Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 April 2013

“ဗာလ နှင့် ပဏ္ဍိတ တို့၏ ဆိုလိုရင်းအဓိပ္ပါယ်”


“ဗာလ နှင့် ပဏ္ဍိတ တို့၏ ဆိုလိုရင်းအဓိပ္ပါယ်”

အိန္ဒိယနိုင်ငံခေါင်းဆောင်ကြီး“မဟတ္တမဂန္ဒီ”သည်မကွယ်လွန်မီကအိန္ဒိယနိုင်ငံသို့ကြွတော်မူခဲ့သောရန်ကုန်မြို့၊
ကျောက်မြောင်း၊မင်္ဂလာသုခကျောင်းတိုက်၊“ပါဠိတက္ကသိုလ်ဆရာတော်ဦးကေသရ”နှင့်တွေ့ဆုံခဲ့ဖူးပါသည်။
“မဟတ္တမဂန္ဒီ”က“ဆရာတော်ဦးကေလာသ”ကို-
“ဆာဓုဂျီ အသေ၀နာစဗာလာနံ ပဏ္ဍိတာနဉ္စ သေ၀နာ မင်္ဂလ သုတ္တရမေ ဗာလပဏ္ဍိတ အရတ္ထကို ကိစာ မာဘိလေ နာဘာဘာ”(အရှင်ဘုရားမင်္ဂလသုတ်ပါဠိတော်၌ပဏ္ဍိတနှင့်ဗာလကိုဘယ်လိုယူရပါသလဲ)ဟူ၍မေးလျှောက်ခဲ့ဖူးပါသည်။

“ဆရာတော်” က
“ဗာလ နှင့် ပဏ္ဍိတကို မဟတ္တမကြီးက ဘယ်လိုယူချင်ပါသလဲ”ဟုမေးသောအခါ-
“မြန်မာဘုန်းတော်ကြီင်္းတွေကိုမေးကြည့်ဖူးတယ်၊ဗာလ အရ ဘိန်းစား၊အရက်သမားကိုယူရမယ်။ပဏ္ဍိတ အရ ဘုရားဒကာ၊ကျောင်းဒကာများကိုယူရမယ် လို့ပြောကြတယ်။

ဒီလိုဆိုရင်ဘုရားဒကာကဘိန်းစားကိုမပေါင်းဖော်အပ်တဲ့လူဆိုပြီးရှောင်ပြေးရမယ်။ဘိန်းစားကလည်းဘုရားဒကာကိုဒီလူကိုပေါင်းဖော်ရမယ်လို့နောက်ကလိုက်မယ်။ဒီတော့တစ်ယောက်ကပြေး၊တစ်ယောက်ကလိုက်ဖြစ်ကြမယ်။
ဒါကြောင့် ဒီအဓိပ္ပါယ်ကို တပည့်တော် သဘောမကျနိုင်ပါဘုရား”ဟု လျှောက်ထား၏။

ဤတွင် ဆရာတော်က-အောက်ပါအတိုင်း“မုချ နှင့် ဥပစာ”ကို တိကျစွာရှင်းပြပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည်မယ်တော်ဖြစ်ခဲ့ဖူးသော“သနုဿီတနတ်သား”ကိုအကြောင်းပြု၍တစ်သောင်းသော
စကြ၀ဠာမှလာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား“အဘိဓမ္မာတရားတော်”ကိုဟောကြားတော်မူခဲ့ပါသည်။

“ကုသလာ ဓမ္မာ၊အကုသလာဓမ္မာ၊အဗျာတကာ ဓမ္မာ”ဟူ၍“အဘိဓမ္မာ”ကို အကျဉ်းဆုံးသဘောပေါက်နားလည်နိုင်သည်။
(၁) အပြစ်မရှိသောကောင်းသောအကျိုးကိုပေးခြင်းလက္ခဏာရှိကုန်သောသတ္တ၀ါလည်းမဟုတ်၊
အသက်လည်းရှိသည်မဟုတ်ကုန်သော သဘောတရားတို့သည်လည်းကောင်း။

