Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 April 2013

နှစ်ဟောင်းမှာ ထားရစ်ခဲ့တယ


"မေကြီးရေ ဖေကြီးရယ် ဒီမှာ တီဗွီက လာတဲ့ သင်္ကြန်အကြိုအစီအစဉ်တွေကြည့်ပြီး ပြုံးစိစိလုပ်နေတယ် မေကြီးရေ သိလား"

သမီးငယ်လေးရဲ့ သူ့အဖေကို ချောက်တွန်းချင်တဲ့ ပြောင်ချော်ချော်အသံကို နားထောင်ရင်း ဒေါ်ခင်မာနွယ် အသာအယာပြုံးလိုက်မိသလို တစ်ဆက်ထဲ အိမ်ရှေ့ဧည့်ခန်းက တီဗွီရှေ့မှာ တွန်းထိုးနေကြတဲ့ သားအဖနှစ်ယောက် ကြားလောက်တဲ့အသံနဲ့ လှမ်းအော်လိုက်မိသည်။

"ဟုတ်မယ် သမီးရေ သမီးဖေကြီးက သင်္ကြန်နားနီးရင် ငယ်မူက ခပ်ပြန်ချင်ချင်ရယ် မေးမေးရအောင်မေး သူသတိရပြီးပြုံးတာ ဘယ်နှစ်သင်္ကြန်တုန်းက ဘယ်ကောင်မလေးအကြောင်းတွေးတယ်ဆိုတာကို ရအောင်မေး ရအောင်မေး"

ဒေါ်ခင်မာနွယ့် အပြောမဆုံးခင် ထမင်းစားခန်းဆီ သားအဖနှစ်ယောက် တွန်းတွန်းထိုးထိုး ဝင်လာကြတော့သည်။ သေချာပါပြီ ဒီသားအဖ ထမင်းစားခန်းထိ သူ့ကို လာစကြပြီဆိုတာကို အတတ်သိလိုက်သည်။

"ဘယ်နှစ်သင်္ကြန်ဖြစ်ရမှာလဲ မေကြီးရ မေကြီးတစ်ယောက် ဖေကြီးကို စိတ်ကောက်ပြီး ရိပ်သာဝင်သွားတဲ့ သင်္ကြန်နှစ်ပေါ့"

"တော်ပါ ကလေးတွေရှေ့ ဘာတွေပြောနေလဲ မသိဘူး ဒီဖေကြီးဟာလေ ကလေးတွေအသက်ကြီးလာမှ ငယ်မူပြန်ချင်ချင်ဖြစ်တာ ပိုဆိုးလာတယ် ကိုယ့်အသက်အရွယ်ကို သတိလဲထားဦး"

အဖေချစ် သမီးငယ်က သူ့အဖေဘက်ကနေ စစ်ကူစကားတွေ ဝင်ဆိုလာပြန်တော့ ဒေါ်ခင်မာနွယ် မနိုင် နိုင်ရာ သမီးငယ်ကို မဲလိုက်တော့သည်။

"သမီးနော် သမီးဖေကြီးပြောတဲ့အတိုင်း လျှောက်ယုံမနေနဲ့။ မနက်စာ အေးဆေးစားတော့ ဖေကြီးလဲ အလုပ်သွားရမယ် သမီးနဲ့ အတူတူ ရောယောင်ဆော့မနေနဲ့တော့ ဒါပဲဒါပဲ လုပ်စရာရှိတာ သွက်သွက်လုပ်ကြတော့"

ဒေါ်ခင်မာနွယ် သားအဖနှစ်ယောက်ဆီက စကားသံတွေ ထပ်ပြီး ထွက်မလာခင် အိမ်ရှေ့ခန်းဆီ ယောင်လည်လည်နဲ့ ရှောင်သွားတာတောင် သမီးငယ်ရဲ့ လျှာတစ်လစ်နဲ့ သူ့အဖေကိုလှမ်းပြောင်ပြတာကို မြင်ဖြစ်အောင် မြင်လိုက်သေးသည်။

သမီးမေကြီး ရှက်ရှက်နဲ့ ပြေးပြီ သမီးရေဆိုတဲ့ အသံက ကျောကို လာမှန်တော့ မနေနိုင် မထိုင်နိုင် မျက်စောင်းလှည့်ထိုးလိုက်မှ သားအဖနှစ်ယောက်ပိုလို့တောင် ပွဲကျပြီး တဟီးဟီးဖြစ်ကျန်ခဲ့သည်။ ဟင်းနော်။ ဒီသားအဖပေါင်းမိရင် ဘယ်လိုမှကို ပြောလို့ မနိုင်ဘူးဆိုတာ သိလို့ ရှောင်ပြေးပါတယ်ဆိုမှ စဖြစ်အောင် လိုက်စနေသေးတယ်။ ဒီသားအဖနဲ့တော့ ခက်ပါတယ်လေ။

*************************************************************


"နွယ်"

အင်း ပြောလေဆိုတဲ့ ပုံစံနဲ့ မေးထိုးပြတော့ မကြည်သလို မျက်မှောင်ကြုတ်ကြည့်တာ ခံလိုက်ရမှ ဖတ်နေတဲ့ စာအုပ်ဘေးချရင်း နှုတ်ကနေ မေးလိုက်ရသည်။ ဒါတောင် ပြောချင်သလို မပြောချင်သလို လုပ်နေပြန်သေးသည်။ မပြောချင်လဲ နေတော့ဆိုပြီး စာပြန်ဖတ်မှ စာအုပ်ကို ဆွဲလုသွားသည်။ ဒီ ကိုလတ်ဟာလေ နေရတကာ သိပ်ပစားပေးခံချင်တာ။ အခုလဲကြည့် စာအုပ်ဖတ်ရင်း နားထောင်တော့ ဘာဖြစ်မှာမို့လဲ။ ခက်ပါတယ်လေ။

"ကဲပြောပါ ကိုလတ်ရယ် နွယ်စာပြန်မဖတ်တော့ပါဘူး တကတည်း ဖြစ်နေလိုက်တာ ဘယ်လောက်အရေးကြီးတဲ့စကား ပြောမှာလိုက်လို့ ပြောပြော အခုလို မျက်နှာကြည့်ပြီး နားထောင်မယ် ပြောပါရှင်"

မေးစေ့အောက် လက်ထောက်ပြီး ပြုံးစိစိနဲ့ ကြည့်ပြန်တော့လဲ ကိုလတ်တစ်ယောက် ဘယ်လောက်အနေခက်သွားလဲ ဆိုတော့ မျက်နှာ ချက်ချင်းကို ရဲတက်လာတော့သည်။ ကိုလတ်ဟာလေ ယောက်ျားလေးဖြစ်ပြီး အရှက်ကလဲ ပိုသေး။

"မိနွယ်ရယ် စကားကို သေချာနားထောင်စမ်းပါ လိုက်စမနေပါနဲ့ ဒါနဲ့ လိုရင်းကို မရောက်တော့ဘူး ဒီလိုဟာ နင်ဒီနှစ်သင်္ကြန် လည်မှာလားလို့"

"ဒါများ အထူးအဆန်းလုပ်လို့ လည်လို့မရပေါင် ဘယ်တုန်းက လည်ရဖူးလို့လဲ ကိုလတ်ရယ် အမတွေ အမေတွေနဲ့ အတူတူ ရိပ်သာဝင်ရမယ် ကိုကိုလေးနဲ့ ကိုကိုကြီးက အိမ်စောင့် ခါတိုင်းလိုပဲပေါ့ မသိတာကျလို့ ဘာလို့ လာမေးနေတာလဲ ဘာလဲ ကိုလတ် ပိုက်ဆံချေးမို့မလား သင်္ကြန်လည်စရာမရှိလို့ ဟုတ်တယ်မလား"

"မဟုတ်ပါဘူးဟ ပိုက်ဆံမချေးပါဘူး နင်လိုက်လည်ပါ့လားလို့ ငါနင့်ကို လာခေါ်တာ"

"ဟင့်အင်း တစ်ခါမှလဲ မလည်ဘူးတော့ မလည်ချင်ပါဘူး ပြီးတော့ အိမ်ကလဲ ထည့်မှာမဟုတ်ဘူး ကိုလတ်ရ နင့်ဘာသာပဲ လည်ပါဟာနော်"

"နင်ကလဲဟာ လိုက်ခဲ့ပါ"

"ဟာ ဒီကိုလတ် ဒီနေ့ဘာဖြစ် နွယ် မလည်တာ အထူးအဆန်းလုပ်ပြီး အတင်းခေါ်နေပါ့လား ပြောပြကြည့် နွယ့်ကို"

"နွယ်"

ကိုလတ်တစ်ယောက် နွယ့်နာမည် အကြိမ်ကြိမ်ရှိပြီ ခေါ်ပြီး တကယ်တမ်းပြောမယ့် ပြောတော့လဲ နွယ် မလည်ဘူးတဲ့ သင်္ကြန်လည် ခေါ်မလို့တဲ့။ နွယ်အရွယ်နည်းနည်း ရလာကတည်းက သင်္ကြန်ဆိုတာ ပျော်ဖို့ပါးဖို့ထက် သက်ကြီးဝါကြီးတွေကို ရေကန်တော့ဖို့ ဥပုသ်သီတင်းဆောက်တည်ဖို့ ငါးလွှတ်ဖို့ ရိပ်သာဝင်ဖို့ နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်မှာ မပါလာစေအောင် ကုသိုလ်ယူဖို့လောက်သာ အားသန်ခဲ့တာ။ ဒါတွေကို အိမ်ချင်းလည်း နီးသလို ငယ်ကတည်းက သူငယ်ချင်းလဲ ဖြစ်တဲ့ ကိုလတ်တစ်ယောက် သိသိကြီးနဲ့ အထူးအဆန်း လာလုပ်နေတာကို နွယ်က ပြန်အံ့သြမိသည်။ ကိုလတ်တစ်ယောက် ဆေးစားများ မှားလာရော့သလား။

