Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Monday 15 April 2013
နွေဦးလေ နဲ့  မှာတမ်းခြွေ
မဖတ်ချင်ပါဘူး ….  မောင်
မောင် ပို့ လိုက်တဲ့ မေးလ် မှာ ဘာတွေရေးထားမလဲဆိုတာ သိနေလို့  သက် မဖတ်ချင်ပါဘူး..မောင့် ဆီလာခိုင်းထားပြန်ပြီပေါ့ လေ ။
" သက်တို့ မြန်မာပြည်မှာ ဒီနှစ်ခရမ်းလွန်ရောင်ခြည်တွေလည်းများလာပြီ နော် ..ခုဆို တော်တော်ပူပြင်းနေမှာပဲ..
ဒီမှာတော့ အေးစိမ့်စိမ့်လေး နဲ့ နေလို့ ကောင်းလိုက်တာ.. အရင်နှစ်လာလည်တုန်းက သက်တောင် သဘောကျသွားတယ်မှတ်လား"
မောင်ပြောသလို မနှစ်က သက် ရောက်ဖူးတဲ့ နေရာလေးရဲ့ အေးမြ မှု ကို နှစ်သက်ခဲ့ပါတယ်။ချောမွေ့ မြန်ဆန်တဲ့ လမ်းပန်းဆက် သွယ်ရေး နဲ့  ကြည့်လေရာ မှာ လှပသာယာနေတဲ့  ရှုခင်းတွေကိုလည်း ခံစားကြည်နူးခဲ့ပါတယ်။
သက် UFL ( နိုင်ငံခြားဘာသာတက္ကသိုလ်) တက်ခဲ့တာ နိုင်ငံခြား သွားဖို့ မဟုတ်ဘူးဆိုတာ မောင့်ကို ချစ်သူမဖြစ်ခင် သူငယ်ချင်း ဘ၀ကတည်း က ပြောပြထားရက်နဲ့ တောင် ကျောင်းပြီးတာနဲ့  သက်ကို တစ်ခါတည်းလိုက်ခဲ့ဖို့ ခေါ်တဲ့မောင့်ကြောင့်  သက်တို့ အသည်းအသန် စကားများခဲ့ ရတယ်။
 သက်တို့ မြန်မာပြည်ကို လာရောက်လေ့ လာလည်ပတ်ကြတဲ့  နိုင်ငံခြားခရီးသွားတွေအတွက်  ကိုယ့်နိုင်ငံ ရဲ့  လှပတဲ့ နေရာတွေ လိုက်ပြဖို့  ၊ တန်ခိုးကြီးလှတဲ့ ဘုရားသမိုင်းတွေ သေချာရှင်းပြဖို့  နဲ့  ဒေသန္တရဗဟုသုတ တွေ သေချာ ပြောပြပေးနိုင်မယ့်  ဧည့်လမ်း ညွှန် ကောင်းတွေ  မြန်မာပြည်မှာ အများကြီးလိုသေးတယ် ၊  သက်လုပ်တဲ့ အလုပ်ဟာ ကိုယ့်နိုင်ငံအကျိုးပြူတဲ့ အလုပ်မို့  ဘယ်သူတားတား လုပ်မှာပဲလို့ ဆိုတော့ .. အမြဲတမ်း သက်ကို ချစ်ခင်အလိုလိုက်တတ်တဲ့ မောင် က သက်နဲ့ အတိုက်အခံပြောချင်ပုံမရလို့ ..