(၂) အပြစ်နှင့်တကွမကောင်းသောအကျိုးပေးခြင်းလက္ခဏာရှိကုန်သောသတ္တ၀ါလည်းမဟုတ်၊အသက်
လည်းရှိသည်မဟုတ်ကုန်သော သဘောတရားတို့သည်လည်းကောင်း။

(၃) ကုသိုလ်၊အကုသိုလ်အဖြစ်ဖြင့်ကားမဟောအပ်ကုန်၊တစ်ပါးသောအဖြစ်ဖြင့်သာဟောအပ်ကုန်သော
(၀ါ)ကုသိုလ်ကဲ့သို့ကောင်းကျိုးလည်းမပေးတတ်၊အကုသိုလ်ကဲ့သို့လည်းမကောင်းသောအကျိုးကိုမ
ပေးတတ်၊ဖြစ်ကာမတ္တမျှသာဖြစ်ကုန်သော သဘောတရားတို့သည်လည်းကောင်း

ဤသုံးပါးသောတရားတို့သည်ပုပုရွရွဖြစ်သောသတ္တ၀ါတို့၏ခန္ဓာကိုယ်၌သဘာဝအလျောက်ဖြစ်ပျက်၍နေကြလေတော့၏။
ဗုဒ္ဓမြတ်စွာဘုရား၏အလိုတော်မှာ-
သတ္တ၀ါတစ်ခု၏ကိုယ်၌တရားသုံးစုရှိကြောင်းကိုပြလိုတော်မူရင်းဖြစ်သည်။သမုတ္တိသစ္စာနယ်ရှိသတ္တ၀ါတစ်ခု၏
ခန္ဓာကိုယ်၌ ဤတရားသုံးစုမှတစ်ပါး အခြားဝေဖန်ပိုင်းခြားဖွယ်ရာမရှိပါ။

(ကုသိုလ်ဟူသည်အပြစ်ကင်း၍ကောင်းသောအကျိုးကိုပေးတတ်ပေသည်။အကုသိုလ်ဟူသည်အပြစ်ရှိ၍မ
ကောင်းကျိုးကိုပေးတတ်သည်။အဗျာကတဟူသည်ကောင်းကျိုးကိုလည်းမပေးတတ်၊မကောင်းကျိုးကိုလည်းမ
ပေးတတ်။ဖြစ်ကာမတ္တဖြစ်သော အကျိုးတရားတစ်ခုမျှသာဖြစ်သည်)

ဥပမာဆိုရပါမူ-
ဘာသာရေးကထိန်ပွဲများတွင်အချို့သောအရပ်ဒေသများ၌ နှီးဖြင့်ရက်၊စက္ကူကပ်၊ခေါင်းပေါင်းစတစ်လူလူဖြင့်ဆင်ပြင်ထား
သော“ဖိုးဝရုပ်ကြီးများ”ကိုတွေ့ဖူး၊မြင်ဖူးကြပါမည်။

ထိုအရုပ်ကြီးများသည်ဘာမှမလှုပ်ရှားနိုင်သောနှီးရုပ်စစ်စစ်ဖြစ်ပါသည်။ထိုအရုပ်ကြီးထဲသို့“မောင်မဲ”ဆိုသူတစ်
်ယောက်ဝင်“က”သောအခါအရုပ်ကြီးကလှုပ်လာသည်။စင်စစ်အရုပ်ကြီးက,သည်မဟုတ်ပါ“မောင်မဲ”၀င်၍လှုပ
်ပေးသည်မှာထင်ရှားပါသည်။

