Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 27 May 2013

စစ်မက်ဖြစ် ဒေသများတွင် လေ့လာရေးရုံး ထားရှိရေး ကေအိုင်အိုနှင့်အစိုးရ ဆွေးနွေးမည်

မေ ၂၈ ရက်မှာ ပြုလုပ်မယ့် အစိုးရနဲ့ ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ စစ်မက် ဖြစ်ပွားနိုင်တဲ့ နေရာ ဒေသတွေမှာ စောင့်ကြည့် လေ့လာရေး ရုံးတွေ ထားရှိဖို့ အဓိကထား ဆွေးနွေး သွားကြမယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

မြစ်ကြီးနားမြို့နယ် မနောကွင်း အတွင်းရှိ မဂျွယ်ခန်းမဆောင်မှာ ပထမဆုံး အကြိမ် ပြုလုပ်မယ့် အစိုးရငြိမ်းချမ်း ရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ကေအိုင်အိုတို့ ဆွေးနွေးပွဲအကြောင်း ဦးလမိုင်ဂွန်ဂျာကို ဆက်သွယ် မေးမြန်းထားပါတယ်။

၂၈ ရက်နေ့ မြစ်ကြီးနားမှာလုပ်မယ့် ကေအိုင်အိုနဲ့ အစိုးရ ဆွေးနွေးပွဲအတွက် နောက်ဆုံး သိထားရသမျှ မြစ်ကြီးနားမှာ ဘယ်သူတွေရောက်နေပါပြီလဲ။ ဘာတွေ ကြိုတင်ပြင်ဆင်ထားပါပြီလဲ။

“၂၈ ရက်နေ့ ဆွေးနွေးပွဲအတွက်ကတော့ အခမ်းအနားအပြင်အဆင်တွေ အားလုံးပြီးသွားပါပြီ။ အစိုးရဘက်က တက်ရောက် ဆွေးနွေးမယ့် ဦးအောင်မင်းနဲ့အဖွဲ့တွေလည်း ဒီနေ့ လေယာဉ်နဲ့ မြစ်ကြီးနားကို ရောက်ရှိလာပါပြီ။ ကေအိုင်အိုအဖွဲ့တွေကတော့ မနက်ဖြန်မှရောက်မယ်။ ၂၈ ရက်နေ့ ဆွေးနွေးပွဲအတွက်တော့ အားလုံး ပြင်ဆင်ပြီးပါပြီ။”

ကေအိုင်အိုဘက်က ဘယ်သူတွေ ဦးဆောင်ပြီး ဘယ်နှယောက် တက်ရောက်ဖို့ ရှိပါလဲ။

“အခုလောလောဆယ် သိရသလောက်ကိုတော့ အထက်ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်တဲ့အဖွဲ့ အားလုံး ၄၈ ယောက်လောက် တက်မယ်လို့ သိရတယ်။”

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တခြားရော ဘယ်အဖွဲ့အစည်းတွေ၊ ဘယ်နိုင်ငံတွေက တက်ရောက်မယ်လို့ရော သိထားရပါလဲ။

“အကြမ်းဖျင်းတော့ ကုလသမဂ္ဂကတက်ရောက်မယ်လို့တော့ သိရတယ်။ ကုလသမဂ္ဂကတော့ ဗီဂျေနမ်ဘီယား တက်မယ်လို့ အသံထွက်နေတယ်။ အခုတော့ မရောက်သေးဘူး။ တခြား အမေရိကန်၊ ဗြိတိန်တို့ မပါ ပါဘူး။”

ဒီတကြိမ် ဆွေးနွေးပွဲက ဘယ်လောက်ကြာမလဲ။ အဓိက အပစ်အခတ်ရပ်စဲရေးပဲ ဆွေးနွေးကြမှာလား။ ဘာတွေဆွေးနွေးကြမယ်လို့ ကြိုသိထားပါလဲ။