" သက် အရမ်းစိတ်ပြင်းပျနေရင်တော့လည်း လုပ်ကြည့်ပေါ့ ..မောင်အရင် ထွက်သွားမယ်..နောက်တော့မှ သက်ကို လှမ်းခေါ်မယ်နော် "
"သက်ပြောပြီးပြီလေ..သက် မြန်မာပြည်မှာပဲအလုပ်လုပ်ချင်ပါတယ်ဆို"
" အော်..ပြောရခက်လိုက်တာသက်ရယ်..ကဲ ..မောင်ဘာမှမပြောတော့ဘူး..သက်သဘောပဲ"
မောင်မြန်မာပြည်ကထွက်သွားတဲအချိန်ထိ စိတ်မကောင်းဖြစ်သွားတာကိုသိပါတယ်မောင်၊ သက်လည်းမောင့်ကိုသိပ်ချစ်တာမို့ မောင်နဲ့ မခွဲတူတူနေချင်တာပေါ့ ကွယ်...။ဒါပေမယ့်  သက် လမ်းကို သက်ဖောက်ရဦးမယ်လေ….
ဝေးကွာသွားတော့ ရေခြားမြေခြားမှာနေရတဲ့ မောင့်ကို အမြဲစိုးရိမ်နေရတဲ့သက်ပါမောင်…။သက် သင်တန်းဆင်းပြီး ဧည့်လမ်းညွှန် ဖြစ်ချိန်မှာ မောင်လည်း ဟိုမှာအလုပ်ကောင်းကောင်းရပြီးမြို့ တော်ကြီးမှာနေရတယ်ဆိုတော့ သက်ဝမ်းသာမိတယ်..။
 ဒီလိုနဲ့ သက်တို့ ခွဲနေရတဲ့ တစ်နှစ်ခွဲကျော် ကြာလာတဲ့ မနှစ်က နွေဦးမှာတော့ မောင်က မောင့်မိဘတွေနဲ့ သက်ကိုအလည်လာဖို့ ခေါ်ခဲ့လို့ သက်တို့ မောင့် ဆီ သွားလည်ခဲ့ကြပါ တယ်။သက်တို့ သွားလည်တဲ့ အချိန်က သူတို့ ဆီမှာ တနှစ်ပတ်လုံးမှာနေလို့အကောင်းဆုံး နွေဦးရာသီလေးပါ။ချယ်ရီပန်းတွေပွင့်တာကလည်းလှလိုက်တာနော်... ခွဲခွာနေရတဲ့ မောင်နဲ့အတူ ချယ်ရီလမ်း မှာ လျှောက်ခဲ့ကြရတာ ကတော့ မမေ့နိုင်စရာအမှတ်တရပါပဲ..
သက်တို့ ပြန်လာတော့ လေဆိပ်လိုက်ပို့တဲ့ မောင့် မျက်နှာ က ၀မ်းနည်းရိပ်ကိုမြင်ရတော့ သက်ရင်ထဲမှာကျင်နေအောင်သနားမိပါတယ်။
မောင် ... သက်လည်းမောင့်ကိုသိပ်ချစ်ပါတယ်…။သက်တို့ တစ်ဘ၀လုံး နီးဖို့ ခဏဝေးကြတာပဲလို့ အားတင်းပါနော်..
xxxxxxxxxxxxxxxxxxxxxxxxxxx
မပြောချင်ပါဘူး……မောင်
မောင့်ရဲ့ ဆန္ဒကို ငြင်းပယ်တဲ့စကား သက်နုတ်ဖျားက ဘယ်တော့ မှ မဖွင့် ဟ ချင်ပါဘူးကွယ်..ဒီနှစ်နွေ မှာ သက် ကိုမျှော်နေမယ့် မောင့်ကို သက် ဘယ်လိုရှင်းပြရပါ့ မလဲ...ထွက်သွားတာ သုံးနှစ်ပြည့်ခါနီးပေမယ့် မြန်မာပြည်ကိုလွမ်းတယ်လို့ တစ်ခွန်းမှမပြော ၊ တစ်ခေါက်တောင်ပြန်မလာတဲ့ မောင့် ရဲ့ စိတ်ကိုသက်သိနေပါတယ်။
မောင်..သူများနိုင်ငံမှာပျော်နေပြီ…
"သက်တောင့်သက်သာ နဲ့ ပန်းခင်းတဲ့လမ်းကို ဘယ်သူမဆိုလျှောက်ချင်ကြတာပဲ..