"နွယ်"

ဟော ခေါ်ပြန်ပြီ မဟုတ်တော့ဘူး ဒီရက်ပိုင်း ကိုလတ်တစ်ယောက် သိပ်မူမမှန်ချင်တာ နွယ်ရိပ်မိသလို ရှိသည်။ ငယ်ကတည်းက စားအတူသွားအတူမို့ ကိုလတ် သံယောဇဉ်တွေ  အဖြူလျော့လာတာကို နွယ်မြင်နေသလိုပဲ။ ဒါပေမယ့် မြင်းကမလှုပ် ခုံကလှုပ် ယုန်က မတိုး ပိုက်ကတိုး ဆိုသလို မဖြစ်ရလေအောင် နွယ်အနေအထိုင် ဆင်ခြင်ခဲ့ပါတယ်။ နွယ့်ဘက်က အိနြေ္ဒသံပတ် ဘယ်လောက်တင်းထားတင်းထား ကိုလတ်ရဲ့ စည်းကျွံချင်တဲ့ စကားတွေကို ဘယ်လိုရှောင်ရှောင် အခုလို ပက်ပင်းတည့်တည့် စကားလာပြောတော့ နွယ်ရှောင်လို့ မရခဲ့။ နွယ်ကိုဘာလို့ လာနွှယ်ချင်ရသလဲ ကိုလတ်ရယ်။ နွယ်က အစွဲအလမ်းကြီးတယ်။ တစ်ခုခုဆို စွဲမိစွဲရာ စွဲတက်တာလဲ သိသိကြီးနဲ့။ နွယ့်ကိုတော့ ဝေဒနာတွေ မပေးချင်ပါနဲ့ရှင်။

"နွယ် ကို စကားတစ်ခွန်းလောက် ပြောချင်တယ်"

ကိုလတ် မျက်နှာ ရှက်ရဲရဲရယ် ပြောင်းလဲသွားတဲ့ ကိုယ်စားပြု နာမ်စားရယ်က နွယ့်ရင်ကို မူမမှန်စေတော့။ နွယ်လဲ မိန်းကလေးပဲလေ ကိုလတ် ဒီလိုစကားစရင် ဘာပြောမယ်ဆိုတာ သိနေပြီမို့ ရွှေရင်လေး တဖိုဖိုဖြစ်တာ နွယ်မလွန်ပါဘူးနော်။ ဒီအတတ်တွေက မွေးရာပါ ဗီဇအသိနဲ့တင် သိနိုင်တာပဲမလား။ နွယ်ဘယ်လောက် ထိန်းပြောပြော ပြောလေ ကိုလတ်ဆိုတဲ့ နွယ်ပြန်ဖြေတဲ့အသံ တိုးလျသွားတာကိုက နွယ့်ဘက်ကများ သိသာသွားလေမလား နွယ်စိုးရိမ်မိပေမယ့် ကိုလတ်ကတော့ ရိပ်မိပုံမပေါ်ပါ။ သူပြောရမယ့် စကားကိုသာ အရဲစွန့်ပြောဖို့ ပြင်နေတော့သည်။ တကယ်တမ်းပြောမယ့်ပြောတော့လဲ ကပေါက်တိ ကပေါက်ချာ။

"နွယ် ဟိုလေ ကိုလတ်ပြောချင်တာက သင်္ကြန်ရောက်တော့မယ်လေ သင်္ကြန်ရောက်ရင် ပိတောက်တွေ ပွင့်တော့မယ်မဟုတ်လား အဲဒီလို ပိတောက်တွေပွင့်ဖို့ဆိုတာ သင်္ကြန်အတာမိုး ရွာသွန်းမှ ပွင့်တာလေ။ အဲဒီလိုပဲ ကိုလတ်ရင်ထဲမှာလဲ သင်္ကြန်ကျပြီး ပိတောက်ပွင့်ဖို့ နွယ့်မေတ္တာမိုး ရွာသွန်းပေးပါလားလို့ အဲဒါ အဲဒါလေး ပြောမို့ပါ နွယ် စိတ်တော့ မဆိုးလိုက်ပါနဲ့နော်"

