ဖြစ် ရတာ၊ ဒီပုဂ္ဂိုလ်ကြောင့်၊ ဒီကိစ္စကြောင့် ဒီပုဂ္ဂိုလ်ကို ပြုပြင်ပေးလိုက်ရင်၊ ဒီကိစ္စကိုပြုပြင်ပေးလိုက်ရင် ငါ့ရဲ့ စိတ်ဆင်းရဲ ရတာတွေဟာ ပျောက်ကွယ်သွားမှာပဲလို့ ထင်တတ်ကြပါတယ်။
ပြီးတော့ မိတ်ဆွေတို့ဟာ တတ်အားသရွေ့ စွမ်းအားစွမ်းရည်တို့နဲ့ ပြင်ပမှာ ဖြစ်နေတဲ့ ကိစ္စ၊ ပြင်ပက ပုဂ္ဂိုလ်တွေကို ပြုပြင်ကြပါတယ်။ ဒါပေမယ့် ပြင်ပကို ပြုပြင်လို့မရပါဘူး။ သူများတွေကို ကိုယ်က ဘယ့်နှယ်လုပ်ပြီး ပြုပြင်နိုင်ပါ့မလဲ။ ယောက်ျားကလည်း ငါ့မိန်းမကိုသာ ပြုပြင်လိုက်ရင် အားလုံးကောင်းသွားမှာပဲ။ မိန်းမကလည်း ငါ့ယောက်ျားကြောင့် ငါ့စိတ်ဒုက္ခတွေဖြစ်နေရတာ၊ သူ့ကို ပြောင်းလဲပေးလိုက်ရင်၊ ပြုပြင်ပေးလိုက်ရင် အားလုံးအဆင်ပြေသွားမှာပဲလို့ ထင်နေတတ်ကြပါတယ်။ ဒီလိုပါပဲ မိဘတွေက သားသမီးတွေကို၊ သားသမီးတွေက မိဘတွေကို၊ မိတ်ဆွေတွေအချင်းချင်း အားလုံးဟာ သူများတွေကိုသာ ပြုပြင်ပြောင်းလဲစေချင်ကြပါတယ်။ ဘာပြုလို့လဲဆိုတော့ သူတို့စိတ်မချမ်းသာဖြစ်ရ တာဟာ ပြင်ပကြောင့်လို့ ယူဆနေကြလို့ ဖြစ်ပါတယ်။ အမှတ်တမဲ့ဆိုရင်တော့ ဟုတ်သလိုလိုပါပဲ။ ဒီလူက ဒီလိုပြောလို့၊ ဒီလိုလုပ်လို့၊ စိတ်ညစ်ရတာလို့ ထင်ရပေမယ့် ၀ိပဿနာရူလို့ ပညာသိက္ခာကို မိတ်ဆွေတို့ ရောက်လာကြပြီဆိုရင်တော့ အခြားရူထောင့်ကလည်း ကြည့်တတ်လာပါတယ်။
မိတ်ဆွေတို့ဟာ တစ်ဖက်သတ်မဟုတ်ဘဲနဲ့ နှစ်ဖက်ကနေ ရူတတ်လာတော့ ငါစိတ်မချမ်းသာတာဟာ တစ်ပိုင်းကတော့ ပြင်ပမှာဖြစ်တဲ့ကိစ္စကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ပိုင်းကတော့ “ငါ့ရဲ့အတွင်းသန္တာန်မှာ ဖြစ်မူတစ်ခုကြောင့်ပါပဲ”လို့ ဖြစ်ရတဲ့အကြောင်းကို တစ်ဝက်စီခွဲပြီး၊ သူများကို ပြုပြင်ပေးဖို့ချည်းပဲ အောက်မေ့မနေဘဲ ကိုယ့်ကိုလည်း ပြုပြင်ပြောင်းလဲပေးမယ် ဆိုရင် ကောင်းပါတယ်။ မိတ်ဆွေတို့ဟာ ၀ိပဿနာပညာလမ်းပေါ်မှာ ပိုပိုပြီးတိုးတက်မူ ရှိလာပြီဆိုရင်တော့ ကိုယ့်ရဲ့အတွင်းသန္တာန်မှာရှာပြီး ရူလိုက်ရင် ငါ့ရဲ့စိတ်ဆင်းရဲမူ ဖြစ်ရခြင်းအကြောင်းရင်းဟာ ရာခိုင်နူန်းအပြည့် ငါ့အတွင်းက ဖြစ်ပေါ်လာတာလို့ အမြင်မှန်ကို ရကြပါလိမ့်မယ်။ အပြင်ပက ဘယ်သူကမှ ဘယ်ပစ္စည်းကမှ ဘယ်အဖြစ်အပျက် ဘယ်အခြေအနေကမှ ငါ့ကို တကယ် စိတ်ချမ်းသာအောင် မလုပ်နိုင်ပါဘူး။
ဒီအတိုင်းပဲ ဘယ်သူ ဘယ်ပစ္စည်း ဘယ်အဖြစ်အပျက် ဘယ်အခြေအနေကမှလဲ ငါ့ကို စိတ်ချမ်းသာအောင် လုပ်မပေးနိုင်ပါဘူး။ ငါ့ရဲ့ စိတ်ဆင်းရဲမူ စိတ်ချမ်းသာမူတွေဟာ ငါ့ရဲ့အတွင်း ငါ့ရဲ့စိတ်ပေါ်မှာသာ တည်နေတာပါ။ ပြင်ပက မဟုတ်ပါဘူးဆိုတာကို ကောင်းကောင်းကြီး သိရှိနားလည်လာနိုင်ကြပါလိမ့်မယ်။
ဒီပညာအဆင့်ကို ရောက်ဖို့ရာကို တရားဟောတာကို နားထောင်ပြီး စာအုပ်တွေ ဖတ်ပြီးတော့ ရောက်နိုင်တာ မဟုတ်ပါဘူး။ မိမိတို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ အမှန်တရားကို ရှာဖွေရရှိပြီးမှ ထင်ရှားလာတာ ဖြစ်ပါတယ်။ စိတ်ဆင်းရဲရတာတွေက လွတ်မြောက်ဖို့ရန်မှာ ကိုယ်အတွင်းစိတ်ကို ကိုယ်ပြုပြင်ရမှာ ဖြစ်ပါ တယ်။ ပြင်ပကို ပြုပြင်ရမှာ မဟုတ်ပါဘူး။
ဥပမာတစ်ခုကိုပေးပါဦးမယ်။ ဆိုကြပါစို့ လူတစ်ဦးတစ်ယောက်က မိတ်ဆွေတို့ကို ရန်ပြုပါတယ်။ မိတ်ဆွေတို့ဟာ ဘာမှအပြစ်မရှိပါဘူး။ မိတ်ဆွေဟာ ရုံးမှာ တရားစွဲတော့ အမူက တစ်ရုံးကနေ တစ်ရုံ တက်တက်သွားလိုက်တာ နောက်ဆုံးကျတော့ ခုနှစ်နှစ်လောက် ကြာသွားပြီး တရားရုံးချုပ်ကြီးအထိ ရောက်သွားပါတယ်။ တရားရုံချုပ်ကြီးက တရားသူကြီးက မိတ်ဆွေမှာ ဘာအပြစ်မှမရှိပါဘူး။ အပြစ်ဟာ အားလုံးရာခိုင်နူန်းအပြည့် ဒီလူအပြစ်ပါပဲလို့ဆိုပြီး ဒီလူကို ဒဏ်ခတ်ပါတယ်။ မိတ်ဆွေမှာ အပြစ်မရှိပါဘူးဆိုရင် ဘာဖြစ်လို့ပြီးခဲ့တဲ့ ခုနှစ်နှစ်လုံးလုံးမှာ မိတ်ဆွေဟာ စိတ်မချမ်းမသာ ဖြစ်ခဲ့ကြရတာပါလဲ၊ အေးအေးချမ်းချမ်းလဲ မအိပ်ရပါဘူး။ တစ်ချိန်လုံး(ခုနှစ်နှစ်လုံး) မိတ်ဆွေဟာ စိတ်ပူပန်သောကတွေ ဖြစ်ခဲ့ရပါတယ်။ စိတ်ညစ်ရ၊ စိတ်တိုရ ဖြစ်နေခဲ့ရပါတယ်။ ဘာဖြစ်လို့ မိတ်ဆွေဟာ ဒီလိုခံစားရတာပါလဲ။ ၀ိပဿနာပွားများမယ်ဆိုရင် အဖြေမှန်ကို သိကြမှာပါပဲ။
ဒီခုနှစ်နှစ်အတွင်းမှာ မိတ်ဆွေတို့ဟာ ခံစားရတဲ့ အကြောင်းတွေဟာ မိတ်ဆွေတို့ ရဲ့အတွင်းသန္တာန်မှာ ဖြစ်ပါတယ်။ မိတ်ဆွေတို့သာလျှင် တာဝန်ရှိပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ တာဝန်မရှိပါဘူး။ လူတွေဟာ သူတို့ရဲ့ အတွင်းနက်တဲ့ စိတ်အပိုင်းကို သေသေချာချာစူးစမ်းပြီး မကြည့်ကြတော့ အမှန်ကိုမသိကြဘဲ ယောင်ယောင်မှားမှားတွေဖြစ်၊ အထင်မှား အမြင်မှားတွေ ဖြစ်နေကြပါတယ်။
ဝိပဿနာကိုစပြီး ကျင့်သုံးတော့ ဝေဒနာကိုစပြီး ရူနေရုံ၊ ခံစားနေရုံ မဟုတ်တော့ဘဲ ခန္ဓာငါးပါးကလည်း သေသေချာချာ ထင်ထင်ရှားရှားပေါ်လာပါတယ်။ ခန္ဓာငါးပါးရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းမှာတော့ အဋ္ဌကလာပတွေဟာ တစ်ချိန်လုံးပဲ စိတ်ရဲ့ လွှမ်းမိုးမူကို ခံနေကြရပါတယ်။ စိတ်ကြောင့်မို့ သူတို့အပေါ်မှာ ဝေဒနာအမျိုးမျိုး ပေါ်ပေါက်နေရပါတယ်။ စိတ်ခန္ဓာအပိုင်းမှာ ၀ိညာဉ်၊ သညာ၊ ဝေဒနာနဲ့ သင်္ခါရတို့မှာ သင်္ခါရကအားကောင်းပြီး အားနည်းနေတဲ့ ၀ိညာဉ်ကို နိုင်နင်းလေ့ရှိပါတယ်။ သညာကတော့ အမြဲပဲ ဝေဖန်တာမှားတတ်ပါတယ်။ တန်ဖိုးဖြတ်ရာမှာ မှားတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သညာဟာ ဖြစ်ခဲ့ဖူးတဲ့ အတိတ်က သင်္ခါရတွေရဲ့ အလွှမ်းအမိုးကို ခံရခြင်းကြောင့် ဖြစ်ပါတယ်။ အတိတ်က အစွဲတွေ နှစ်သက်မူတွေ၊ မနှစ်သက်မူတွေပေါ်မှာ တည်ပြီးတော့ ဝေဖန်ပါတယ်။ ဒီဝေဖန်ချက်တွေဟာ မှားနေတတ်ပါတယ်။