ဒါပေမယ့် မောင့် သက်ကတော့ နေပူဖုန်ထူတဲ့ ခရီးကိုမှမက်မောနေတာတော့မောင် ကံဆိုးတာပဲ"
မောင်နဲ့  VZO ပြောတိုင်း မောင် သက်ကို ဒီလို စကားတွေနဲ့ ခနဲ့တတ်လာပြီနော်..မောင့် နောက်ခေါ်မရလို့ မချင့်မရဲ ဖြစ်ပြီး ပြောတဲ့ စကားဆိုတာသိပေမယ့် သက် ရင်နာရပါတယ်..သက်ကိုပဲဘာလို့ မရရအောင်ခေါ်နေတာလဲ..မောင်ပြန်လာဖို့ ပြင်တော့လေ..လို့ သက်ပြောတော့ မောင် တုပ်တုပ်မှမလှုပ်ခဲ့ဘူးနော်။
ပိုက်ဆံရှာဖို့ လို့ အကြောင်းမပြပါနဲ့ ..မောင်
သက်ဟာ ငွေကြေးချမ်းသာပြည့်စုံမှုကို မက်ပြီး ဇိမ်ခံပစ္စည်းတွေ နဲ့ နေချင်တဲ့ သူမဟုတ်ဘူးဆိုတာ မောင်သိနေတာပဲနော်.. သက်ဓါတ်ပုံတွေကြည့်ပြီး  သက်က အသားတွေမည်းပြီး ပိန်သွားလိုက်တာလို့  မောင်ပြောခဲ့တယ်နော်..သက် အလုပ် ကို က နေပူထဲလျှောက်ရတဲ့ အလုပ်ကိုးမောင်ရယ်.....
ဧည့်သည်တွေ ကို အစစအရာရာ အဆင်ပြေအောင်ဂရုစိုက်နေရလို့ ကိုယ့်ကိုယ်ကိုသပြီးအလှမပြင်နိုင်ဘူးလေ…။ဒါပေမယ့်  သူတို့ ရဲ့ ခရီးစဉ် အဆင်ပြေပြေချောမွေ့ သွားရင် နေပူပူ ဖုန်ထူထူမှာ ပင်ပန်းနေပေမယ့် သက်ပျော်ပါတယ်။
 တစ်ခါမှမမြင်ဖူးမတွေ့ ဖူးဘဲ လေဆိပ်မှာ နာမည်ဆိုင်းဘုတ်ကြီးထောင်ပြီးသွားကြိုခဲ့ရတဲ့  သက်ဧည့်သည်တွေဟာပြန်ခါနီးလို့ လေဆိပ်ကို သက် လိုက်ပို့ တဲ့ အခါ ခွဲရခါနီး ဆွေမျိုးရင်းချာတစ်ယောက်လို နုတ်ဆက်ကြတယ်မောင်ရဲ့  ..။အလာခရီးတုန်းက ဇဝေဇ၀ါရိပ်သန်းပြီး စိုးရိမ်နေတဲ့သူတို့ မျက်နှာတွေဟာ မြန်မာပြည်အနှံ့ ကို သက် လိုက်ပါပို့ဆောင်ပြီးတဲ့ အခါ ရင်းနှီးခင်မင်ခြင်း ၊ အားကိုးယုံကြည်ခြင်းတွေ နဲ့ ရွန်းလဲ့ တောက်ပလာတာကိုကြည့်ြုမင်လိုက်ရတဲ့ အခါ သက်ရင်ထဲကြည်နူး ပီတိဖြစ်မိပါတယ်။
သေချာပါတယ် .. အဝေးကနေ သက်ကို သတိတရလှမ်းဆက်သွယ်ကြတဲ့ သက်ရဲ့ ရွှေဧည့်သည်တွေ…သူတို့  နောက်တစ်ခါ မြန်မာပြည်ကို ထပ်လာကြလိမ့်မယ်... မရောက်ဖူးသေး တဲ့ တခြားမိတ်ဆွေတွေကိုတောင်ခေါ်လာကြဦးမှာပါ။သူတို့ ပြန်လာလည်မှာကို စောင့်နေဖို့ သက်မြန်မာပြည်မှာရှိမှဖြစ်မယ်လေ..
