
ရဟန်းတွေက ကိုရင်ရာဟုလာ အဝေးက လာနေတာကို မြင်ရင် တံမြက်စည်းနဲ့ အမှိုက်စွန့်ပုံးတွေကို အပြင်မှာ ပစ်ထားကြပါတယ်။ အဲဒီအခါ အခြားရဟန်းတွေက “ငါ့ရှင်တို့၊ ဒါကို ဘယ်သူ ချပစ်ထားတာလဲ”လို့ မေးတဲ့အခါ အရှင်ဘုရားတို့၊ ကိုရင်ရာဟုလာ ဒီနားက ဖြစ်သွားပါတယ်။ သူများ ချပစ်ထားတာလေလား လို့ အခြားရဟန်းတွေက ဖြေကြပါတယ်။ ကိုရင်ရာဟုလာက အရှင်ဘုရားတို့၊ ဒါကို တပည့်တော် မလုပ်ပါ ဘုရား လို့ တစ်နေ့မှ မပြောဘဲ အဲဒါတွေကို သိမ်းဆည်းကာ ရဟန်းတွေကို တောင်းပန်ပြီး သွားပါသတဲ့။
(ပါစိတျာ ဒိ၊ ဋ္ဌ၊ ၁၁)
ရှင်ရာဟုလာရဲ့ စိတ်ထားဟာ အင်မတန်ပဲ ကောင်းမွန်လှပါပေတယ်။ ဒီလို စိတ်ထားကောင်းကြောင်းကို သိကြလို့လည်း ရဟန်းတွေက ရှင်ရာဟုလာကို စမ်းသပ်ကြပုံ ပေါ်ပါတယ်။ ရှင်ရာဟုလာဟာ စကြာဝတေးမင်း ဖြစ်နိုင်လောက်အောင် ဘုန်းကံပါရမီရှိတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ရုပ်ရည်ကလည်း ဘုရားရှင်လိုပဲ တင့်တယ်သပ္ပယ်ပါတယ်။ ရွှေအဆင်းလို ဝါဝင်းနေပါတယ်။ မင်းမျိုးဖြစ်လို့ နူးညံ့နေပါတယ်။ အစစ အရာရာ ပြည့်စုံနေလို့ ကိုရင်ရာဟုလာမှာ ဘဝင်မြင့်မယ်ဆိုရင် မြင့်ချင်စရာပါပဲ။
ရှင်ရာဟုလာဟာ ငယ်ရွယ်သူလေးဖြစ်ပေမယ့် အသိအမြင် ကြီးမားပါပေတယ်။ စိတ်ထား မြင့်မြတ်လှပါပေတယ်။ ပစ္စည်းရှင်ရဲ့ သားသမီးဖြစ်လို့ ဘဝင်မြင့်ကြတဲ့ ကလေးတွေ၊ ရာထူးရှင်ရဲ့ သားသမီးဖြစ်လို့ ဘဝင်မြင့်ကြတဲ့ ကလေးတွေ၊ ရုပ်ရည်ချောမောလှပလို့၊ ပညာတတ်လို့၊ အသိုင်းအဝိုင်းကောင်းလို့ စတဲ့ အကြောင်းတွေကြောင့် ဘဝင်မြင့်ကြတဲ့ ကလေးတွေဟာ ရှင်ရာဟုလာရဲ့ စိတ်ထားကို အတုယူသင့်ကြပါတယ်။
ကလေးငယ်တွေသာမက ပစ္စည်းဥစ္စာ၊ ရာထူး၊ ရုပ်ရည်၊ ပညာ၊ အသိုင်းအဝိုင်းစတဲ့ အခြေအနေတွေကြောင့် မာန်တက်နေကြသူ လူကြီးတွေလည်း ရှင်ရာဟုလာရဲ့ စိတ်ထားကို အတုယူသင့်ကြပါတယ်။ အဲဒီ ဘဝင်မြင့် မာန်တက်နေကြသူတွေ အားလုံးရဲ့ မာန်တက်စရာ အခြေအနေတွေဟာ ရှင်ရာဟုလာရဲ့ အခြေအနေနဲ့ နှိုင်းစာရင် မြင်းမိုရ်တောင်နဲ့ ဆီးစေ့ပမာလို ကွာခြားပါလိမ့်မယ်။ ရုပ်ရည်ရော၊ ပစ္စည်းရော၊ အသိုင်းအဝိုင်းရော၊ ရာထူးရော အစစအရာရာမှာ ခေါင်ထိပ်မှာ ရောက်နေတဲ့ ရှင်ရာဟုလာရဲ့ အခြေအနေဟာ ဘဝင်မြင့်မယ်ဆိုရင် မိုးထက်ပင် မြင့်ချင်စရာပါပဲ။ ဒါပေမဲ့ အဲဒီလို ဘဝင်မမြင့်ဘဲ စိတ်ထားမြင့်မားတာဟာ ရဟန်းရှင်လူအားလုံးအတွက် အကောင်းဆုံး စံနမူနာ ဖြစ်ပါပေတယ်။
လင်္ကာ
၁။ ရှင်ရာဟုလာ၊ အဝေးမှာ၊ လာတာ မြင်ကြသည်။
၂။ သူလာ လမ်းနား၊ မှိုက်တောင်များ (တံမြက်စည်းများ)၊ ပစ်ထားကြပါသည်။
၃။ ဒါတွေ ဘယ်သူ၊ ပစ်ထားဟူ၊ ခြားသူတွေက မေးကြသည်။
၎။ ရှင်ရာဟုလာ၊ ဒီနားမှာ၊ သွားတာ တွေ့ရသည်။
၅။ သူဟာ ဒါတွေ၊ ပစ်ထားပေ၊ ဖြစ်နိုင်ခြေ ရှိသည်။
၆။ ထိုသို့ ပြောတာ၊ ရာဟုလာ၊ ကြားကာ သွားပါသည်။
၇။ ထိုခါ တပည့်တော်၊ မလုပ်ပါနော်၊ တစ်နေ့သော်မှ၊ မပြောပြီ။
၈။ ထိုပစ္စည်းများ၊ သိမ်းဆည်းသွား၊ သူကား တောင်းပန်လိုက်သေးသည်။
၉။ သူ့စိတ်ထားကား၊ လွန်မြင့်မား၊ လေးစားစရာ ကောင်းလှသည်။
၁၀။ ရာဟုလာညီဖွား၊ အသင်ကား၊ စိတ်ထား သူ့လို ရှိသင့်သည်။
သာမဏေကျော် (အတုယူဖွယ်ရာ စိတ်ထားများ)
No comments:
Post a Comment