Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

ငါးမန်းကိုက်ကြသူများ

“ငါးမန်းပွက်ပြီ .. ငါးမန်းပွက်ပြီ”
မီးစက်သံ တဖုန်းဖုန်းကို ကျော်ထွက်လာသော အသံဖြစ်၏။ ပင်လယ်ကမ်းစပ်မှ လာသည့် အသံမဟုတ်။ ဆယ်ပေပတ်လည် အခန်းကျဉ်းတစ်ခုဆီမှ ဖြစ်သည်။

စီးကျနေသည့် ချွေးသီး ချွေးပေါက်များကို သုတ်နေချိန်လည်းမရှိ။ မီးရောင်စုံလင်းလာသည့် စက်ခုံပေါ်မှ ကိန်းဂဏန်းများနှင့်အတူ ကိုတင်လှ(အမည်ပြောင်း) စိတ်လှုပ်ရှားစွာထအော်မိခြင်း ဖြစ်သည်။

ငါးမန်းပွက်သည်ဆိုသည်က လှိုင်၊ ကမာရွတ်၊ အင်းစိန်၊ တောင်ဥက္ကလာပစသည့် ရန်ကုန်မြို့ လူနေရပ်ကွက်များ၌ ခေတ်စားနေသည့် အရပ်ခေါ် ငါးမန်းရုံများ (ကာစီနိုရုံ) အောင်နိုင်ခြင်း စကားရပ် ဖြစ်သည်။

ရောင်စုံလိုက်ကာလေးများ ချထားပြီး ဆိုင်းဘုတ်မတင်၊ မထင်မရှား အခန်းကျဉ်းကလေးများတွင် ဖွင့်ထားသည့် ကာစီနိုလောင်း
ကစားရုံလေးများက တရားဝင် ခွင့်ပြုထားသလိုပင် ရန်ကုန်မြို့ လူနေထူထပ်သော နေရာများ၌ တွင်တွင်ကျယ်ကျယ် ပြန်လည်ဖွင့်လှစ်လာနေခြင်း ဖြစ်သည်။

စိတ်အပန်းဖြေကစားခြင်းဟု ဆိုသော်လည်း စွဲစွဲလမ်းလမ်းဖြင့် အလောင်းအစားဆန်ဆန် ကစားလာခြင်းတို့ကြောင့် စီးပွား၊ လူမှုဘ၀များ ဆုံးရှုံးကြရသည်အထိ ဖြစ်လာသည်။

“ဒီနေ့တော့ ကံကောင်းပြီ။ သူ့ကို စောင့်နေတာကြာပြီ။ ဘေးတိုက်တွေ ကျတာပဲ များတယ်” ဟု ချွေးပြိုက်ပြိုက်နှင့် အကျပင် မကပ်နိုင်အောင် ဇောကပ်နေသည့် ကိုတင်လှက ပြောသည်။

“နိုင်ပြီဆိုတော့ ခပ်ပါးပါးပဲ။ ရှုံးပြီဆိုရင်တော့ တစ်နေကုန်ရှာထားသမျှ အုံနာခတောင် မကျန်ဘူး။ မိသားစုစားဝတ်နေရေး အလွန်ဒုက္ခရောက်တယ်” ဟု တက္ကစီ ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ယခုဖွင့်လှစ်ကြသည့် ကာစီနိုဂိမ်းစက်များမှာ ငမန်း၊ စင်ရော်၊ ကျီးကန်း၊ ခို၊ ၀က်ဝံ၊ ခြင်္သေ့ စသည်ဖြင့် အရုပ်များစွာ ပါဝင်သည်။ အရုပ်တစ်ခုချင်းစီလိုက်၍ ခလုတ်ခုံပေါ်မှ လျော်ပေးမည့်ငွေပမာဏမှာတူညီမှု မရှိဘဲ ကွဲပြားသည်။

မိမိလောင်းကြေး ထိုးလိုက်သည့် ပမာဏပေါ်မူတည်၍ လျော်ကြေးငွေရပါက လေးဆ၊ ခြောက်ဆ၊ ရှစ်ဆ၊ ဆယ့်နှစ်ဆနှင့် ငါးမန်းပွက်ပါက ၂၄ ဆ အထိ လျော်ကြေးရနိုင်ကြောင်း ယင်းကာစီနိုကို စွဲမြဲစွာ ကစားသူက ပြောသည်။