xxxxxxxxxxxxxxxxxxxxxxxx
မနှိုင်းချင်ပါဘူး …… မောင်
မောင်ရောက်နေတဲ့ နိုင်ငံ နဲ့  မြန်မာပြည်ကို နှိုင်းပြပြီး သက်ကို မစည်းရုံးပါနဲ့လားကွယ်...မောင်ဘယ်လိုပြောပြောသက်ရဲ့ စိတ်ထားက မပြောင်းလဲလာနိုင်တာ မောင် သိသင့် ပါတယ်.. သက်ကို ခေါ်မရလို့ ဒေါသထွက်ထွက် နဲ့ မောင်ပြောခဲ့သေးတယ်နော်
" ရေကြည်ရာမြက်နုရာရှာတာဟာအပြစ်လားသက်ရယ် ၊ မောင်တိုင်းပြည်ကိုသစ္စာဖောက်နေတာလည်းမဟုတ်ဘူး..သူများနိုင်ငံမှာမြန်မာတွေ သိက္ခာကျအောင်မဟုတ်တာလည်း လုပ်မနေပါဘူး.. သက်လာကြည့်စမ်းပါ..လုပ်ငန်းခွင် ထဲမှာ အလုပ်ကြိုးစားလွန်းတယ်ဆိုတဲ့  သူတို့ လူမျိုးတွေထက်သာအောင်ကို မောင် ကြိုးစား လုပ်နေတာပါ "
ယုံကြည်ပါတယ်မောင် ..
သက်ချစ်တဲ့ မောင်ဟာ စိတ်ဓါတ်ခိုင်မာပြီး အရည်အချင်းရှိတဲ့ လူတော်လူကောင်းမှန်း သက်သိပြီးသားပါ။ဒါကြောင့်လည်း ဒီလိုနှစ်တိုလေးနဲ့  ကုမ္မဏီအကြီးကြီးတစ်ခုမှာထိုက်သင့် တဲ့ နေရာတစ်ခုရခဲ့ တာပေါ့ ..ရေကြည်ကြည်နဲ့ မြက်နုနုလေးတွေ မောင်ရှာတွေ့ နေပြီလေ...
 သက်ကြည်ညိုတဲ့ဆရာတော်ကြီးဟောကြားဖူးတာလေး ပြောပြမယ်နော်..
ရေကြည်ရာမြက်နုရာ ရှာတယ်ဆိုတာ လူတိုင်းလုပ်နိုင်ပါတယ်၊ ဒါပေမယ့် ကိုယ်ရှိနေတဲ့နေရာကိုရေကြည် အောင်မြက်နုအောင် လုပ်ဖို့ ကတော့ လူတိုင်းမလုပ်နိုင်ကြဘူး တဲ့ ... ဒါကြောင့်  မြန်မာပြည်က ပညာတတ်လူငယ်တွေကို လှပပြီးသားနေရာ ကို ရှာဖွေသူထက် ကိုယ့်နေရာလေးကို ရေကြည်အောင်၊မြက်နုအောင် လုပ်ကြဖို့ ဆရာတော်ကြီးမိန့်ကြား သွားတာ နားထောင်ပြီး သက်ကြက်သီးထမတတ်ဆရာတော်ကြီးကို ကြည်ညိုလေးစား မိတယ်။
သက်လည်း ခု သက် တတ်စွမ်းသလောက် ကြိုစားပြီး ရေကြည်တူးနေပါတယ်..မောင့်ကိုလည်း သက်နဲ့ အတူတူ မြက်ပင်နုနုလေးတွေကိုပြုစုပျိုးထောင်ပေး တဲ့သူ ဖြစ်စေချင် လိုက်တာကွယ်..