ဒီဝေဖန်ချက်တွေ ရဲ့အပေါ်မှာတည်ပြီး ဝေဒနာတွေဖြစ်ပေါ်စေပါတယ်။ ပေါ်လာတဲ့ဝေဒနာတွေကို ယောဂီတို့က တုံ့ပြန်မူလူပ်ကြပါတယ်။ ဒီလိုနဲ့ ရုပ်နာမ်တရားတွေ၊ ဘယ်လို ဖြစ်ကြပျက်ကြတယ်ဆိုတာဟာ ထင်ရှားလာပြီး လွတ်မြောက်ဖို့ရာ လွယ်ကူလာပါတယ်။
ဥပမာ တစ်ခုပြောပြပါဦးမယ်။ မိတ်ဆွေတို့နဲ့ အဆင်မပြေတဲ့ သူတစ်ယောက်က မိတ်ဆွေကို စိတ်မချမ်းသာအောင် လုပ်တယ်ဆိုပါတော့ သူက မိမိကိုလာပြီး ဆဲတယ်ဆိုပါတော့၊ ဒီတော့ မိမိက စိတ်မချမ်းမသာ ဖြစ်သွားရပါတယ်။ မိမိက တရားအရာမှာ ရင့်ကျက်နေပြီဖြစ်တဲ့ သူဆိုလျှင် ချက်ချင်းပဲသိပါလိမ့်မယ်။ အဆဲခံရလို့ စိတ်မချမ်းမသာဖြစ်တာဟာ မိမိရဲ့ အပြစ်ပဲ”လို့။ သူလာပေးတဲ့ အဆဲလက်ဆောင်ကို သူ့ဆီက မိမိကိုယ်တိုင်က လက်မခံရင် မိမိရဲ့ သညာက အို-မကောင်းလိုက်တာ၊ ဆိုးလိုက်တာလို့ ပြောဆိုခွင့်ရှိမှာ မဟုတ်ပါဘူး။ သညာက ဆိုးလိုက်တာ မကောင်းလိုက်တာလို့ တန်ဖိုးမဖြတ်လိုက်ရင် မိမိရဲ့ ဝေဒနာကလဲ ခံရခက်တဲ့ဝေဒနာ ဖြစ်မှာမဟုတ်ပါဘူး။ သူများလာပေးတဲ့ အဆဲလက်ဆောင်ကို လက်ခံလိုက်တာဟာ မိမိရဲ့အမှားပါပဲ။
ဘုရားရှင်လက်ထက်က အဖြစ်လေးတစ်ခုပြောပြပါဦးမယ်။ တစ်ခါက ပုဏ္ဏားအိုကြီးတစ်ဦးက သူ့ရဲ့သား ၇-ယောက်၊ ချွေးမ ၇-ယောက်စလုံးဟာ မြတ်စွာဘုရားထံမှာလာပြီး တရားကျင့်ကြတော့ အဘိုးအိုကြီးက မကျေမနပ်ဖြစ်ပြီး စိတ်ဆိုးပြီးတော့ ဘုရားထံ ကန့်ကွက်ဖို့ ရန်တွေ့ဖို့ ဒေါသနဲ့သွားပါတယ်။
ဘုရားထံရောက်တော့ အဘိုးအိုကြီးက ဒေါသနှင့်ပြောဆိုတော့ မြတ်စွာဘုရားက “အဘိုးကြီး သင်ရဲ့အိမ်ကို ဧည့်သည်များ မလာကြဘူးလား။ လာတဲ့ဧည့်သည်တွေရော တချို့က လက်ဆောင်တွေမယူလာကြဘူးလား။ ဒီလက်ဆောင်ကို သင်ကလက်မခံရင် ဒီလက်ဆောင်က ဘာဖြစ်သွားပါသလဲ”လို့မေးတော့ အဘိုးကြီးက “ပေးတဲ့လက်ဆောင်ကို လက်မခံရင် ဒီလက်ဆောင်ဟာ ပေးတဲ့ပုဂ္ဂိုလ်ထံမှာပဲ ရှိနေသေးတာပေါ့”လို့ ဖြေပါတယ်။ ဒီတော့ မြတ်စွာဘုရားက ဒီအတိုင်းပါပဲ။ “သင်လာပေးတဲ့ ဒေါသလက်ဆောင်ကို ကျွန်ုပ်က လက်မခံတော့ ဒီဒေါသဟာ သင့်ထံမှာပဲ ရှိနေပါတယ်”လို့ မိန့်တော်မူပါတယ်။