ကိုလတ် ပြောတဲ့ မေတ္တာစကားက နွယ့်ရင်ကို ခုန်စေသလို နွယ်ရီလဲ ရီချင်မိသည်။ ကိုလတ်ရယ် နွယ်စဉ်းစားပါရစေဆိုတော့ သိပ်ကြာကြာ မစဉ်းစားပါနဲ့ နွယ်ရယ် သင်္ကြန်ရောက်ဖို့ကလဲ တစ်လလောက် လိုသေးတယ်ဆိုတော့ သင်္ကြန်မတိုင်ခင်ထိပဲ စဉ်းစားပါ။ ကိုလတ်လေ နွယ်နဲ့ အတူတူ ဒီနှစ်သင်္ကြန်ကို တွဲပျော်ချင်တယ် နွယ်ရယ်ဆိုတော့ အစကတည်းက ယိမ်းချင်ချင်ဖြစ်နေတဲ့ နွယ်ဆိုတဲ့ နွယ်ပင်လေး ကိုလတ်ဆိုတဲ့ လေပြေလေး ဖျော့ဖျော့သွေးတာနဲ့ ဖြတ်ကနဲ ခေါင်းညိတ်ပြီး အဖြေပေးဖို့ရက် သတ်မှတ်ပြီးသား ဖြစ်သွားသည်။

********************************************************


မနက်စောစော နွယ့်ခေါင်းရင်းတံခါး ဖွင့်လိုက်တာနဲ့ သင်းကနဲနေအောင် နွယ့်နှာခေါင်းဆီ အလုအယက်တိုးဝင်လာတာ ဘာအနံ့ပါလိမ့်။ ဟာ နွယ်မေ့နေတာ ကြည့်စမ်း။ မနေ့ညက သင်္ကြန်လက်ဆေးမိုး ရွာထားတာပဲ။ ဒါဆို အခုရတဲ့ အနံ့က ကိုလတ်တို့ခြံထဲက လာတဲ့ ပိတောက်နံ့ပေါ့ အို မွှေးလိုက်တာ။ နွယ် နှာခေါင်းလေး ရှုံ့ပွရှုံ့ပွလုပ်ပြီး ဦးဆုံးပွင့်တဲ့ ပိတောက်နံ့ကို တဝကြီး အဆုတ်ထဲထိ ရှုသွင်းလိုက်မိသည်။ နွယ် ပိတောက်နံ့ကို ကြိုက်ပေမယ့် ပိတောက်တွေ နွမ်းလွယ်တာကိုတော့ နွယ်မကြိုက်ပြန်။ နွယ်လှေကားထစ်တွေကနဲ ခပ်သွက်သွက်လေး ဆင်းလိုက်တာနဲ့ ဧည့်ခန်းမှာ စီးကြိုနေတာက နွယ်ကြိုက်တဲ့ ပိတောက်ပန်းခိုင်ကြီးတွေ။ ဒါတွေ ဘယ်ကနေရပါလိမ့်။

"မေမေရေ ပိတောက်တွေ အများကြီး ဘယ်သူလာပို့သွားတာလဲဟင်"

"ကိုလတ် လာပို့သွားတာပဲ သမီးရေ မနက်အစောကြီးကို တက်ခူးထားတာဆိုပဲ"

နွယ် တမက်တမော ပိတောက်ခိုင်တွေ ပွေ့ပြီး ရှုလိုက်တာနဲ့ နွယ့်နှာခေါင်းဝကနေတစ်ဆင့် နွယ့်ရင်ထဲထိ ကိုလတ်မေတ္တာတွေ စီးဝင်သွားသလို ခံစားမိသည်။ ရုတ်တရက် ခံစားချက်မို့ နွယ် ရှက်ကိုးရှက်ကန်း ဖြစ်မိသွားသည်။ ဟုတ်ပါတယ် နွယ် ကိုလတ်ကို ချစ်မိနေပါပြီ။ နွယ့်နှလုံးသားကို နွယ့်ဘာသာမေး နွယ့်ဘာသာ အတည်ပြုချက် ယူနေတုန်း ဗြုန်းဆို ကိုလတ်ဝင်လာတော့ လက်ထဲ ပိတောက်တွေ ပွေ့ရက်သားကြီး မိသွားသည်။ ရုတ်တရက်မို့ နွယ် ဘာပြောရမှန်းမသိ ဖြစ်သွားချိန်မှာ ကိုလတ်ခေါ်သံ နွေးနွေးက နွယ့်ရင်ကို အခုန်မြန်စေခဲ့သည်။

"နွယ်"

"ကိုလတ်တို့ အိမ်က ဒီနေ့ ခိုတောင်မုန့်တီ လုပ်စားကြတာ အဲဒါ မေမေက ပို့ခိုင်းလိုက်လို့ လာပို့တာ နွယ်ကတော့ ကိုလတ်တို့အိမ်ဘက်ကို လာစားလှည့်ပါတဲ့ မေမေက မှာလိုက်တယ်"