ခုချိန်မှာ သက်တို့ တိုင်းပြည်ကလေ ဘာနဲ့တူလဲဆိုတော့  ….ဆွတ် ခြူချင်သူတွေဝိုင်းဝိုင်းလည်နေတဲ့ မွှေးပျံ့ တဲ့ ပန်းအလှလေးလိုပါပဲ ကမ္ဘာ့အလယ်မှာ မြန်မာဆိုတဲ့ ရနံ့ လေး ထုံသင်းမွှေးနေပါပြီလေ..
မောင်ပဲပြောခဲ့ဖူးတယ်လေ ..ရောက်ခါစက မောင့်ကို မြန်မာပြည်ကလာတယ်ဆိုပြီး ဆက်ဆံရေးတမျိုးဖြစ်နေတဲ့ အယူသည်းပြီးခေါင်းမာ သူတွေဟာ ခေတ်စနစ်ပြောင်းလဲ သွားတဲ့ ခုလိုအချိန်မှာ မောင့်ကို ဖက်လှဲတကင်းဆက်ဆံပြီး အားတဲ့ အချိန်တိုင်း မြန်မာပြည်အကြောင်း စိတ်ဝင်တစားမေးကြပြီး လာလည်ချင်နေတယ်ဆို..
သူတို့ နိုင်ငံမှာ တကယ့်ထိပ်တန်းသူဌေးတွေပဲ စားနိုင်တဲ့  ဒူးရင်းသီး၊  သရက်သီး ၊  မင်းဂွတ်သီးတွေ မြန်မာပြည်မှာ ဘယ်လိုပေါတယ် ဆိုတာ ဈေးနှုန်းပြောပြလိုက်တော့ ထိတ်လန့်  အံ့ သြပြီးမောင့်ကို ကြည့်နေတယ်ဆို..
နှင်းရိုက်တဲ့ဒဏ် ခံနိုင်တဲ့  အသီးအပင်တွေပဲ အားထားစိုက်နေရပြီး မြေပြန့် ရှားပါးလှတဲ့ သူတို့ ကို မြန်မာပြည်ရဲ့ ပူနွေးစွတ်စိုတဲ့ရာသီဥတု နဲ့  ဘာအပင်စိုက်စိုက် ပေါက်တဲ့ အကြောင်းတွေပြောပြတော့ ဒီလိုမြေမျိုး လိုချင်အားကျစိတ် နဲ့ သူတို့ မျက်ဝန်းတွေ အရောင်တောက်နေ တယ်ဆို ..
ရွက်ပြောင်းချိန်မှာ ရောင်စုံခြယ်ပြီး လှပတဲ့  သူတို့ ရဲ့ တောင်တန်းကြီးတွေမှာ ပေါက်တဲ့ အပင်တွေဟာ သိပ်အသုံးမ၀င် ဘဲအလှပြ သက်သက် ဖြစ်နေပြီး  မောင် ပြောပြတဲ့ မြန်မာပြည်ရိုးမတောတွေထဲမှာရှိတဲ့ ရှားပါးသတ္တ၀ါတွေ ၊ အဖိုးတန်သစ်တောတွေ နဲ့ တန်ဖိုးကြီးသစ်ခွပန်းတွေကို ခုချက်ချင်းသွားကြည့်ချင် တယ်လို့ ပြောကြတယ်ဆို…..
