Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 27 May 2013

ကျေးဇူးပြု၍ မေးခွင့်ပြုပါ

“ဘုန်းဘုန်းအင်္ဂုလိမာလက လက်ညှိုးတစ်ထောင်လိုချင်တာ လူငါးရာကို သတ်လိုက်ယုံနှင့်ရ တာပဲ၊ ဘာလို့ တစ်ထောင်သတ်ရတာလဲ”
မျက်မှန်ပါ မြင့်သွားသည့်အထိ မျက်လုံးပြူးသွားရသည်၊ မေးခွန်းရှင်ကို တအံ့တသြကြည့် မိသည်၊ အာဃကလေးမ၊
“ဟုတ်တယ်ဘုန်းဘုန်း၊ သားလည်း စဉ်းစားနေတာ၊ ဟိုနေ့ကနဲက မေးမလို့၊ နီလာထွန်း ပြောသလို လူတစ်ယောက် လက်ညှိုးနှစ်ချောင်းပါတာဘဲဟာ၊ လူငါးရာဆို လက်ညှီုးတစ်ထောင် ဘဲလေ။ အဲဒါ ဘာဖြစ်လို့ တစ်ထောင်တောင်သတ်ရတာလဲ”
အဖြေကြပ်နေဆဲ၊ ကောင်းမြတ်ထွန်းကပါ ဆက်မေးလာတော့ ပို၍ကြပ်ရသည်၊ သူတို့လို တစ်ခါမျှ မစဉ်းစားမိ။ (ပဏ္ဏာသ ထေရာအပါဒါန်နှင့် အဋ္ဌကထာ)အဖွင့်ကျမ်းတွေမှာတော့ ပါနိုင် သည်ဟု တွေ့နေမိသည်။ လက်လှမ်းမှီရာတွင် ထိုကျမ်းတွေကမရှိ။
“မိနီလာနဲ့ကောင်းမြတ် လျှာကိုရှည်တယ် ၊ ဟိုမေး ဒီမေးနဲ့”
“ဟင်.. နီနီကလဲ လာလာ သိချင်တာကို”
“ဘာဖြစ်လဲ မိနွယ်နီရ ဘုန်းဘုန်းက မသိတာကို မေးရမယ်၊ စဉ်းစားရမယ်၊ အရမ်းလက္ခံ ယုံကြည်တာ မကောင်းဘူးလို့ သင်ထားတာပဲ”
ဟုတ်သည် ၊ သူတို့လေးတွေကို စဉ်းစားဆင်ခြင်တတ်သည့်အလေ့ရအောင် ပျိုးထောင် ပေးနေသည် ဘယ်အရာမဆို ဘာလဲ (what) ဘာကြောင့်(why?) ဘယ်လို(How) နှင့် မေးမြန်း စူးစမ်း တတ်ဖို့ပင်၊ အခုတော့ သူတို့လေးတွေရဲ့ Why က ကိုယ်တိုင် ချွှေးပြန်ဘို့ ဖြစ်လာပြီ၊ ကိုင်း …. စဉ်းစားစမ်း…. စဉ်းစားစမ်း၊ အမေးရှိ အဖြေရှိရမှာပေါ့။
ဟာ… နီလာမနဲ့ ကောင်းမြတ်တို့ကလဲ ဒါတောင် မသိဘူးလား’
“ ဟင် ..ကိုဇင်မင်းကော သိလို့လား” “ သိပ်သိ”
ဇင်းမင်းကြီး သိတယ်ဆိုပါလား၊ သည်ကောင် ဘာတွေ ပေါက်တတ်ကရ ပြောအုံးမလဲဘဲ၊
“သားပြောလိုက်မယ် ဘုန်းဘုန်း၊ အင်္ဂုလိမာလ အဲဒီလို တစ်ထောင် လိုက်ဖြတ်တာ သူကျောင်းမှာ သင်္ချာညံ့ခဲ့လို့ပေါ့” ပြုံးလိုက်မိသည်။ ဟုတ်တုတ်တုတ်ပဲလို့ တွေးလိုက်မိ၏။
အင်္ဂလိမာလဟာ တက္ကသိုလ်ကျောင်းသားဟု ပြောခဲ့ဘူးတာကို အမှတ်ရမိသည်။
ကိုတေဇာထွန်းက မှတ်ချက်ဝင်ပြုသည်၊ အငယ်တွေကတော့ ငြိမ်ချက်သားကောင်းနေ၍ ငဲ့ကြည့်မိသည်၊ ဘာလုပ်နေကြပါလိမ့်၊ အံမယ် ဗူးထဲက ထန်းလျှက်ခဲတွေ ဝေစားနေကြပါလား၊ ကောင်းမြတ်တို့ အကြီးတွေကတော့ သူတို့သိလိုတဲ့ အဖြေကို စောင့်နေကြဆဲ၊ အခုထိ စဉ်းစား မရသေး၊ “မသိဘူးကွယ်ဟု တာဝန်မဲ့လိုက်၍မဖြစ် ခု မဖြေနိုင် နောင်ဖြေနိုင်အောင်တော့ ကျိုးစားရမည့်တာဝန်ရှိသည်၊ ဒါဟာ ဘာသာရေး ခေါင်းဆောင်တိုင်း ဆောင်ရမည့်ဝန်ဟု ယုံကြည်မိသည်၊ မေးသူကတော့ အကြောင်းအမျိုးမျိုးနှင့် ကြုံနေမှာပင်၊ အဖြေ ဘုရားလောင်း အမေး နွားကျောင်းသား ဆိုသည့် စကားကို ဆင်ခြင်ရင်း မေးသူတို့၏ အနေအထားကို ခြင့်တွေး နေမိသည်။
“ဘုန်းဘုန်း သူတို့လျှောက်မေးနေတာ စဉ်းစားမနေနဲ့ သမီးတို့ကို ပရိတ်ကြီး သင်ပေးမှတာ ပေးတော့” အကြီးမကြီး နွယ်နီထွန်းက စိတ်မရှည်တော့ထင့်၊ သူ့ညီမနှင့် ကောင်းမြတ်တိုကို မျက် စောင်းထိုးကာ ဆိုသည်။ “ အဲလိုတော့ မဟုတ်ဘူးပေါ့ကွယ်၊ မသိမေး မစင်ဆေးတဲ့’ မသိဘဲ ပြောသမျှ ယုံတာနဲ့စာရင် အခုလို မေးမြန်းတာက အကျိုးရှိတာပေါ့၊ နောက်ပြီး သမီးတို့လို ငယ်သူတွေက မေးရင် ဘုန်းဘုန်းတို့လို ကြီးသူတွေက ဖြေပေးရမှာပဲ၊ ဒါဟာ လိုအပ်တဲ့ ယဉ်ကျေးမှုတာဝန်ကွဲ့”
စကားဆုံးသည်နှင့် အပြေးအလွှား စဉ်းစားနေမိသည်၊ ပကိဏ္ဏ၀ိသဇ္ဇနာမှာများ ပါမလား၊ စွယ်စုံကျော်ထင်၊ သမန္တစက္ခု၊ တည်တောဆရာတော်၊ ဆရာတော် ရဝေထွန်းတို့၏ အမေးအဖြေ တွေမှာများ ပါမလား၊ အလောင်းမင်းတရားမေးပြီး အတုလ ဆရာတော်ဖြေဆိုသည့် အမေးတော်ပုံ ကျမ်းမျာတော့ မပါတာ သေချာသည်၊ ဖတ်မှတ်ဖူးသမှတွေကို စဉ်းစားရင်း ဒါဟာ လူမျိုးယဉ်ကျေးမှု ထုံးထမ်းတွေနှင့် ဆိုင်မည်ဟု အမှတ်ရကာ၊ နီတိတွေကို စဉ်းစားကြည့်နေမိ သည်။ ဘယ်ဘက်လက်သည် အညစ်အကြေးကို သုတ်သင်ရာ ကိုယ်ကာယ၏ ကျေးကျွန်နှင့် တူသည်ဟု နီတိဆိုသည်၊ အချိန်ရမှ အေးအေးဆေးဆေး ရှာဖွေရအုံးမည်၊ လောလောဆယ် အမှတ်ရသည်က အိန္ဒိယ ဓလေ့ဟောင်းတွေမှာ လင်္ကျာလက်ကမြတ်ပြီး လက်ဝဲလက်က ယုတ် နိမ့်သည်ဟု အယူရှိတာကို အမှတ်ရသည်။ “ပဒက္ခိဏံ ကတွာ" ဆိုသည့် အရိုအသေပြုထုံးကို လည်း ဖျပ်ခနဲ သတိရမိသည်၊ ထို့ကြောင့်… “ကဲကဲ အားလုံးသိအောင် ဘုန်းဘုန်းအဖြေပေး မယ်၊ သမီး ထုပ်ထုပ်က အငယ်တွေကိုခေါ်ပြီး ဒီလာခဲ့”
သူတို့ကလေးတွေ ရှေ့မှာစုရုံးမိကကြတော့… “လာလာနဲ့ ကိုကောင်းတို့မေးတာ မေးသင့် တယ်ကွဲ့၊ ဟုတ်တယ်၊ လူတစ်ယောက်မှာ ဘယ်ဘက်တစ်ချောင်း ညာဘက်တချောင်း လက် ညှီုး နှစ်ချောင်းပါတာဘဲ၊ အဲဒါ လူငါးရာသတ်လိုက်ရုံနဲ့ လက်ညှိုးတစ်ထောင်ရနိုင်လျက်နဲ့ ဘာဖြစ် လို့ တစ်ထောင်ကြီး သတ်ရသလဲဆိုတာ စဉ်းစားသင့်တယ်”
“မိုက်လို့နေမှာဘုန်းဘုန်း"၊ "သူ့ဆရာကို ကြောက်လို့ဘုန်းဘုန်း"၊ အငယ်လေးတွေက သူတို့ ထင်ရာကို ထင်မြင်ချက်တွေပေးနေကြသည်။
“ သည်လိုဖြစ်မယ်ကွယ့်… သူုတို့ယဉ်ကျေးမှုအရ ဘယ်ဘက်က ယုတ်ညံ့ပြီး ညာဘက်က မြင့်မြတ်တယ်လို့ အယူရှိကြတယ်၊ ဒါကြောင့်ခန္ဓာကိုယ်မှာလည်း ဘယ်ဘက်လက်က ယုတ်နိမ့် ပြီး ညာလက်ကမှ မြင့်မြတ်တယ်လို့ ဆိုကြတယ်၊ ဘယ်လက်က ကိုယ်ရဲ့ အညစ်အကြေးတွေကို သန့်စင်ပေးရပြီး ညာလက်ကမှ စားတာသောက်တာတို့ စတဲ့ မြတ်တဲ့အလုပ်တွေကို လုပ်ရတယ် ။ သားတို့သမီးတို့ ထမင်းစားတဲ့အခါ ကြည့်ပါလား ဘယ်ဘက်နဲ့ စားသလဲ”
“ညာနဲ့ဘုန်းဘုန်း" “ကိုဇင်မင်း ဘယ်လက်ကြီးနဲ့ စားတယ် ဟီးဟီး”
“အောင်မာ ငါထုလိုက်ရ တစ်ခါတစ်လေများ” “ထားပါကွယ် ဒါက အရှေ့တိုင်းဓလေ့ကို ပြော တာပါ၊ အနောက်တိုင်းကျ ဇွန်းခရင်းနှင့်စားတော့ လက်နှစ်ဘက်လုံး မြတ်တာပါဘဲ၊ ကဲကဲ ဆက်ရအောင် ဒီလို အယူရှိရပြီးတော့ ယစ်ပူဇော်ဖို့လည်း ဖြစ်လေတော့ ပိုပြီး မင်္ဂလာရှိဘို့ လိုတာကြောင့် အင်္ဂုလိမာလဟာ ညာဘက်လက်ညှိုးချည်း ရယူဘို့ လူတစ်ထောင်ကြီးသတ် ရတာပေါ့ကွယ်"၊