အဘိုးကြီးက အင်မတန်ပညာရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အမှန်မသိမူ အ၀ိဇ္ဇာမြူမူန်ကလေး နည်းနည်းကလေးသာ အုပ်နေသူဖြစ်တော့ ဘာသာရေးအစွဲတွေ၊ ထုံးတမ်းစဉ်လာ စရိုက်အရ လုပ်ဆောင်မူတွေကို စွဲလမ်းမူတွေဖြစ်နေတော့ ဒါတွေဟာ အတားအဆီးတွေ ဖြစ်နေကြတာပါ။ မြတ်စွာဘုရားက အမိန့်ရှိလိုက်တာကို အဘိုးကြီးက နားလည်သွားပြီး ဘုရားထံမှာ တရားတောင်းပါတယ်။ လူတွေဟာ ကိုယ့်ကိုမကောင်းတဲ့ လက်ေ်ဆာင်ပေးလာရင် ကိုယ်ကမကောင်းတဲ့လက်ဆောင် ၁၀-ခုလောက် ပြန်ပေးလေ့ရှိပါတယ်။ သူလဲစိတ်မချမ်းသာ၊ ကိုယ်လဲစိတ်မချမ်းသာ ဖြစ်ကြရပါတယ်။
ပုဂ္ဂိုလ်တစ်ဦးဟာ ဆဲတယ်ဆိုရင် ဒီဆဲတဲ့သူရဲ့ စိတ်ထဲမှာ အကုသိုလ်စိတ်တွေဖြစ်နေပြီး သူကိုယ်တိုင် စိတ်ဆင်းရဲမူတွေကို ခံစားနေရပါပြီ။ သူဆဲတယ်ဆိုကတည်းကပဲ ဒေါသတွေပွားပြီး ခံစားနေရပါပြီ။ သူဆဲတာကို မိမိကတုံ့ပြန်ရင် မိမိလည်း စိတ်ဆင်းရဲဖြစ်ရမှာပေါ့။ မိမိက ဘယ်လိုမှ မတုံ့ပြန်ပါဘူးဆိုရင်တော့ သူဆဲတာဟာ စကားလုံးတွေပဲရှိနေပြီး မိမိရဲ့သညာက ဒီစကားလုံးတွေကို အဓိပ္ပာယ်အမှား ကောက်ယူမှာ မဟုတ်ပါဘူး။ သညာကို ပညာဖြစ်အောင် ပြောင်းလိုက်ပြီဆိုရင်တော့ မိမိအဆဲခံရရင် အဲဒီပုဂ္ဂိုလ်ဟာ အသိတရားမရှိတဲ့ပုဂ္ဂိုလ်ပဲ။ သူဟာ အင်မတန် စိတ်ဆင်းရဲ စိတ်သောကရောက်နေတဲ့သူပဲလို့ သူ့အပေါ်မှာ ကရုဏာတောင် သက်မိပါဦးမယ်။
အခုတော့ မိမိက မှားသွားပါပြီ။ သူလာပေးတဲ့ အဆဲလက်ဆောင်ကို လက်ခံလိုက်မိပါတယ်။ ဒီတော့ မိမိစိတ် မချမ်းမသာဖြစ်ရပါတယ်။ ဒီလူက တစ်ခါတည်းပဲ ဆဲတာ၊ မိမိကို စိတ်ဆိုးအောင် တစ်ခါတည်းပဲ လုပ်တာဖြစ်ပါတယ်။ ဒါပေမယ့် မိမိက ဒီကိစ္စကို