ဘာပဲဖြစ်ဖြစ် သက် ကတော့ မြန်မာပြည်သားဖြစ်ရတာအမြဲဂုဏ်ယူမိပါတယ် ..။
Xxxxxxxxxxxxxxxxxxxxxxxx
မငြင်းချင်ပါဘူး ….. မောင်
သက် ချစ်တဲ့မောင် နဲ့ အွန်လိုင်းမှာ တွေ့ ဆုံရတဲ့ အချိန်လေးမှာ သက်အတိုက်အခံစကားတွေနဲ့ အငြင်းအခုန် မလုပ်ချင်ပါဘူး။
“ ခုလိုနွေဆို မီးကပျက် ၊ ရေကမရှိနဲ့  စိတ်ညစ်စရာပဲနော်၊လမ်းတွေလည်းဖုန်ထနေလောက်ပြီ..သက်နေရတာအဆင်ပြေရဲ့ လား”
မောင်ဒီလိုပြောတော့စေတနာစကားပေမယ့် သက် စိတ်ဆိုးပါတယ်…
လောကကြီးကို အကောင်းမြင်သမားနဲ့ အဆိုးမြင်သမားကြည့်ပုံချင်းမတူဘူးမောင်ရဲ့ 
အရှင်းဆုံးဥပမာပေးရရင် …ရေတစ်ဝက်ရှိတဲ့ ဖန်ခွက်ကိုကြည့်ပြီး အဆိုးမြင်သမားက ဟွန်း…..ရေကလည်းတစ်ဝက်ပဲရှိတယ်လို့ စိတ်ပျက်လက်ပျက်နဲ့ ငြူစူအပြစ်တင်နေခ်ျိန်မှာ အကောင်းမြင်သမားကတော့…ဟယ် ..ရေတစ်ဝက်ကြီးတောင်ကျန်သေးတာပဲ၊တော်ပါ သေးရဲ့ လို့ ဝမ်းသာအားရရေရွတ်လိုက်သတဲ့ ..
ခုလည်းဒီလိုပါပဲ..မောင်က အေးချမ်းလှပတဲ့ နေရာကနေ  ဖုန်ထူနေပူတဲ့မြန်မာပြည်နွေဦးကို အပြစ်တင်ကဲ့ ရဲ့ နေပေမယ့်  သက်ကတော့ပူပြင်းတဲ့နွေဦးမှာ ပွင့်ဖူးကြတဲ့ လှပတဲ့ ပန်းလေးတွေကို ကြည့်ပြီး ကြည်နူးမှုတွေနဲ့ နေ့ရက်တိုင်းကိုရှင်သန်နေပါတယ်။
ဟော …ခုမောင့်ဆီစာရေးနေရင်း အသံလေးတစ်ခု သဲ့ သဲ့ ကြားတယ်..
ဥသြ  ဥသြ တဲ့ 
လွမ်းမောစရာအသံလေးနဲ့တွန်ကြူးတတ်တဲ့ ဒီငှက်ကလေးကို နွေရောက်မှမြင်ရတာလေမောင်ရဲ့ ….သက် အတွက်တော့ ဥသြလေးရဲ့  အသံက နွေဦးကဗျာပါပဲ…နောက် လှပဝေဆာနေတဲ့ ပန်းလေးတွေကတော့နွေဦးပန်းချီပေါ့ ၊မောင့်ကို သက်မြင်တွေ့ ခဲ့ရတဲ့ နွေဦးပန်းချီ ကားလေးအကြောင်းပြောပြရဦးမယ်….။
တနေ့ က သက် ဧည့်သည်တွေကို ထောက်ကြန့် က စစ်သင်္ချိုင်းလိုက်ပြရတယ်လေ…မြို့ ထဲက နေ မင်္ဂလာဒုံနယ်မြေဘက်ရောက်တယ် ဆိုရင်ပဲ ရှုခင်းတွေပြောင်းသွားတာ မို့ သူတို့ က စိတ်ဝင်တစားကြည့်ကြပါတယ်။ မင်္ဂလာဒုံဈေးကျော်လာပြီး ရထားသံလမ်း ဂုံးကျော်တံတား ကိုဖြတ်တော့ လမ်းမအလယ်မှာ စိုက်ထားတဲ့ ပျဉ်းမပန်းပြာပြာလေးတွေ ကလည်း စီတန်းနေတာသိပ်လှတာပဲမောင်....