“မောင်မဲ”မော လာသောအခါ“မောင်မဲ”ခဏထွက်၍“မောင်ဖြူ”၀င်လာ၍ က,ပြန်၏ထိုအခါ အရုပ်ကြီးလှုပ်ကာ က,လာပြန်၏။“မောင်ဖြူ”လည်းညောင်း၊“မောင်မဲ”လည်းညောင်း၍၀င်မကသောအခါ“နှီးရုပ်ကြီး”သည်ဘာမျှမ
လုပ်တတ်တော့ပါ။မှောက်ထားလျှက် မှောက်လျက်၊ပက်လက်ထားလျှင် ပက်လက်အတိုင်းဖြစ်နေတော့သည်။

ထို့အတူ-သတ္တ၀ါတစ်ခု၏ကိုယ်တွင်“အဗျာကတ”ဆိုသော“ရုပ်တရား”သည်“နှီးရုပ်ကြီး”သဏ္ဍာန်နှင့်တူ၏။
ဝင်၍ က , တတ်သော“မောင်မဲ”သည် “အကုသိုလ်တရား”နှင့် သဏ္ဍာန်တူ၍“မောင်ဖြူ”သည်“ကုသိုလ်တရား”နှင့်သဏ္ဍာန်တူ၏။

“နှီးရုပ်”နှင့်တူသောဤခန္ဓာကိုယ်ကြီးထဲသို့ တစ်ခါတစ်ရံ“မောင်ဖြူ”ဆိုသော “ကုသိုလ်တရား”၀င်လာတတ်၏။
တစ်ခါတစ်ရံ“မောင်မဲ”ဆိုသော“အကုသိုလ်တရား”၀င်ရောက်လှုရှားတတ်၏။

သို့သော်-“မောင်ဖြူ”နှင့်“မောင်မဲ”တို့နှစ်ဦးသည်ဤခန္ဓာကိုယ်ထဲသို့နှစ်ဦးပြိုင်၍မ၀င်နိုင်ပါ။“အကုသိုလ်”၀င်လျှင်“ကုသိုလ်”ကရှောင်ပြေးရ၏။“ကုသိုလ်”၀င်လာပါက“အကုသိုလ်”က ရှောင်တိမ်းပေးရ၏။
“ကုသိုလ်”၀င်လာပါက-
“ကုသိုလ်”၏သဘာဝအရပေးကမ်းချင်လာ၏။သတ္တ၀ါများအပေါ်ချစ်ခင်ခြင်းမေတ္တာပေါ်လာ၏။သူတော်ကောင်းတို့ကိုလှူဒါန်းလိုလာ၏။ဒုက္ခိတသတ္တ၀ါတို့အပေါ်သနားကရုဏာဖြစ်လာ၏။ယင်းသို့“ကုသိုလ်”၏အမူအရာများပေါ်ပေါက်လာပါသည်။

“အကုသိုလ်”၀င်လာပါက-သတ်ဖြတ်ချင်လာ၏။ခိုးဝှက်လိုလာ၏။သက်ရှိ၊သက်မဲ့တို့အပေါ်နှစ်သက်စွဲလမ်းလာ၏။ယင်းသို့“အကုသိုလ်”၏အမူအရာပေါ်လာကြသည်။
“မင်္ဂလသုတ်ပါဠိတော်”တွင်“အသေ၀နာစ ဗာလာနံ ပဏ္ဍိတာနဉ္စသေ၀နာ”ဟု ဆိုထားသည်။
“သူမိုက်တို့ကိုမမှီဝဲမဆည်းကပ်ရခြင်းသည်လည်းကောင်း၊ပညာရှိသူများကိုမှီဝဲဆည်းကပ်ရခြင်းသည်လည်း
ကောင်း”ဟုဖွင့်ဆိုထားသည်။အကျဉ်းချုံး၍ပြောရလျှင်“ဗာလ”ကိုမမှီဝဲနှင့်၊“ပဏ္ဍိတ”ကိုမှီဝဲဆည်းကပ်ရမည်ဟုဆိုလိုရင်းဖြစ်ပါ၏။