တအုံးနွေးနွေးနဲ့ သူငါ့ကို ဒီလိုဆဲလိုက်တယ်။ ဒီလိုစော်ကားလိုက်တယ်နဲ့ ထပ်ကာထပ်ကာ အဖန်တလဲလဲ စမြုံ့ပြန်နေပါတယ်။ ဒီလိုပြန်ပြန်ပြီး စဉ်းစားတိုင်း စဉ်းစားတိုင်း ပိုပိုပြီး စိတ်မချမ်းသာလေလေ ဒီလူက မိမိကို တစ်ခါပဲ စိတ်မချမ်းသာအောင်လုပ်တာဟာ မိမိက နောက်ထပ်အဖန်တလဲလဲ နေ့ရက်တွေ အကြာကြီး စိတ်မချမ်းမသာဖြစ်ရပါတယ်။ တစ်ခါတစ်လေများကျရင် ငါ့ကို ဒီလိုစော်ကားတာ တစ်သက်လုံးမမေ့ဘူး၊ မကြေဘူးလို့များ ပြောလိုက်ပါသေးတယ်။ ဒါက ဘယ်သူ့အကျိုးပါလဲ။ တစ်သက်လုံးမကြေလျှင် ကိုယ်ပဲ တစ်သက်လုံး စိတ်မချမ်းမသာဖြစ်ရမှာပေါ့။ တချို့ကများ တစ်သက်တောင်မကပါဘူး။ နောင်ဆယ်ဘ၀ ဆယ်သက်မကြေဘူးလို့များတောင် ပြောလိုက်ကြပါသေးတယ်။
ဒါတွေဟာ ကိုယ့်မီးကို ကိုယ်မွှေး ကိုယ့်သောက ကိုယ်ဖန်တီးကြတာပါပဲ။ အစကတည်းက သူလာပေးတဲ့ လက်ဆောင်ကို လက်မခံသင့်ပါဘူး။ ဘယ်သူကဆဲဆဲ ဘာပြောပြော ကိုယ်က မတုံ့ပြန်ဘူး လက်မခံဘူးဆိုရင် ကိုယ်စိတ်မချမ်းမသာဖြစ်ရမှာ မဟုတ်ပါဘူး။ အုခုတော့ ကိုယ်က လက်ခံလိုက်ရုံတင် မကသေးဘူး။ နောက်ထပ်အခါခါ ကြီးသထက်ကြီးအောင် တိုးသထက်တိုးအောင် တိုးပွားပေးလိုက်သေးတာကို။ ဒါတွေအားလုံးဟာ ပိုပိုပြီး ရှင်းရှင်းလာပါလိမ့်မယ်။
ဒါက တရားဟောတာကို နားထောင်ရလို့ မဟုတ်ပါဘူး။ မိမိတို့ ကိုယ်တိုင် ဒီတရားကို ပိုပိုကျင့်လာတဲ့အခါကျတော့ စိတ်ခန္ဓာကိုလဲ အမျိုးမျိုး အဖုံဖုံ လေ့လာကြမှာ ဖြစ်ပါတယ်။ တရားရူနေတုန်းမှာပဲ ပြင်းထန်းတဲ့ ကိုယ်ဝေဒနာ စိတ်ဝေဒနာတွေ ခံစားလာရတာတွေကို ရူရုံမျှသာ ရူနေကြပြီး ဘယ်လိုမှ တုံ့ပြန်မူမလုပ်ရင် ဒီကိုယ်ဝေဒနာတွေ စိတ်ဝေဒနာတွေဟာ သူတို့ဟာ သူတို့ပျောက်ကွယ်သွားကြပြီး မိတ်ဆွေတို့ဟာ အနိစ္စတရားကို ထင်ရှားတွေ့ရှိ ခံစားနိုင်ကြပါလိမ့်မယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့