ဟော--စိန်ပန်းနီနီတွေကလည်း ပွင့် တဲ့ အပင်က ပွင့် နေကြပြီလေ..ရဲရဲတောက်နေတဲ့စိန်ပန်းရဲ့ အလှကလည်းသူတို့ ကို ဖမ်းစားဆွဲဆောင်နိုင်ပါတယ်….။သက်မြင်သလောက် စိန်ပန်းပင်ပျိုလေးတွေက အရင်ပွင့် တယ်မောင်ရဲ့ …အပင်ကြီးတွေက ခုမှ ရွက်သစ်ဝေခါစ ၊ အသီးထွက် ခါစ ပဲရှိသေးတယ်..မေဦးမိုးလေး ရွာသွန်းစအချိန်ဆိုရင်တော့ ဒီလမ်းတစ်လျှောက်စိန်းပန်းနီနီတွေရဲ ပြီးလှပနေတာမနှစ်က သက် မြင်တွေ့ ခဲ့ဖူးတယ်လေ..
သက် ကထောက်ကြန့် မရောက်မချင်း တွေ့ နေရတဲ့ လမ်းတွေ အိမ်တွေ ပျိုးခင်းလေးတွေ အကြောင်းသူတို့ ကိုရှင်းပြနေတုန်းမှာ ရှင်လောင်းလှည့်ပွဲတစ်ခုနဲ့ တိုးတော့ မြင်းပေါ်မှာ ထိုင်နေတဲ့ မောင်ရှင်လောင်းလေးတွေကို လိမ်းပေးထားတဲ့ သနပ်ခါး ပုံစံကို သဘောကျလို့ ဆိုပြီး သေချာအနီးကပ်ဆွဲရိုက်ပြီး မှတ်တမ်တင်လို့မဆုံးပါဘူး..သက်တို့ မြင်ရတာ က စုပေါင်းရဟန်းခံရှင်ပြုပွဲမို့  မောင်ရှင်လောင်းတွေကလည်းအများကြီးပါပဲ..
ဆိုင်းဝိုင်းတင်ထားတဲ့ ကားက ဆိုနေကနေကြတာကို ကြည့်ပြီး ရယ်မောနေကြတယ်လေ…ဧည့်သည်အဖွဲ့  ခေါင်းဆောင် က သက်ကိုပြုံးကြည့်ရင်း..မင်းတို့ မြန်မာပြည်က ဆူညံအသက်ဝင်ပြီးပျော်စရာကောင်း လိုက်တာ..လမ်းပေါ်မှာလည်းလူတွေသွားနေကြတာအများကြီးပဲ… တို့ ဆီမှာတော့ အေးလွန်းလို့ တံခါးတွေအကုန်ပိတ်နေရလို့  လမ်းမမှာ တိတ်ဆိတ်ခြောက်ကပ်နေတယ် ၊  ခုမင်းတို့ နွေဦးကပန်းလေးတွေ ရောင်စုံပွင့် ပြီး စည်ကားလှပလိုက်တာ..လို့ ပြောလာတော့ သက် ဂုဏ်ယူစွာနဲ့ အားပါးတရပြုံးလိုက်မိပါတယ်။
xxxxxxxxxxxxxxxxxxxxxx
မလိုက်ချင်ပါဘူး ….. မောင်
မောင်ဘယ်လို ချော့မော့စည်းရုံးနေလည်းပဲ သက်ရဲ့ ဆုံးဖြတ်ချက်က ပြောင်းလဲသွားမှာမဟုတ်ပါဘူး…။မောင်က သက်ဆိုနေကျ သီချင်းလေး မေ့ နေပြီလားမေးလာပြန်တယ်…။ မမေ့ ပါဘူးမောင်..သက်စိတ်ကူးယဉ်ပြီးမောင့်ကိုဆိုပြခဲ့တဲ့ သီချင်းလေးလေ..