ဟုတ်လို့ အသံတုန်တုန်နဲ့ နွယ်ပြောတော့ ကိုလတ်က အားပေးပြုံးလေးပြုံးပြရှာတယ်။ နွယ်တစ်ယောက် ကိုလတ်တို့ အိမ်ဘက်ကို လိုက်သာလာရတာ ဘယ်အချိန်များ ကိုလတ် မေတ္တာစကား ထပ်ဆိုမှာတုန်းဆိုပြီး ရင်ခုန်နေသရွေ့ ကိုလတ်က အလိုက်တသိ နွယ် မုန့်စားနေချိန်ထိ ဘာစကားမှ မဆိုလာတာမို့ နွယ်ကျိတ်ပြီး ကျေးဇူးတင်ရပြန်သည်။ ဒါပေမယ့် နွယ်အချိန်ကြာကြာ ရှောင်ခွင့်မရလိုက်ပါ။ အဲဒီနေ့က နွယ့်မေတ္တာပန်းကို ကိုလတ်တစ်ယောက် ကဗျာဆန်ဆန် ပိတ်တောက်ပင် အောက်မှာပဲ သင်္ကြန်အကြိုရေလောင်းရင်း ဆွတ်ချူသွားခဲ့တာမို့ နွယ့်အတွက်တော့ ပိတောက်ရယ် အတာရေရယ်ဟာ ကိုလတ်မေတ္တာနဲ့ထပ်တူမို့ နွယ်တစ်သက်မေ့ဖို့ မဖြစ်နိုင်တော့။

"နွယ်လေး ကိုလတ်နဲ့ အတူတူ ဒီနှစ်သင်္ကြန် လိုက်လည်မယ်ဟုတ်"

"အမေ့ကို နွယ်ပြောကြည့်မယ်လေ"

"ကိုလတ် အန်တီ့ကို ခွင့်တောင်းပြီးသားပါ ပြီးတော့ တစ်ရက်ထဲ လည်မှာပါ နွယ်ရဲ့ ကျန်တဲ့ရက်တွေက နွယ် ဥပုသ်ယူချင်လဲယူလေ ကိုလတ် ဘုရားကို လိုက်ပို့မှာပေါ့"

"ကိုလတ်ကလဲ ချစ်သူဖြစ်သွားတာ အမေရိပ်မိသွားရင် မကောင်းဘူးလေ အနေအထိုင်ဆင်ခြင်ရမယ်လေ"

"ဟောဗျာ နွယ်လေးကသာ အမေသိမှာ စိုးရိမ်နေတာ ကိုလတ်ကဖြင့် နွယ့်ကို ကိုယ်မေတ္တာရှိနေတယ်ဆိုတာ အန်တီ့ကို အရင်ဖွင့်ပြောထားပြီးသား စိတ်မပူပါနဲ့ နွယ်ရဲ့ ကိုယ်နွယ့်ကို တန်ဖိုးထားမြတ်နိုးမိတာပါ နွယ့်ကို ကိုယ်နှစ်နှစ်ကာကာချစ်တယ် မေတ္တာရှိတယ်ဆိုတာကို ဒီပိတောက်ပင်ကြီးရယ် အတာရေရယ် ပိတောက်ပွင့်လေးတွေကို သက်သေတည်ပါတယ် နွယ်ရယ် ကိုယ့်မေတ္တာကို နွယ်သံသယမရှိပါနဲ့ ဟုတ်ပြီလား"

နွယ်ရင်တွေတောင် တဆတ်ဆတ်ပိုပြီး အခုန်မြန်လာသည်အထိ ကိုလတ်မေတ္တာကို နွယ်ခံစားလိုက်ရသည်။ နွယ်ကံကောင်းမှာပါ။ နွယ် ကိုလတ်နဲ့အတူ သင်္ကြန်အကြတ်နေ့ လည်ဖို့ ခေါင်းညိတ်လက်ခံလိုက်မိသည်။ နွယ်တို့ရဲ့ ချစ်ဦးကာလတွေကို သင်္ကြန်ပွဲနဲ့အတူ ဆင်နွှဲရမှာမို့ နွယ်ပိုပြီး ရင်ခုန်မိတယ်ဆိုရင် ပိုမှန်မလား။ နွယ် အတွေးလေးနဲ့တင် ပျော်နေမိသည်။ နွယ့်စိတ်ထဲ ဒီနှစ် သင်္ကြန်က ပိုပျော်ဖို့ကောင်းပြီး ထူးခြားနေသလားလို့။



*******************************************************************************************************************


"ဝေးဟေးဟေး ပျော်တယ်ဝေ့ သင်္ကြန်ရောက်ပြီဟေ့ ရေပက်ကြမယ်ဟေ့"

"မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ ကူးပြောင်းစ တန်ခူးလေမှာ တစ်ယောက်တစ်လှည့်မို့ လှမ်းကာ ဖျန်းပက်ကြစဉ် ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ခေါင်းကလေးမော့လို့ ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ"