ကာစီနိုစက်မှ ပေးလျော်မှုမှာ လျှပ်စစ်ကိန်းဂဏန်းလေးများဖြစ်ပြီး ယင်းကိုဆိုင်ရှင်လည်းဖြစ်၊ ဒိုင်လည်းဖြစ်သူက ငွေကြေးနှင့် ပြန်လည်ပေးလျော်သည်။ စက်တွင်ပါဝင်သော အကောင်များထဲမှ မိမိကြိုက်နှစ်သက်သည့် အကောင်ကို ရွေးပြီး ထိုးနိုင်သည်။ မိမိထိုးထားသည့် အကောင်ကျပါက လျော်ကြေးငွေကို သတ်မှတ်ပေးထားသည့် အဆပမာဏအတိုင်းရသည်။

“မြို့နယ် တစ်မြို့နယ်မှာ ကာစီနိုဆိုင်လေးတွေ ငါးဆိုင်လောက် ရှိတယ်” ဟု တောင်ဥက္ကလာပမြို့နယ်မှ ငါးမန်းကာစီနိုဖွင့်လှစ်ထားသည့် ဆိုင်ရှင်တစ်ဦးက ဆိုသည်။

ကာစီနို လောင်းကစားဆိုင်များကို ယခင်က ဂိမ်းစင်တာကြီးများ၌သာ ဖွင့်လှစ်ကြသည်။ မိမိကစားလိုသည့် ပမာဏကို ငွေကြေးပေး၍ ၀ယ်ယူရသော်လည်းအနိုင်ရပါက တန်ဖိုးနှင့်ညီမျှသည့် လက်ဆောင်ပစ္စည်း အစားအစာများသာ ပြန်လည်လဲလှယ်ပေးသည်။ ငွေကြေးထုတ်ပေးခြင်းမရှိပေ။

“ငွေပြန်လဲပေးရင် အလောင်းအစား ၀ိုင်းကြီးလိုဖြစ်ပြီး ပြဿနာများလို့ အခုလို ပြောင်းလိုက်တာ။ ပိုင်ရှင်က ငွေပိုလိုချင်တာပေါ့” ဟု ရန်ကုန်မြို့ ကလေးကစားကွင်း တစ်ခုမှ ကာစီနိုတာဝန်ခံဟောင်း တစ်ဦးက ဆိုသည်။

ယခုကာစီနိုဂိမ်းစက်များမှာ လူနေရပ်ကွက်များသို့ ရောက်ရှိချိန်တွင် ငွေကြေးနှင့် အလျော်အစားပြုလုပ်လာသဖြင့် လူတန်းစားမျိုးစုံနှင့် လက်လှမ်းမီရာသို့ ရောက်လာသည်။

နေ့စဉ်ဝင်ငွေကောင်းသူများ၊ အလောင်းအစား ၀ါသနာပါသူများအတွက် ကာစီနိုဂိမ်းဆိုင်များမှာ ကွန်းခိုရာနေရာ တစ်ခုဖြစ်လာ
သည်။

ကစားစဉ်တွင် အနိုင်ရတတ်သော်လည်း စွဲစွဲလမ်းလမ်း ကစားမိပါက အရှုံးဆက်တတ်သည်။ ထိုသို့ အရှုံးဆက်သည့်အခါ လောင်းကစားသူများက မကျေနပ်မှုများကြောင့် စက်များ၊ ခလုတ်ခုံများ ထုရိုက်ချိုးဖဲ့ဖျက်ဆီးမှုများရှိကြောင်း တောင်ဥက္ကလာပမြို့နယ်မှ ဆိုင်တာဝန်ခံမန်နေဂျာတစ်ဦးက ရှင်းပြသည်။

“ကျောင်းဝတ်စုံနဲ့ဆိုရင်တော့ လုံးဝလက်မခံဘူး။ လူကြည့်ပြီးတော့ ဖွင့်ပေးရတာပေါ့။ ဒီအလုပ်က အရမ်းသည်းခံရတယ်” ဟု ယင်းမန်နေဂျာက ဆိုသည်။

