Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 April 2013

အမြင်မှန်ရခြင်းဆိုတာ...


ဒီနေ့ ရေးချင်တာကတော့ “ အမြင်မှန် ရခြင်း " နဲ့  ဆိုင်ပါတယ်။ ကျနော်တို့  ငယ်ကတည်းက ခဏခဏ ပြောနေကျ စကားလေးရှိပါတယ်။ “ မင်းတော့ အမြင်မှန် ရသင့်ပြီ ထင်တယ်"တို့။ ခုထိ “ သူကတော့ အမြင်မှန် မရသေးဘူးလေ"။ ကိုယ့်အမှားကိုယ် ၀န်မခံသေးတို့ ဘာတို့  ပြောလေ့ရှိတယ်နော။ ဒါပေမယ့် ဘာကိုအမြင်မှန်လို့  ခေါ်မှန်း သေသေချာချာ မတွေးဖူးခဲ့ဘူး။ “ခုတော့သိပြီ "လို့ ပြောရပါမယ်။ တို့ တွေဟာ တစ်သံသရာ လုံးက အမြင်မှား ဒိဋ္ဌိ တွေနဲ့ပဲ ဘ၀စက်လည်နေခဲ့ကြတာနော်။ သြော် ဘာတွေအမြင်မှားနေသလဲ။ ဒီရထားတဲ့ ခန္ဓာ(၅)ပါးကို ရုပ်၊ နာမ် တရားတွေပါလားလို့ ဥာဏ်နဲ့  မကြည့်တတ်ခဲ့တော့ တကယ့်အရှိတရားတွေ အဟုတ်တွေထင်လို့ တပ်မက်စွဲလမ်းနေတဲ့ တဏှာဟာ ကိုယ့်ကို သံသရာချောက်က မတက်လာနိုင်အောင် တွန်းချခဲ့တာပေါ့။ အဲလို အ၀ိဇ္ဇာဖုံးပြီး အမှောင်ကျ နေရတဲ့ အချိန်တွေ အတော်ကို နှမြောစရာပါလားနော်။

ဒီ သံသရာ ဆင်းရဲကို အမှန်တကယ် သိကြရင်တော့ ကျောချမ်းစရာပါပဲ။ ရုပ်၊ နာမ် သဘာဝကို ထိုးဖောက် မြင်နိုင်တဲ့ အသိဥာဏ်လေး မရှိခဲ့ခြင်းဟာ အရမ်းကို ကြောက်စရာကောင်းလို့နေပါပြီ။ သြော် ပုဂ္ဂိုလ် ၊ သတ္တ၀ါ ၊ ယောက်ျား ၊ မိန်းမ ၊ ၀ိညာဉ်ကောင် ၊ လိပ်ပြာ …ဒါတွေ အားလုံးကို တကယ်အရှိ ထင်ပြီး ဒီအပေါ်မှာ မူတည်လို့ ဖြစ်လာတဲ့ အကုသိုလ်တွေက တစ်နေ့ တစ်နေ့တော့ တပြုံတမကြီးကိုပါပဲလားနော်။ အခုတော့ ဒါတွေကို ပြန်တွေးမိတိုင်း ကြက်သီးထမိပါတယ်။ သြော် ကံသီလို့သာပေါ့။ အမြင်မှား ခြင်းဘေးကလွတ်ခဲ့ရပါပြီ။


တကယ့် အရှိ တရားကတော့ ( ပရမတ္တတရား ) စိတ် ၊ စေတသိတ် ၊ ရုပ် ၊ နိဗ္ဗာန်သာလျှင် ဖြစ်တယ် ။ ဒီပရမတ္တ တရားတွေကို အ၀ိဇ္ဇာ မျက်လုံးနဲ့တော့ မမြင်နိုင်ပါဘူး။ အ၀ိဇ္ဇာဖုံးနေသမျှကတော့ ဒီပရမတ္တတရားတွေကို ရှေ့ က ပိတ်ဆို့ထားတဲ့ ပညတ်တွေ အပေါ်သာ အဟုတ်ထင်ပြီး ဒါကိုပဲ အမြင်မှန်လို့  ထင်တတ်ကြပါတယ်။ ၀ိဇ္ဇာဥာဏ် မျက်လုံးနဲ့  ထိုးဖောက်ကြည့်မှ မြင်နိုင်မှာမို့  အဲလို မြင်နိုင်ခြင်းကိုသာ“အမြင်မှန်"လို့ မှတ် ပါတယ်နော်။ ဒါကို မြင်နိုင်တဲ့ ဥာဏ်လေး ရှိနေသူသည် အမြင်မှန် ရသူပဲပေါ့။