“ဆွေးနွေးပွဲက ၃ ရက်လောက်ကြာမယ်လို့တော့ ခန့်မှန်းထားတယ်။ အပစ်အခတ်ရပ်စဲဖို့တို့ ဘာတို့ကတော့ မသိဘူးလေ။ အကြမ်းဖျင်းသိရသလောက်တော့ ဒီတခေါက်ဆွေးနွေးပွဲမှာ ဖေဖော်ဝါရီ ၄ ရက်နေ့နဲ့ မတ် ၁၁နဲ့ ၁၂ မှာ နှစ်ဦးနှစ်ဖက် သဘောတူထားတာကတော့ စစ်မက်ဖြစ်ပွားရာဒေသတွေမှာ စောင့်ကြည့်လေ့လာရေးရုံးတွေ ထားဖို့အတွက် ဘယ်သူဘယ်ဝါကို ထားမယ်ဆိုတာ အဓိကထား အပြည့်အစုံဆွေးနွေးမယ်လို့တော့ သိရတယ်။ ဒုတိယအချက်အနေနဲ့ နိုင်ငံရေးဆက်လက်ဆွေးနွေးသွားဖို့ ဘယ်ပုံဘယ်နည်းနဲ့ ဘယ်လို ဆွေးနွေးမယ်ဆိုတာ ဖြစ်မယ်လို့တော့ သိထားရတယ်လေ။”

ပြီးခဲ့တဲ့တခေါက်ဆွေးနွေးပွဲနဲ့ အခု ပြည်တွင်း မြစ်ကြီးနားမှာဆွေးနွေး တဲ့ကြား၊ ရွှေလီနဲ့ မြစ်ကြီး နားကြား ဆွေးနွေးပွဲကာလအတွင်းမှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေရော အရင်ကထက် တိုက်ပွဲတွေ ပြင်းထန်လား၊ လျော့သွားလား။ ဘယ်လိုအနေအထားတွေ့ရလဲ။

“ဒီကြားကာလမှာတော့ တိုက်ပွဲတွေလျော့သွားပါတယ်။ စစ်ရှိန်ကတော့ အတော်လျော့သွားတယ်လို့ ပြောနိုင်တယ်။”

အခု မြစ်ကြီးနားမှာတွေ့ကြမယ့် အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဦးလမိုင်ဂွန်ဂျာတို့ ဘယ်လောက်အထိမျှော်လင့်ထားပါလဲ။

“ဆွေးနွေးပွဲတွေက ၁၀ ကြိမ်ကျော်သွားပြီ ဖြစ်တယ်။ ၁၀ ကြိမ်ကျော်မှာလည်း တိုင်းတပါးနိုင်ငံတွေမှာ သွားရောက်ဆွေးနွေးတယ်။ ဒါကလည်း တဦးနဲ့တဦးက ယုံကြည်မှုတည်ဆောက်လို့မရတဲ့ အနေအထားမှာ ရှိလို့ ဒီလိုဖြစ်တာပေါ့။ အခုက ကိုယ့်နိုင်ငံ ကိုယ့်ပြည်တွင်းမှာပဲ ပထမအကြိမ်ဆွေးနွေးတာဖြစ်လို့ နှစ်ဦးနှစ်ဖက်က ယုံကြည်မှုတည်ဆောက်မှု အတော်လေး အခြေအနေကောင်းလာပြီလို့ မြင်တယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲမှသည် ရှေ့ဆက်သွားမယ်ဆိုရင် တော်တော်လေး ပိုအဆင်ပြေမယ်လို့ ဒီလို မျှော်လင့်ထားပါတယ်။”

by ရွှေအောင်  (ဒီဗွီဘီ)


အစိုးရနှင့် ကေအိုင်အို မတ်လ ၁၁ ရက်နေ့က ရွှေလီတွင်တွေ့ဆုံခဲ့စဉ်(ဓာတ်ပုံ- Hla Maung Shwe)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့