ဒီနေ့ သင်္ကြန်အကြိုနေ့။ ခပ်ဝေးဝေးက ပျံ့လွင့်လာတဲ့ ကလေးတွေရဲ့ အပျော်စီနေတဲ့အသံတွေရယ် ရေကစားမဏ္ဍပ်တစ်ခုက ဖွင်တဲ့ သီချင်းသံတွေကြောင့် နွယ်ပြုံးမိသေးသည်။ နွယ့်ခေါင်းက ပိတောက်ဖူးလေးတွေပါတဲ့ ပိတောက်ခိုင်လေးကို စမ်းရင်း ဇော်ပိုင်က နွယ့်ကို စောင်းဆိုနေသလို ရှက်အားပိုရပြန်သည်။ နွယ့်အတွက် ပထမဆုံး ချစ်သူနဲ့အတူ ဆင်နွှဲရမယ့် သင်္ကြန်ပွဲတော်ဆိုတော့ နွယ့်ရင်မှာ အပျော်တွေ စီနေတော့သည်။ နွယ့်ရင်ခွင်ဦးကို ပထမဆုံး ရေလောင်းခွင့်ရဖို့ နွယ်ရင်ခုန်နေတယ်ဆိုလဲ မမှားပါဘူးလေ။


အခုလဲ နွယ့်လက်ထဲက ဖလားသေးသေးလေးထဲမှာ မနေ့ညကတည်းက နွယ်တခုတ်တရ ထိုင်သွေးထားတဲ့ နံ့သာဖျော်ရည်ရယ် ပိတောက်တစ်ခက်ရယ် စိုက်ထားမိသည်။ ကိုလတ်တို့ ခြံထဲကို နွယ်လှမ်းကြည့်တော့ ကိုလတ်တစ်ယောက် ရှိုးထုတ်ပြီး အိမ်ထဲက ထွက်လာတာကို မြင်ရသည်။ ကြည့်စမ်း နွယ်များ ရေလာလောင်းမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှိုးများထားတာ ဖြစ်မယ်လို့ နွယ်အတွေးနဲ့ ရေသွားလောင်းဖို့ တာဆူစဉ် ကိုလတ်တို့ ခြံထဲကို ဂျစ်ကားတစီးဝင်လာတာ မြင်လိုက်ရတာမို့ နွယ်ကိုယ်ရှိန်လေးတောင် တန့်သွားမိသည်။ ဧည့်သည်တွေ ထင်တယ် ဘယ်သူတွေပါလိမ့်လို့ နွယ့်အတွေးမဆုံးခင် တဖြုတ်ဖြုတ် ဆင်းလာကြတဲ့ ကောင်မလေးတွေ တစ်ပြုံကြီးနဲ့ အတူ ကိုလတ်သူငယ်ချင်း ကောင်လေးတွေကို နွယ်တွေ့လိုက်ရစဉ် မင်တက်သွားမိသည်။ ကိုလတ်မှာ နွယ်မသိတဲ့ မိန်းကလေးသူငယ်ချင်း အဲလောက်ထိ ရှိနေသလား။ တချို့ မိန်းကလေးတွေက အိမ်ထဲဝင်သွားကြသလို တချို့တွေက ပိတောက်ပင်အောက် ပြေးကြတာ နွယ် တွေ့လိုက်ရသည်။

နွယ့်ကို ပိုပြီး အံ့အားသင့်သွား ဝမ်းနည်းသွားစေတဲ့ မြင်ကွင်းက အခုမှ အစပျိုးတယ်ဆိုတာ နွယ်နောက်ကျမှ သိလိုက်ရသည်။ ကားပေါ်ကနေ ကနွဲ့ကလျ ဆင်းလာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လက်ထဲမှာ ရေအပြည့်နဲ့ ဖလားကြီးတစ်လုံး။ နွယ်သိလိုက်ပါပြီ။ နွယ် ကိုလတ်ကို ဦးအောင် ရေလောင်းခွင့် မရတော့ဘူး ဆိုတာ။ နွယ့်ရင်ခွင်ဦးကို နွယ်ကိုယ်တိုင်တောင် မလောင်းရသေးခင် သူများဦးသွားပြီ။ နွယ့်ရင်ထဲ အတိုင်းအဆမရှိ ဝမ်းနည်းသွားမိတာကို နွယ့်မျက်ဝန်းတွေရဲ့ ပုလဲသီတွေက သက်သေဝိုင်းပြကြသည်။ နွယ် မြင်ကွင်းကို ဆက်မကြည့်ရက်နိုင်တာမို့ ချာကနဲ အိမ်ထဲ လှည့်ဝင်လာမိသည်။ နွယ်ဒီသင်္ကြန်ကို မပျော်တော့ဘူး။ သင်္ကြန်ပျော်ဖို့လဲ နွယ်စိတ်မပါတော့ဘူး။ ဟုတ်တယ် ကိုလတ်အတွက် သင်္ကြန်လည်ဖို့ နွယ်မရှိလဲ ဖြစ်တာပဲဆိုတာ အခုမြင်ကွင်းက သက်သေ တည်သွားပြီပဲလေ။ နွယ့်ဘာသာ ရိပ်သာသွားတာပဲ ကောင်းပါတယ်လေ။ နွယ့်အပူတွေ ငြိမ်းဖို့ မေမေတို့ရှိတဲ့ ရိပ်သာကိုပဲ လိုက်သွားတာ ကောင်းတယ် ဟုတ်တယ် နွယ် ရိပ်သာပဲ သွားတော့မယ်။