 ♪ ♫ ♫မောင်..ရှေ့ကိုတည့်တည့်လျှောက်ရင် …. မေလည်းနောက်က လိုက်မယ်မောင်ရေ
ဟော ..ရှေ့ မှာအဖြူ မြင်သလားမေ ..ဘော်သာခွာကြူ ပုလဲဖြူ မြင်သားပေါ့ သက်ဝေ
ဘုရားသွားရည်စူ စိတ်တူုကိုယ်တူ♪ ♫ ♫
မောင်တည့်တည့်လျှောက်ရာနောက်ကို သက် လိုက်မှာပါ..ဒါပေမယ့် သူများနိုင်ငံမှာတော့မဟုတ်ဘူးလေမောင်
မောင်တည့်တည့်လျှောက်ရမှာ ကိုယ့်မြန်မာပြည်မှာပါ…။သီချင်းလေးထဲကလို ဘုရားသွားကျောင်းတက်အတူ သာသနာပြုချင်ပါတယ်..မောင်
 နောက်….ဟောဒီလို နွေဦးမှာတွန်မြူးတဲ့  ဥသြငှက်သံလေးကို အမြဲနားထောင်ချင်တယ်။ငုဝါ၀ါ ၊ပျဉ်းမပြာပြာ နဲ့  စိန်ပန်းနီရဲနေ တဲ့ နွေဦးပန်းချီလေး ကို နှစ်တိုင်းကြည့်ချင်သေးတယ်လေ…။
 နောက်နေ့ ဆို သင်္ကြန်ကျပြီမောင် …
ခုကတည်းက သင်္ကြန်သီချင်းသံတွေကြားနေရတာကို က စိတ်လှုပ်ရှားပျော်စရာကောင်းနေုပြီ…။ဒီနှစ် သံကြပ်ပြိုင်ပွဲတွေ နဲ့  အကတွေဝေေ၀စည်လို့  ယဉ်ကျေးမှုသင်္ကြန်စစ်စစ် ဖြစ်အောင်လည်း သက်ဆိုင်ရာတွေကကြိုးပန်းနေကြတယ်…။
သက်တို့ လမ်းထဲမှာလည်း တရားစခန်းက ယောဂီတွေ ကို ဆွမ်းကပ်ဖို့  အလှူငွေတွေကောက်ခံနေကြပြီ။ကလေးတွေ က လည်းရေပြွတ်ရေသေနတ်လေးတွေနဲ့ ရေပက်ဖို့ ပြင်ဆင်နေကြပြီ..ရပ်ကွက်ထဲက အိုးသူကြီးတွေကလည်း စတုဒီတာဘာမုန့် ကျွေးကြ မယ်ဆိုတာအားလုံးတိုင်ပင်နေကြပြီ...
ဟော..မိုးသက်လေ လေးတောင်တိုက်ခတ်လာပြီ..မကြာခင် သင်္ကြန်အတွက် လက်ဆေးမိုးလေးရွာတော့မယ် …
မိုးစက်ဖြန်းရင် နွေရဲ့ ဘုရင်မဖြစ်တဲ့  ရွှေဝါရောင်ပိတောက်ပန်းတွေလည်း ပွင့် လန်းကြတော့မှာပါလား...
ဒီလို အချိန်မှာ သင်္ကြန်ကျတိုင်း သက်ကို  ပိတောက်ပန်းလေးတွေခူးပေးပြီး  ဦးဦးဖျားဖျားရေလောင်းရမှကျေနပ်တဲ့ မောင့်ကို သိပ်လွမ်းတာပဲကွယ်…။
မောင်မရှိတဲ့ သင်္ကြန်တွေကို သက် မဖြတ်သန်းချင်တော့ဘူးမောင်ရယ်…
ဒါကြောင့်လေ …နွေဦးလေ နဲ့ အတူမောင့်ဆီကို မှာတမ်းခြွေလိုက်ပါရဲ့  …
သက်ရှိရာ မြန်မာပြည် ကို ပြန်လာခဲ့ပါ..မောင်  …။
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့