Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 16 April 2013

ချယ်ရီရေ…


ချယ်ရီရေ…
သံယောဇဉ်ဆိုတဲ့စကားကို
ပြန်ပြောချင်ရင်လည်းမကြားပါရစေနဲ့တော့
မင်းလွှတ်ချလိုက်တဲ့သစ္စာတရားတွေထဲမှာ
ငါ့ရဲ့ မေတ္တာတရားတွေလည်းပါသွားခဲ့ပါပြီ
အတူပြန်လည်ရေတွက်ခွင့်မရတော့တဲ့
ကြယ်တွေအကြောင်း
ငါ ကောင်းကောင်းနားလည်လိုက်ပါပြီ။
မင်းကြောင့်
အပြစ်မဲ့ ကြယ်တွေကြွေကျသွားတယ်ဆိုရင်တောင်
ငါ...
ဘယ်သူမှမသိအောင်
တိတ်တဆိတ် ကောက်သိမ်းထားလိုက်ပါ့မယ်ကွယ်။
ချယ်ရီရေ...
ခုလို ပန်းပိတောက်တွေ တလှိုင်လှိုင်ပွင့်တဲ့အချိန်ဆိုရင်
မင်းမျှော်ခဲ့ဘူးတဲ့ ပိတောက်ဖူးတွေအကြောင်း
ငါ... ကောင်းကောင်းသတိရနေတုန်းပါ
ပန်းခူးတဲ့လက်မျိုးထက်
ပန်းပျိုးတဲ့လက်မျိုးပဲဖြစ်ချင်ခဲ့ကြတဲ့
မင်းနဲ့ငါ
ဝါသနာတွေလည်းတူခဲ့ကြပါတယ်...
ချယ်ရီရေ...
ကေသာထက်မှာအလှဆင်ဖို့ထက်
ပင်ယံထက်မှာသာ တင့်နေစေဖို့
တို့တွေရဲ့ဆုတောင်း
ခုတော့
ကောင်းကောင်းပြည့်သွားခဲ့ပါပြီ...။
ချယ်ရီရေ...
ခု ငါရေးဖွဲ့သီးကုံးခွင့်ရခဲ့တဲ့
ကဗျာ ဟာ
မင်းဆီကရရှိခဲ့တဲ့ကာရံတွေဆိုတာ
ငါ ... ရဲရဲကြီးအာမခံလိုက်ပါတယ်။
မင်းတန်ဖိုး မထားခဲ့တဲ့
မင်းရဲ့ကိုယ်ကျင့်သိက္ခာလေးအောက်မှာ
မင်းရဲ့အနာဂတ်သစ္စာပန်းလေးတွေ
ဖရိုဖရဲပွင့်ဝေနေကြမှာတော့စိုးတယ်။
ပန်းလိုချင်ရင် အပင်ပျိုးတတ်မှ တဲ့
ကိုယ်က ဥယာဉ်မှူးမဟုတ်ခဲ့တော့
ကိုယ်မကျွမ်း မကျင်စိုက်ပျိုးလိုက်တဲ့ပန်းတွေက
အလွမ်းကဗျာတွေဖြစ်လို့.....။
ချယ်ရီရေ....
မင်းအထင်ကြီးခဲ့တဲ့ငါက
ငါအထင်ကြီးခဲ့တဲ့ငါမဟုတ်သလို
ငါအထင်ကြီးခဲ့တဲ့မင်းကလည်း
မင်းအထင်ကြီးခဲ့တဲ့ မင်းမဟုတ်ခဲ့တော့
ခက်တယ်ချယ်ရီ...
အချစ်ကိုဘ၀နဲ့ပုတ် ပုတ်ချနေသမျှတော့
တို့တွေရဲ့
နှစ်ယောက်တစ်အိမ်မက်ဆိုတာကလည်း
ထီ ထိုးပြီးစိတ်ကူးယဉ်နေရသလိုမျိုးပေါ့။
မင်းတွက်ချက်ခဲ့တဲ့
သီအိုရီ နည်းအရ
ကမ်းတစ်ဘက်မှာ သောင်ထွန်းချင်ရင်
ကမ်းတစ်ဘက်က ကမ်းပြိုပေးရသတဲ့လား။
ဒါပေမယ့်...ချယ်ရီရေ
ကိုစိုင်းထီးဆိုင်ရဲ့
သချာင်္နည်းအရတော့
တစ်အပေါင်း တစ်အလီ နှစ်ကျော်ပြီး
အချစ်အပေါင်း အချစ်အလီ သစ္စာမည်ပါသတဲ့။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့