ဒီလို အမြင်မှန်မျိုး ရရင်တော့ ဒီပုဂ္ဂိုလ်ဟာ သံသရာက အပြီးတိုင် လွတ်မြောက်တော့မယ့် ပုဂ္ဂိုလ်လို့မှတ်ပေတော့ ။ ဒါမှ မဟုတ်လည်း တကယ့်ကို လွတ်မြောက်ပြီးသား ပုဂ္ဂိုလ်မျိုး ဖြစ်နေပါပြီ။ ဒီလိုမှ မဟုတ်လို့ ဒီပညတ်တရားတွေပေါ်မှာ အရှိထင်ပြီး ဒါက ငါ့သား ၊ ငါ့သမီးနဲ့ တခြားလူတွေ အပေါ်တင်မက ကိုယ့်ကိုကိုယ်ပါစွဲနေတော့ မှားပြီးရင်း မှားနေပြီပေါ့။ ဒီစွဲလမ်းမှု့ တဏှာ ဆိုတာ တကယ်တော့ ကုမရတဲ့ ရောဂါကြီးနဲ့ တူပါတယ်။ ဒီရောဂါဆိုးကြီးဟာ ဘုရားမှန်းမသိ၊ တရားမှန်းမသိ၊ သံဃာမှန်းမသိတဲ့ ပုထုဇဉ်အရိုင်းတွေကို အပေါ်စီးကနေ အေးအေးသာသာလေး အနိုင်ယူ ဖိစီးနေတာကိုပဲ သူတို့ က သာယာနေကြတယ်လေ။ ဒါသည်ပင် အမှန်ကို မသိခြင်း အ၀ိဇ္ဇာ ဖုံးခံနေရတာပါပဲ။


ဥာဏ်ကြီးတဲ့ လူတွေ ကတော့ ဒီရောဂါဆိုးကြီး ရနေပြီ ဆိုတာ သိလိုက်တာနဲ့  ပျောက်ကင်း စေမယ့် သတိပဋ္ဌာန် ၀ိပဿနာ တရားဆေးကို အမြန်သောက် နေကြပါပြီ ။ မြစ်ပွားနာသည် စက္ကန့် နဲ့ အမျှ ပွားနေတာမို့ အချိန်မီ ကုဖို့ တော့ အရေးကြီး ပါတယ်နော် ။ သြော် တို့ တွေရဲ့ ရုပ်ခန္ဓာကြီး ဟာ ရောဂါ မျိုးစုံ နှိပ်စက်တဲ့ အခါ ပူပန်သောက တွေနဲ့  ရောဂါဒဏ် ကို ခံနေကြရင် ဒီတဏှာရဲ့ နှိပ်စက်တာကို ခံနေရတဲ့ နာမ်ခန္ဓာလေးခမျာ ဘယ်လောက် အခံရတွေ ခက်နေမလဲ စဥ်းစား သာ ကြည့်ပေတော့ ။ ဒါပေမယ့် ရောဂါ ရှိရင် ဆေးရှိပါတယ် ။ ရောဂါရှိမှန်း သိမှ ဆေးကုလို့ ရမှာမို့ အမြန်ဆုံး ကုသခံကြဖို့  မျှော်လင့်မိပါတယ် ။


တကယ့် အရှိတရားဖြစ်တဲ့ ရုပ် နာမ် တရားတွေကို ထင်ရှားစွာ ဥာဏ်နဲ့ သိမြင်လို့ သူတို့ရဲ့ ဖြစ်ခြင်း၊ ပျက်ခြင်း တွေကို အတိုင်းသားသိအောင် သတိလေးနဲ့  စောင့်ကြည့်နိုင်ရင်တော့ ဥာဏ်တွေ ထင်ရှားလာပြီးရှင်းလင်းလာပါလိမ့်မယ်။ ရုပ်၊နာမ်တရားတွေကိုနွားနို့အဖြစ်မြင်ပြီးဝိပဿနာ ထင်းစ တွေနဲ့ အားကောင်းကောင်း ရှို့နိုင်ရင်တော့ မလိုင် နဲ့ တူတဲ့ ဥာဏ် တွေ တစ်ထပ်ပြီး တစ်ထပ် တက်လာမှာ ဖြစ်ပါတယ်။ ဒီကနေမှ လက္ခဏာရေး (၃)ပါး ကို ထင်ရှားစွာ သိမြင်တဲ့ ဥာဏ်လည်း ပေါ်လာမှာပါ။


သြော် ဒီခန္ဓာကြီး က တကယ်တော့ ပညတ် ခန္ဓာကြီး ပါလား။ တကယ့် ပရမတ်ကတော့ ရုပ် ၊ နာမ် သာရှိပါလား ။ ဒီရုပ်နာမ်တွေ ကို စောင့်ကြည့်တော့လည်း စက္ကန့်မလပ်အောင် ပျက်စီးနေတာတွေ့ရတော့..သြော် မြဲတဲ့ အရာရယ်လို့ ဘယ်လိုများ ရှာရပါ့မလဲနော်။ ဒီမမြဲခြင်းကို ကျော်လွန်လို့ တကယ့်အရှိ နိဗ္ဗာန်၊ မအို၊ မနာ၊ မသေတဲ့နိဗ္ဗာန်သို့ သာရုန်းထွက် နိုင်သွားတယ် ဆိုရင် တော့ အို၊ နာ၊သေ ဇာတ်သိမ်းရာသို့ မျက်မှောက်ပြုနိုင်သွားပြီမို့ အရေးကြီးဆုံးကတော့ အမြင်မှန်လေး ရှိဖို့သာ ဖြစ်ပါတယ်နော်။ ပညတ်ကို ဖယ်ခွာလို့ ပရမတ်ကို မြင်နိုင်သမျှအမြင်မှန်ပြီမို့ အစွဲတွေကို အာရုံပြုတိုင်း စွဲစရာ တောင်ရှာမတွေ့ နိုင်အောင် တဖျပ်ဖျပ်ကို ပျက်ပြနေမှာမို့ ဘာမှမရှိခြင်းပင် တကယ့်အရှိပါလားလို့ အမြင်မှန်မှစလို့  ဥာဏ်အလင်း ရစေဖို့ ကြိုးစားကြပါစို့လို့ သာ တိုက်တွန်း လိုက်ရပါတော့သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့