အရှင်မဟာဗုဒ္ဓဃောသအပါအ၀င် ရှေးပညာရှင် သူတော်သူမွန်တွေဟာ ဒီအကြောင်းကို စဉ်းစားဖွင့်ဆိုပြီး ဖြစ်မှာပါလေ၊ နောင်အလျှင်းသင့်မှ အကိုးအကား ခိုင်ခိုင်လေးနဲ့ သူတို့လေး တွေကို ထပ်ဖြေရတော့မည်။ ခုတော့ကား… “ကဲ သပေါပေါက်ကျရဲ့လား၊ သမိး လာလာကော ကျေနပ်ရဲ့လား”။
နီလာထွန်းက ရယ်နေသည်၊ ယမင်းတို့ ညီညီဝေထွန်းတို့ အငယ်တွေကတော့ မြန်မြန် ပြီးစေလို့ထင့်၊ ပေါက်ပါတယ်ဟု သံပြိုင်အော်ကြသည်၊ မည်သို့ဖြစ်စေ သူတို့လေးတွေ ခုလို မေးရဲ မေးတတ် ဖြေရဲ ဖြေတတ်တာကိုက အလွန်အကျိုးရှိသည့် ကိစ္စကောင်း။
“ဘာဘဲဖြစ်ဖြစ် သမီးတို့သားတို့ ခုလိုမေးတာကို ဘုန်းဘုန်း ၀မ်းသာပါတယ်၊ မေးသူလည်း အသိတိုး ဖြေသူလည်း အသိမြင့်ပြီး နှစ်ဦးနှစ်ဘက် အကျိုးကြီးတဲ့အလုပ်ကွဲ့၊ “ပြောတိုင်း ဟော တိုင်း ၊ ချင့်စာနှိုင်း၊ ဟောတိုင်းမယုံနှင့်” တဲ့ ။ ပြောလာသမျှ ဟောလာသမျှတွေကို မေးမြန်းစိစစ် ပြီး လက်ခံတာ အကောင်းဆုံးကွဲ့၊ အဲဒီ အင်္ဂုလိမာလကြီးကိုဘဲကြည့်လေ၊ မမေးမမြန်း လက်ခံ ခဲ့လို့ ဒုက္ခရောက် မေးမြန်းလို့ အကျိုးရှိသွားခဲ့တာ”
ဟုတ်ပြီ၊ ဒီအကြောင်းကို သူတို့လေးတွေ ကျေနပ်ပျော်ရွှင်အောင် သာဓက ဆောင်ရမည်၊ ဒါမှ ယမင်းတို့ ညီညီဝေထွန်းတို့ စီသူထွေးတို့ တွယ်တာတို့လို ငယ်သူလေးတွေက စွဲမှတ်မိ မည်၊
“ကဲ နားထောင်ကျ မေးမြန်းခြင်းရဲ့ အကျိုးနဲ့ မမေးမမြန်းခြင်းရဲ့ အပြစ်ကိုပြတဲ့ ပုံပြင်ကို ဘုန်းဘုန်း ပြောပြမယ်၊ အဲဒီ အင်္ဂုလိမာလအကြောင်းပေါ့ကွယ်”
“ဘာလို့အင်္ဂုလိမာလလို့ ခေါ်တာလဲ ဟင်” “လုပ်ပြီ မိယမင်း “ မေးပါစေ အကြီးမကြီးရယ် အခုဘဲ ဘုန်းဘုန်းက မေးတတ်ရမယ်လို့ ပြောထားတာလေ” “ သားသိတယ်ဘုန်းဘုန်း လက်ညှိုးတွေကို ပန်းလိုကုန်းထားလို့ “အေး ကိုညီညီပြောတာဟုတ်တယ်၊ အင်္ဂုလိက လက်ညှိုး မာလက ပန်းကုံး၊ လက်ညှိုး ပန်းကုံးနဲ့ လူကြီးပေါ့ကွယ်၊ အဲဒီ အင်္ဂုလိ မာလကြီးက မင်းဆရာ ပုရောဟိတ်ကြီးရဲ့သား၊ တက္ကသိုလ်က ပါမောက္ခကြီးတစ်ဦးရဲ့ တပည့်ကွယ့်” ရှေ့ပိုင်းတွေကို ခပ်ကျဉ်းကျဉ်းပြောလိုက်သည်၊ လိုရင်းရောက်မှ….. အဲဒီ သူအပေါ်ကို မနာလိုတဲ့ ကျောင်းသားတွေက