“ဗာလ”အရ မည်သူလဲ၊“ပဏ္ဍိတ”အရမည်သူလဲဟု စိစစ်ရန်လိုအပ်လာပါသည်။
“သုတ္တန္တမာတိကာ”၌-
“ဗာလာဓမ္မာ ပဏ္ဍိတာဓမ္မာ”ဟု“ဒုကမာတိကာ”ကိုဟောရာ၌ “ဗာလ”အရ“(၁၂)ပါးသောအကုသိုလ်စိတ္တပ္ပါဒ်”ကိုကောက်ပြ၏။“ပဏ္ဍိတ”အရ“(၂၁)ပါးသောကုသိုလ်စိတ္တပ္ပါဒ်”ကို ကောက်ပြ၏။

မင်္ဂလသုတ်အဓိပ္ပါယ်မှာ“မုချ”အနက်အားဖြင့်“အကုသိုလ်ဟူသောဗာလာနံကိုမမှီဝဲနှင့်”“ကုသိုလ်ဟူသောပဏ္ဍိတကိုသာမှီဝဲရမည်”ဟုဆိုလိုပါသည်။
“မုချ”အားဖြင့်“အကုသိုလ်”သည်“ဗာလ”။(သို့သော်)ထို“ဗာလ”အဖြစ်ဝင်ရောက်ကိန်းနေသောအခါ“ဗာလ၏ကိန်းရာခန္ဓာကိုယ်”သည်တည်ရာဖြစ်သောကြောင့်“ဋ္ဌာနီ”၏အမည်ကို“ဋ္ဌာန”၌တင်စားသောကြောင့်“ဋ္ဌာန”ကိုပင်“ဗာလ”ဟုခေါ်ဆိုနိုင်ပါ၏။

သို့သော်- “မုချ”မဟုတ်ပါ။တင်စားသော “ဥပမာ” မျှသာဖြစ်ပါသည်။
“မုချ”ကိုပယ်ထားပြီး“ဥပစာ”ကို“ဗာလ”“ပဏ္ဍိတ”အဖြစ်ကောက်လျှင်အငြင်းပွားတတ်ပါ၏။
ဆရာတော်ကအထက်ဖော်ပြပါအတိုင်း“မုချ”နှင့်“ဥပစာ”ကိုတိကျစွာရှင်းပြသောအခါမှမဟတ္တမကြီးကအလွန်သဘောကျလှပါကြောင်းလျှောက်ထားသွားခဲ့ပါသည်။
မှန်ပါသည်။
“ပဏ္ဍိတ-ဗာလ”ကို“ဗဟိဒ္ဓ”တွင် မရှာပဲ၊မိမိ၏အဇ္ဈတ္တသန္တာန်တွင်ရှာ၍ မိမိသည်ပင်တစ်ခါတစ်ရံ“ဗာလ”ဖြစ်လိုက်၊
တစ်ခါတစ်ရံ“ပဏ္ဍိတ”ဖြစ်လိုက်ပြောင်းလဲနေကြောင်း“စိတ္တနုပဿနာသတိပဋ္ဌာန်တရား”ပွားများ၍တကယ့်“ပဏ္ဍိတအစစ်”ဖြစ်သော“အရိယာမဂ်ဖိုလ်”ရရှိအောင်ရှုမှတ်သင့်လှပါကြောင်းသတိပေးနှိုးဆော်အပ်ပါသည်။

(၁၉၉၆၊ဖေဖော်ဝါရီလ၊ဓမ္မရံသီဓမ္မမဂ္ဂဇင်း၊အမှတ်စဉ်(၇၄)၊မှဒေါက်တာအောင်ဆန်း(ဒါးက)၏(ဗာလနှင့်ပဏ္ဍိတ)အမည်ရဆောင်းပါးတစ်ပုဒ်ကို မှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့