*************************************************************************************************************

ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့။ နွယ် ရိပ်သာကနေ ဒီနေ့ထွက်မယ်ဆိုတာ သိတဲ့ ကိုလတ်တစ်ယောက် ပြုံးစိစိမျက်နှာပေးနဲ့ လာကြိုနေတော့ နွယ့်တရားတွေ ရိပ်သာဝမှာ ကျကျန်ခဲ့တယ် ထင်ပါရဲ့။ ဖြတ်ခနဲ မျက်စောင်းလှည့်ထိုးတော့ ကိုလတ်မျက်နှာ ပိုပျော်သွားတာ မြင်လိုက်ရတယ်။ အင်းလေ မျက်စောင်းထိုးတယ်ဆိုမှတော့ ဥပေက္ခာပြုထားတာထက်စာရင် အခြေအနေကောင်းတယ်လို့ ကိုလတ်တစ်ယောက် တွက်စတတ်တယ် ဆိုတာ နွယ်တွေးမိပြီးသား။ နွယ် ကိုလတ်ကို စိတ်ဆိုးပြီး ရိပ်သာဝင်သွားတော့ ကိုလတ်ကဲဖို့ လွတ်လပ်သွားတယ် မဟုတ်လားလို့ မေးတော့ မဟုတ်ပါဘူး နွယ်ရယ် အဲဒါကိုလတ်သူငယ်ချင်း ညီမလေးပါ။ နွယ်ထင်သလို မဟုတ်ရပါဘူးကွာ။ ဘာညာနဲ့ ရှင်းပြတော့လဲ နွယ့်စိတ်ကောက်ပြေရပြန်သည်။

"နွယ်လေး ကိုယ့်ကို ခွင့်လွှတ်တယ်မလား"

"တော်ပါ အခုမှ ရိပ်သာက ထွက်လာတာနော် အဲလိုတွေ ပြောပြီး စိတ်မကောက်ချင်ဘူး"

"အင်းပါ နွယ်လေးရဲ့ တစ်ခုပဲ ဖြေပေးကွာနော် ကိုယ့်ကို ခွင့်လွှတ်တယ်မလား ခွင့်လွှတ်လိုက်ပါကွာ နှစ်သစ်ကို အဲလိုစိတ်ကောက်တာကြီး မပါသွားစေချင်ပါဘူး"

"ဒါဆို စိတ်ကောက်မယ် ဆိုတာ သိသိကြီးနဲ့ ဘာလို့ ရေလောင်းခံလဲ"

"ဟော တွေ့လား မြင်ကွင်းကို ဆုံးအောင်မကြည့်ပဲ လှည့်ထွက်သွားပြီးများ မလောင်းပါဘူးခင်ဗျာ ကျွန်တော်မျိုး အချိန်မှီ လှမ်းတားလိုက်ပြီးသားပါ ရွှေစိတ်တော်ညိုတာလေး ပြေတော်မူပါ စိတ်ကောက်တာတွေ နှစ်ဟောင်းမှာပဲ ထားခဲ့ပါတော့ဗျို့ ကျွန်တော်မျိုးချစ်တာ ဟောဒီက မယ်ဘုရားလေးပါ
နွယ် ကုသိုလ်ယူသွားတာမို့ ကိုလတ် လိုက်မခေါ်တာ ကိုလတ်မှာ ဒီနှစ်သင်္ကြန်အိမ်ထဲက အိမ်ပြင်ကို မထွက်တော့တာ တကယ်ကြီးတကယ်ကြီး မယုံရင် နွယ့် ကိုကိုကြီး ကိုကိုလေး ကြိုက်ရာမေး ဟုတ်ပြီလား တကယ်လို့ လိမ်ခဲ့ရင်ဗျာ ကိုလတ်ကို သိကြားမင်းကြီး ခွေးသားရေပုရပိုဒ်နဲ့ မှတ်သွားပါစေဗျာ ကဲရပြီလား"

"တော်ပါ ရှက်စရာကြီး နောက်မှာ အမေတို့ကားလဲ ပါတယ်လေ ဇွတ်အော်နေတယ် သိသာသိစေ မမြင်စေနဲ့တဲ့ တော်တော့ စိတ်ကောက်ပြေပြီ ကျေနပ်လို့တော့ မဟုတ်ဘူးနော် နှစ်သစ်ကို သယ်မသွားချင်လို့"