ဆရာကတော်နဲ့ သမုတ်ပြီး ဆရာကြီးကို ရန်တိုက်ကြတော့ ဆရာကြီးက ယုံပြီး သူ့ကို အငြိုးထားသတဲ့၊ ကျောင်းဆင်းပွဲမှာ ကန်တော့ကြတော့ သူတကာလို ရွှေငွေတွေနဲ့ မကန်တော့ခိုင်းပဲ သူ့ကို ကန်တော့ကြေး သူများတွေထက်ထူးပြီး လက်ညှိုး အချောင်းတစ် ထောင်နဲ့ ကန်တော့ရမယ်လို့တောင်းဆိုလိုက်ပါရော၊ ဟုတ်ကဲ့ပါ ဆရာကြီးဆိုပြီး သူဟာ လက်ညှီုးဖြတ်ဘို့ ဓားဆွဲ ထွက်သွားတော့တာပေါ့၊ ဒီနေရာမှာ သူလုပ်သင့်တာက သူ့ဆရာကို ပြန်လည် မေးသင့်မြန်းသင့်တယ်၊ လက်ညှီုးဖြတ်လို့ သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲရာမကျ ဘူးလား၊ အပြစ်မသင့်ဘူးလား၊ ဆရာကောင်းတပည့်တွေ ပြုသင့်တဲ့ ကျင့်ဝတ်ဟုတ်၇ဲ့လား စသည် ဖြင့် မေးမြန်းသင့်တာပေါ့၊ ခုတော့ မောင်မင်းကြီးသားက ဆရာ့ကို ယုံတဲ့ ကြောက်တဲ့ စိတ် တစ်ခုတည်းနဲ့ ၀န်ခံပြီး ထွက်သွားလိုက်တာ နောက်ဆုံး တောပုန်း လူသတ်သမားကြီး “အင်္ဂုလိမာလ”အမည်ဆိုး ဘ၀ဆိုးကြိးဘဲရခဲ့တယ်။ ဒီလိုနဲ့ ဆိုးသွမ်း သောင်းကျန်းလာတော့ ဘုရင်က နှိမ်နင်းရတော့မယ်၊ အင်္ဂလိမာလကလည်း တစ်ထောင်ပြည့်ဘို့ တစ်ချောင်းလိုတော့ ရသမျှ ဖြတ်မယ်ဆိုပြီး အစောင့် ၊ သူ့အမေကလည်း သားကို စိုးရိပ်တဲ့ဇောနဲ့ အသိပေးဘို့ အလာ၊ တစ်ခါတည်း အမေကိုသတ်ဘို့ လိုက်တော့တာပေါ့၊
“မိသွားရောလား ဟင်” “ မမယမင်းကလည်း မမိပါဘူး” ဘုရားကယ်မှာနော ဘုန်းဘုန်း:”
အေးအေး ဟုတ်တယ်၊ ဘုရားရှင် ကိုယ်တော်မြတ်က ဆင်းရဲသူတွေကို ချမ်းသာစေ၊ မိုက်မဲ သူတွေကို ယဉ်ကျေးစေတဲ့ ဂုဏ်တော်ရှင်ဆိုတော့ အင်္ဂုလိမာလကြီး ပစ္စုပ္ပာန်တွင်မက သံသရာ ပါ မနစ်မွန်းရအောင် အဲသည်တောတန်းကို ကြွလာတာပေါ့၊ အဲဒီအခါ၊ မအေကို လိုက်ဖမ်းနေ တဲ့ ဓားပြကြီးလဲ အာရုံပြောင်းပြီး မြတ်စွာဘုရားကို လိုက်တော့တာပေါ့၊ ရဟန်းကြီးရပ်.. ရပ်. နဲ့အော်ရင်း လိုက်တာပေါ့၊ ဒီတော့ မြတ်စွာဘုရားက အင်္ဂုလိမာလ ငါက ရပ်နေပြီ၊ သင်ကသာ ပြေးနေရတာလို့ မိန့်တော့ ရဟန်းတန်မဲ့နဲ့ မလိမ်နဲ့ သင်ရပ်လျှင် ငါမှီရမှာပေါ့လို့ ပြန်ပြောသတဲ့၊ ဟုတ်တယ် အင်္ဂုလိမာလ ငါကရပ်နေပြိး သင်ကသာ မဆုံးနိုင်အောင် ပြေးလွှား နေတာလို့ ထပ်မိန့်တော့ အင်္ဂုလိမာလကြီး စဉ်းစားသွားတယ်၊ သူက ရပ်ပြိး ငါကမရပ်၊ ငါလိုက် လို့ မမှီပါဘဲလျက် သူက ရပ်သူတဲ့၊ ဘာလို့ ပြောပါလိမ့်၊ ဒါနဲ့ ရဟန်း သွားနေလျက် ဘာကြောင့် ရပ်သူဟု ဆိုရလဲ ငါ့ကိုရော ဘာကြောင့် မရပ်သူလို့ ပြောရလဲလို့ မေးလိုက်ပါရောတဲ့။ ဒီတော့ မြတ်စွာဘုရားက ဟုတ်တယ် အင်္ဂုလိမာလ ငါက ဘ၀သစ်ကို ဖြစ်စေတဲ့ တဏှာမည်းညစ်မှုတွေ ညှင်းဆဲတတ်တဲ့ ဒုတ်ဓားလက်နက်တွေ ပယ်ပြီးမို့ သံသရာ လည်ခြင်း ရပ်နေသူ မည်တယ်၊
သင်ကတော့ တစ်ဘ၀ပြီး တစ်ဘ၀ ပြေးလွှား ကျင်လည်စေတတ်သည့် အမှုတွေကို လွန်ကျူး ပြုနေသူမို့ မရပ်မနား ပြေးနေသူလို့ ငါဆိုတယ် အင်္ဂုလိမာလလို့ မိန့်လိုက်ပါသတဲ့။ အဲဒီတော့မှ အင်္ဂုလိမာလကြီးဟာ သူ့ဘ၀သူ ပြန်ဆင်ခြင်တော့၊ ဟုတ်ပါလား၊ ငါဟာ သံသရာကို မဆိုထားနဲ့ ဒီဘ၀မှာတင် ပုရောဟိတ်သား၊ တက္ကသိုလ်ကျောင်းသား၊ ခု လက်ညှိးဖြတ်သူ တောပုန်း လူသတ်သမား၊ ဘ၀တွေ ကျင်လည်နေရပါလား၊ ကံသီပေလို့ ကံသီပေလို့ အမိကိုသတ်သူ ရဟန်းကို သတ်သူဆိုတဲ့ ဘ၀ဆိုးကြီးကို ရတော့မလို့ပါလားဆိုပြီး ဆင်ခြင် အမြင်မှန်ရသွားကာ မြတ်စွာဘုရားရှေ့မှာ လက်နက်တွေ ပြစ်ချ ကန်တော့ကာ လိုက်ပါသွားပြီး ရဟန်းဝတ်လိုက် ပါရောတဲ့။ အဲဒီက စပြီး သားဖွားရခက်တဲ့ မိခင်တွေကို စောင့်ရှောက်ခဲ့တဲ့ အင်္ဂုလိမာလ ထေရ် ရယ်လို့ အများက ကိုယ်းစားကြည်ညိုခံရတဲ့ ရဟန္တာဖြစ်သွားပါရောတဲ့။
“အဲဒါ မမေးမြန်းလို့ လူဆိုးဖြစ်ရပြီး မေးမြန်းလို့ လူကောင်းဖြစ်သွားရတာပေါ့ နော် ဘုန်းဘုန်း”

“ဒါပေါ့ လာလာရဲ့ အရမ်း လက်ခံခြင်းရဲ့ အပြစ်နဲ့ မေးမြန်းလက်ခံခြင်းရဲ့ အကျိုးလို့ ဆိုရမှာပေါ့ ကွယ်။ ဒါကြောင့် သားတို့သမီးတို့လည်း ဘယ်အရာမဆို မေးမြန်း ဆင်ခြင် လက်ခံတတ်သူများ ဖြစ်ကြပါစေကွယ်။”

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့