Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 May 2013

လားရှိုးတွင် ပဋိပက္ခဖြစ်၊ အဆောက်အအုံနှင့်ဆိုင်ခံများ မီးရှို့ဖျက်ဆီးခံရ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အမျိုးသမီးတဦး မီးရှို့ခံရပြီးတဲ့နောက် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားပြီး အဆောက်အအုံနဲ့ ဈေးဆိုင်ခန်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မေ ၂၈ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က လားရှိုးမြို့ ၈ ရပ်ကွက်ထဲမှာ ဓာတ်ဆီရောင်းတဲ့ အမျိုးသမီးတဦးကို လာဝယ်သူ အမျိုးသားတဦးက ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့ရာကနေ လူစုလူဝေးနဲ့ ဆူပူမှုတွေ ဖြစ်ပွားပြီး ဗလီနဲ့ ဈေးဆိုင်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ လားရှိုးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းမြင့်မောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျိုင်းတုံကလာတဲ့ မှတ်ပုံတင်ကိုင်ထားတဲ့ အသက် ၄၈ နှစ်အရွယ် ကိုနေ၀င်းဆိုတဲ့လူက၊ ရဲတပ်ဖွဲ့က ဆေးကြောင်နေတယ်လို့လည်း ပြောတယ်။ ဆေးပြား ၂ ပြားတွေ့တယ်တဲ့။ သူက လမ်းဘေးမှာ ဓာတ်ဆီရောင်းနေတဲ့ အေးအေးဝင်းဆီက ဓာတ်ဆီဝယ်တယ်၊ ပက်တယ်၊ မီးခြစ်နဲ့လိုက်ရှို့တော့ ထွက်ပြေးတယ်။ ဒါပေမယ့် အေးအေးဝင်း မီးလောင်သွားတယ်။ သူလည်း လောင်တယ်။ ရပ်ကွက်က ၀ိုင်းဖမ်းပြီး အမှတ် ၁ ရဲစခန်းကို ပို့လိုက်တယ်။”

ကျူးလွန်သူကို ရပ်ကွက်ထဲက လူတွေက လားရှိုးမြို့ အမှတ် ၁ ရဲစခန်းကို ပို့ဆောင်ခဲ့ပြီး ညနေ ၆ နာရီလောက်မှာ လူပေါင်း ၁၅၀ လောက် ရဲစခန်းကို လာဝိုင်းပြီး တရားခံကို ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ သံဃာတော်အပါး ၅၀ လောက်လည်း ရောက်လာပြီး ရဲစခန်းက ပြေရာပြေကြောင်း ပြောတဲ့အတွက် ပြန်သွားကြတယ်လို့ ဆိုပြောပါတယ်။

ဒါပေမယ့်လည်း ည ၇ နာရီလောက်မှာ လူ ၄၀ လောက်က ဆိုင်ကယ်တွေ၊ ဓာတ်ဆီပုလင်း၊ တုတ်တွေ၊ ဓားတွေနဲ့ ဟံသာဝတီလမ်းဘက်ကနေ လာပြီး မြို့မဗလီနားက ဈေးဆိုင်တခုကို စပြီးဖျက်ဆီးတယ်။ အဲဒီနောက် မြို့မဗလီ၊ မော်လ၀ီ သင်တန်းကျောင်းနဲ့အနီးက ဈေးဆိုင်တွေကို မီးရှို့ခဲ့တယ်လို့ ဦးစိုင်းမြင့်မောင်က ပြောပါတယ်။

ရပ်ကွက်သူရပ်ကွက်သားတွေက မီးမရှို့ဖို့ ၀ိုင်းဝန်းတောင်းပန်တဲ့အတွက် ဈေးဆိုင်တချို့ ဖျက်ဆီးခံခဲ့ရကြောင်း၊ အဖျက်ခံရတဲ့ ဆိုင်ခန်းထဲက ပစ္စည်းတွေကို လူတချို့က အိတ်တွေနဲ့ သယ်ယူထွက်ပြေးကြောင်း၊ စတင်ဆူပူသူတွေကို ဒေသခံတွေက အရင်က မမြင်ဖူးဘူးလို့လည်း သူက ပြောပါတယ်။

မီးလောင်ရာကို မီးသတ်ကားပေါင်း ၁၀ စီးထက်မနည်း လာရောက်ငြိမ်းသတ်ကြပြီး ည ၉ နာရီမှာ လားရှိုးအာဏာပိုင်တွေက ကာဖျူးအမိန့်ထုတ်ခဲ့တယ်။ ည ၁၂ နာရီနောက်ပိုင်း အခြေအနေတွေ ငြိမ်သက်သွားပြီး ဒီမနက်မှာတော့ ဈေးဆိုင်တော်တော်များများ ပိတ်ထားကာ ကြောက်စိတ်မပြေသေးတဲ့ပုံတွေ ဖြစ်နေတယ်လို့ ဦးစိုင်းမြင့်မောင်က ပြောပါတယ်။

လားရှိုးမြို့က သံဃာတော် တပါးဖြစ်သူ အရှင်အင်္ကုရကတော့ ပဋိပက္ခတွေဟာ ဘာသာရေးနဲ့ မပတ်သက်ကြောင်း ရဲစခန်းက ထုတ်ပြန်ပေးဖို့အတွက် မနေ့ညနေက သံဃာတော်တွေ စုပြီး သွားရောက်တောင်းဆိုခဲ့တာလို့ မိန့်ပါတယ်။

“အဲလိုဖြစ်ပြီး ဦးဇင်းတို့ ရဲစခန်းသွားတယ်။ သူတို့ဘက်က ဗုဒ္ဓဘာသာကို အကြမ်းဖက်လုပ်နေတဲ့အကြောင်း၊ ဗုဒ္ဓဘာသာက ဘာမှအကြမ်းမဖက်ဘူးဆိုတာ ကြေညာချက်ထုတ်ပြန်ပေးဖို့၊ ခဏနေ ဗုဒ္ဓဘာသာက ဘာညာ အပြောမခံနိုင်ဘူးလေ။ အဲဒါ သွားတောင်းဆိုတယ်။”

ဒဏ်ရာရသူအမျိုးသမီးကိုလည်း ဒီမနက်က လားရှိုးဆေးရုံမှာ သွားရောက်ကြည့်ရှု အားပေးခဲ့တယ်လို့ အဲဒီသံဃာက မိန့်ပါတယ်။

မနေ့ညက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဒီနေ့ မွန်းလွဲ မြို့တော်ခန်းမမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်မယ်လို့ လားရှိုးမြို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေကြောင့် ၃၊ ၉ နဲ့ ၂ ရပ်ကွက်ထဲက ဗလီတခု၊ ဗလီဆရာ သင်တန်းကျောင်းတခု မီးရှို့ခံရပြီး လက်ဖက်ရည်ဆိုင် ၃ ဆိုင်၊ ဒန်အိုးဒန်ခွက် အရောင်းဆိုင် ၅ ဆိုင်၊ လားရှိုးဓာတ်ပုံတိုက်၊ စိန်ကြယ် ဒံပေါက်ဆိုင်နဲ့ နေအိမ် ၃ လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ အရှင်အင်္ကုရက မိန့်ပါတယ်။

လားရှိုးမြို့မှာ မနေ့ညကတည်းက ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်။ အပျက်အစီးစာရင်း အတည်ပြုချက်နဲ့ လားရှိုးမြို့ လုံခြုံရေးအခြေအနေသိရဖို့အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို ဆက်သွယ်ထားဆဲ ဖြစ်ပါတယ်။

နန်းမြနဒီ - DVB


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့