ယခု ဖွင့်လှစ်ထားသည့် ကာစီနိုဂိမ်းများမှာ စတင်ကစားမည်ဆိုပါက အနည်းဆုံး ကျပ်တစ်ထောင်ခန့် ပေးရသည်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ကာစီနိုဂိမ်းများ ကစားရာတွင် အကြွေစေ့များ ၀ယ်ယူ၍ ကစားခဲ့ရသည်။ ယင်းအချိန်က အကြွေစေ့တစ်စေ့လျှင် တစ်ဆယ်ကျပ် ၀န်းကျင်သာရှိပြီး အနည်းဆုံး ကျပ် ၅၀ မှ ကျပ် ၁၀၀ အတွင်း စတင်ကစားနိုင်သည်။ ယင်းအချိန်မှာ လောင်းကြေးအနိုင်ရ
မည်ဆိုပါက အကြွေစေ့များကို စက်မှ ထုတ်ယူပြီး ဆိုင်ရှင်ထံ၌ ပြန်လည်လဲယူရသည်။ ယခုကာစီနိုဂိမ်းများမှာတော့ စက်ခရင် အကွက်လေးထဲမှ ဒစ်ဂျစ်တယ်ကိန်းဂဏန်းများကိုသာ အတိုးအလျော့ပြုလုပ်ပေးသည်။ ကာစီနိုဂိမ်းစက်များကို လျှို့ဝှက်ဂဏန်းများဖြင့် တည်ဆောက်ထားပြီး ပိုင်ရှင်က နေ့စဉ် ပြောင်းလဲပေးလေ့ရှိသည်။

“ဆော့တာကြာတော့ တွက်လို့ရမယ် ထင်ပေမယ့် တကယ်မဲပြီးဆော့ရင် ပါသမျှကုန်တာပဲ” ဟု တောင်ဥက္ကလာ ကာစီနိုဂိမ်းဆိုင်တွင် ကစားနေသူတစ်ဦးက ဆိုသည်။

ကာစီနိုဂိမ်းများကို ကစားသူများမှာ စိတ်ထွက်ပေါက်အနေဖြင့် အပျင်းပြေစတင် ကစားကြသည်။
ငွေကြေးအနည်းငယ်ဖြင့် စတင်ကြသည်။ စက်နှင့်အပြိုင်ဉာဏ်စမ်းကစားရသည့် ဂိမ်းမျိုးဖြစ်သည့်အပြင် ငွေကြေးပါထည့်ဝင်လောင်း ရသည့်အတွက် ပိုမိုအာရုံစိုက်ပြီးစွဲလမ်းတတ်ကြောင်း ၎င်းက ရှင်းပြသည်။

တရားဝင်ခွင့်ပြုချက်မရှိ ဖွင့်ထားသည့် ရပ်ကွက်များအတွင်းမှ ကာစီနိုဂိမ်းဆိုင် အသေးလေးများမှာ ရပ်ကွက်မြို့နယ်မှ သက်ဆိုင် ရာ
အဖွဲ့အစည်းများကို တစ်လလျှင် ကျပ်ငါးသိန်းမှ ခုနစ်သိန်းကြားပေး၍ ဖွင့်လှစ်ကြခြင်းဖြစ်သည်။ ဂိမ်းဆိုင်တစ်ဆိုင်၏ တစ်ရက်ဝင်ငွေမှာ အနည်းဆုံးကျပ်သုံးသိန်းမှ ဆယ်သိန်းကြားရှိကြောင်း သိရသည်။

ဂိမ်းဆိုင်တစ်ဆိုင် ဖွင့်လှစ်ရန်အတွက် တရုတ်နိုင်ငံထုတ် ဂိမ်းစက်ရှစ်လုံးတစ်တွဲကို ကျပ်သိန်း ၃၀ ၀န်းကျင်ဖြင့် နယ်စပ်မှ တစ်ဆင့်တင်သွင်းကြကြောင်း သိရသည်။

နှစ်လုံး၊ သုံးလုံးထီများ အ နည်းငယ် ငြိမ်သက်ချိန်တွင် ဘော လုံးပွဲများက နေရာယူခဲ့သည်။ ယခုလည်း ရန်ကုန်၊ မန္တလေးမြို့ ကြီးများတွင် ကာစီနိုဂိမ်းများက ကြီးစိုးနေသည်။ ကျေးလက်ဒေ သများတွင်လည်း ချဲထီ၊ နှစ်လုံးထီများနှင့် လောင်းကစားများ၏ နှိပ်စက်မှုများက နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကပင် နှုတ်မှ ဖွင့်ဟတားဆီးရသည်အထိ ဖြစ်လာသည်။

“မိုးစပါး၊ နွေစပါးပဲဖြစ်ဖြစ် စိုက်ပျိုးရေးအတွက် ထောက်ပံ့ကြေးပေးရင် ချဲမထိုးဖို့၊ လောင်းကစားမလုပ်ဖို့ သတိပေးရတယ်” ဟု ဆန်စပါးအထူးပြုကုမ္ပဏီတစ်ခုမှ ဒါရိုက်တာတစ်ဦးက ပြောဖူးသည်။


ရေးသားသူ- ပြည်သိမ်း၊ ချစ်ဝိုင်း - 7Day News Journal

ဓာတ်ပုံ- ကျော်ဇင်သန်း

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့