"ကျေးဇူးကြီးတော်မူပါတယ် မယ်ဘုရားလေး နွယ်ခင်ဗျား"

နွယ့်ရဲ့ ကိုလတ်အပေါ် မကျေနပ်တာတွေ အထင်လွဲတာကို နှစ်ဟောင်းမှာပဲ အကုန်ထားခဲ့တော့မယ်။ ကိုလတ်ကလဲ မဟုတ်ဘူးလို့ နွယ့်ကို ရှင်းပြပြီးပြီပဲလေ။ နွယ် ရင့်ထဲက မေတ္တာတွေ သစ္စာတွေပဲ နှစ်သစ်ကို သယ်သွားတော့မယ်။ ဟုတ်တယ် နွယ့် စိတ်အညစ်အကြေးတွေကို နှစ်ဟောင်းမှာ ထားခဲ့သင့်တာပေါ့။ နွယ့်အချစ်တွေပဲ နှစ်သစ်မှာ ပိုတိုးလာသင့်တယ်။ နွယ်ဘာသာဆုံးဖြတ်ပြီး ကိုလတ်ကို ပြုံးပြလိုက်တော့ ကိုလတ်ရဲ့ ကျေနပ်ပီတီပြုံးလေးနဲ့ ရောယှက်သွားတော့တယ်။

****************************************************************************************************

"အယ် ဖေကြီးပြီးတော့ မေကြီးပြုံးတယ်တော့ သမီးဟိုးနောက်က လှမ်းခေါ်တာ မကြားလို့ လိုက်လာမှ တွေ့တယ်ဟေ့ မေကြီးဟေ့ ပြုံးစိစိကြီး လုပ်နေပါတယ် ဒီမှာ ဖေကြီးရေ လာကြည့်လှည့်ပါဦး"

"အယ် ဒီကောင်မလေး လူကြီးကို လိုက်စနေတယ် သွားသွား မေကြီးလာခဲ့မယ် တီဗွီပိတ်လိုက်ဦးမယ်"

"သမီးမေကြီး သွားမစနဲ့ သမီးရေ တော်ကြာ သမီးနဲ့ ဖေကြီးကိုပြစ်ပြီး ရိပ်သာဝင်သွားလို့ ဖေကြီးတို့သားအဖ ချက်ကျွေးမယ့်လူမရှိပဲ သင်္ကြန်မကဲရပဲ ဖြစ်နေလိမ့်မယ်"

ထမင်းစားခန်းထဲကနေ ကိုလတ်တစ်ယောက် ရယ်သံပါကြီးနဲ့ လှမ်းစနေပြန်တယ်။ ဟော ကိုလတ်ဟာလေ အခုထိ အဲကိစ္စကို စတုန်း။

"ဖေကြီးနော် နွယ်စိတ်ကောက်တာတွေ အဲနှစ်ကတည်းက နှစ်ဟောင်းမှာ ထားခဲ့ပြီးသား ဖေကြီးသာ အခုထိ သယ်သယ်လာနေတာ သတိထား သကြားမင်းက ခွေးသားရေပုရပိုဒ်နဲ့ မှတ်သွားဦးမယ် ဟင်း"

မြူးမြူးကြွကြွ လာနေတဲ့ သင်္ကြန်သီချင်းတွေကို ကြည့်ရင်း အတိတ်ကို ပြန်လွမ်းသွားတဲ့ ဒေါ်ခင်မာနွယ်ကို သားအဖနှစ်ယောက် ဝိုင်းစကြပြန်သည်။ ဒီအသားဖက ဒေါ်ခင်မာနွယ်ကိုပဲ စစရာလို သဘောထားနေကြတာ။ ဟင်း နိုင်ကို မနိုင်တော့ပါဘူး။ ကဲ နွယ်လဲ လုပ်စရာ ရှိတာ လုပ်ဖို့ တီဗွီပိတ်ဦးမှပါ။ တီဗွီပိတ်လိုက်တော့ ဒေါ်ခင်မာနွယ်မြင်ကွင်းထဲကနေ သင်္ကြန်အကြိုမြင်ကွင်းတွေ ဖျက်ကနဲ ပျောက်သွားခဲ့သလို အတိတ်ဟောင်းကို ပြန်နွှယ်နေတဲ့ ဒေါ်ခင်မာနွယ်အတွေးတွေလဲ ဖျက်ကနဲပဲ ပျောက်ကွယ်သွားတော့သည်။


                                                                                                                                                                     ခေးဟေသာ



အားလုံးသော သူငယ်ချင်းများလဲ နှစ်သစ်မှာ စိတ်သစ် လူသစ် ပျော်ရွှင်ခြင်းအသစ်များနဲ့ ပျော်ရွှင်ကြပါစေ။ နှစ်ဟောင်းမှာ စိတ်ညစ်စိတ်မဲများကို အလွတ်တကူချန်ထားနိုင်ကြပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်ရှင်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့