Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 May 2013

ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုချက် အစိုးရ ကန့်သက်ချက်မထားဟုဆို

တိုင်းရင်းသားတွေ အားလုံးတောင်းဆိုတဲ့ တန်းတူရည်တူ အခွင့်အရေး ရရှိရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်  ပြဋ္ဌာန်းခွင့် ရရှိရေး၊ စတာတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ကန့်သတ်ချက် မထားကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားလိုက်ပါတယ်။

ဒီနေ့ မြစ်ကြီးနားမှာ ကျင်းပတဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)တို့ တွေ့ဆုံဆွေးနွေးပွဲမှာ ဦးအောင်မင်းက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“အစိုးရအနေနဲ့ ဒီဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ဘာကန့်သတ်ချက်မှ မထားပါဘူး။ ကျနော်တို့ဘက်က တိုင်းရင်းသားတွေအားလုံး တောင်းဆိုတဲ့ တန်းတူရည်တူ အခွင့်အရေး ရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဒါတွေအားလုံးနဲ့ ပတ်သက်ပြီး ကျနော်တို့ဆီမှာ ဘာကန့်သတ်ချက်မှ မထားရှိဘူးဆိုတာ ကျနော်တင်ပြပါတယ်။

ဒါ့အပြင် ဒီဆွေးနွေးပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို ကာကွယ်ရေးဦးစီးချုပ်က သူ့ရဲ့ အာဏာကုန် လွှဲအပ်ပေးလိုက်တာဖြစ်တဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တက်တယ်လို့ ယူဆစေချင်ကြောင်းနဲ့ ဆွေးနွေးပွဲကနေ အောင်မြင်တဲ့ agreements (သဘောတူညီချက်) တရပ်ထွက်ပေါ်လာမယ်လို့ ယုံကြည်ကြောင်း ဦးအောင်မင်းက ပြောပါတယ်။

အားလုံးဝိုင်းပြီး စောင့်ကြည့်နေကြတဲ့၊ လူထုတရပ်လုံး မြင်နေရတဲ့ အစည်းအဝေး ဖြစ်တဲ့အတွက် နောက်ပြန်ဆုတ်လို့ မရကြောင်း ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆွေးနွေးတင်ပြသွားပါတယ်။

“ကျနော်တို့ဟာ ဘယ်သူမှ မရိုးမသားမပြောဘဲနဲ့ နောက်မဆုတ်တဲ့အစည်းအဝေးကို ကျနော်တို့ တက်ရောက်နိုင်ပြီဆိုရင် အရှေ့ကို သွားနိုင်မယ်လို့ မြင်ပါတယ်။ ကျနော်တို့ ဖြတ်သန်းလာခဲ့တဲ့ အကြိမ်ပေါင်းအများကြီးမှာ တဖက်နဲ့တဖက် နားလည်မှု လွဲမှားတာတွေ၊ ရှိမှာတော့ ဧကန်မလွဲပါ။ သို့သော်လည်းပဲ ကေအိုင်အိုအနေနဲ့ ဒါတွေကို သင်ခန်းစာယူပြီး ကောင်းမွန်တဲ့ အဖြေတခုရှာဖို့ ကျနော်တို့ ကြိုးစားမှာ ဖြစ်တယ်။”

အခု မြစ်ကြီးနားမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတွေကနေ အားလုံးပါဝင်နိုင်တဲ့ ပင်လုံကဲ့သို့ ညီလာခံကြီး ဖြစ်မြောက်ဖို့ မျှော်လင့်ကြောင်းလည်း ဗိုလ်ချုပ်ဂွမ်မော်က ဆွေးနွေးတင်ပြသွားပါတယ်။

အဓိကဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အစည်းအဝေးပထမပိုင်းပြီးချိန် ဒီဗွီဘီသတင်းထောက် ဦးအောင်ထွန်းမြင့်ရဲ့ မေးမြန်းချက်ကို ဗိုလ်ချုပ်ဂွမ်မော်က “အဓိက တိုက်ပွဲတွေကို ဘယ်လို အရှိန်လျှော့သွားမလဲ၊ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လိုသွားမလဲဆိုတာ အဓိကထား ဆွေးနွေးမှာပါ” လို့ ပြောပါတယ်။

စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး သီးသန့်ကဏ္ဍတခုအနေနဲ့ ဆွေးနွေးသွားမယ်လို့လည်း ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။

ကချင်ပြည်သူတွေရဲ့ ဆန္ဒတွေကိုလည်း ကေအိုင်အိုအနေနဲ့ အမြဲ မျက်ခြည်မပြတ် လေ့လာလျက်ရှိပြီး မနက်ဖြန် အစည်းအဝေးနားတဲ့အချိန်မှာ လူထုရဲ့ ဆန္ဒတွေကို နားထောင်သွားမယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်က ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားနဲ့ အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေကို တွေ့ဆုံပေးစေချင်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံ ရွှေလီမြို့မှာ ၂၀၁၃ ခုနှစ် မတ် ၁၁ ရက်နေ့ ဆွေးနွေးပွဲတုန်းက နှစ်ဘက် ပြဿနာ ဖြစ်ပွားနိုင်တဲ့ဒေသက တပ်ကိစ္စနဲ့ တိုက်ပွဲတွေ ဆက်ပြီးလျှော့ချဖို့အတွက် အောက်ခြေတပ်ထိ ညွှန်ကြားသွားဖို့ သဘောတူခဲ့ကြပါတယ်။

by ဒီဗွီဘီ


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့