Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 30 May 2013

မကျေနပ်တဲ့ သံယောဇဉ်'

“သံယောဇဉ်” တဲ့ လူတွေ တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ စကားလုံးလေး။ နာမည်လှပသလောက် ဒုက္ခပေးရာမှာ ညှာတာမှုကင်းမဲ့လှတယ်လို့ ပြောရမလားပဲ။
ဒီမှာပြောချင်တာကတော့ မကျေနပ်မှုသံယောဇဉ်ပါ။ သံယောဇဉ်အကြောင်း ကောင်းကောင်းမသိသေးသူတွေ မကျေနပ်မှုကို သံယောဇဉ်လို့ပြောရင် လက်ခံချင်မှ လက်ခံမှာပါ။
သံယောဇဉ်ကို ကြိုးနဲ့တင်စားပြီး သံယောဇဉ်ကြိုးလို့ သုံးနှုန်းကြပါတယ်။ ဒီတင်စားမှုလေးက အလွန်သဘာဝကျလှပါတယ်၊ ကြိုးနဲ့ချည်နှောင်ထားသလို သံယောဇဉ်ကိန်းအောင်းနေတဲ့သတ္တဝါတွေကို ဝဋ်သုံးပါးကနေ မလွတ်ရအောင် ချည်နှောင်တတ်တာကိုး။
သံယောဇဉ်က ဝဋ်သုံးပါးမှာ ဘယ်လိုချည်နှောင်သလဲဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။
ဝဋ်သုံးပါးဆိုတာ တခြားမဟုတ်ပါဘူး၊ ပဋိစ္စသမုပ္ပါဒ်လေ့လာစဉ်က သိထားတဲ့ ကမ္မဝဋ်၊ ဝိပါကဝဋ်၊ ကိလေသာဝဋ်တွေပါပဲ။

အောက်မှာ ဖော်ပြမည့် ကာမရာဂစတဲ့ သံယောဇဉ်မကုန်သေးတဲ့ ပုဂ္ဂိုလ်တွေ ကံပြုတဲ့အခါမှာ ရဟန္တာပုဂ္ဂိုလ်တွေလို ပြုကာမတ္တ မဟုတ်ကြပါဘူး၊ နောက်နောင်မှာ အကျိုးပေးဖို့ ကံရဲ့သတ္တိလေး ကျန်ရှိစေကြပါတယ်။ အဲသလို ကျန်ရှိစေတာကိုက သံယောဇဉ်ရှိတဲ့ ပုဂ္ဂိုလ်ကို “ကမ္မဝဋ်” မှာ ချည်နှောင်ဖွဲ့လိုက်တာပါပဲ။
ကံကိုပြုလိုက်ပြီဆိုတော့ အဲဒီကံရဲ့ သတ္တိလေးက အကျိုးပေးတော့မယ်၊ ဒီတော့ ကံရဲ့ အကျိုးကို ရရှိစေသောအားဖြင့် “ဝိပါကဝဋ်”မှာ နှောင်ဖွဲ့လိုက်ပြန်ပြီပေါ့။
ရှေ့မှာဖြစ်တဲ့ သံယောဇဉ်ကိလေသာတွေ ရှိနေလို့ နောက်မှာဖြစ်တဲ့ သံယောဇဉ်ကိလေသာတွေဖြစ်ရတာမို့ “ကိလောသဝဋ်”မှာလဲ ဖွဲ့ချည်ထားရာရောက်ပြန်တယ်လေ၊ သံယောဇဉ်က ဝဋ်သုံးပါးမှာ နှောင်ဖွဲ့တယ်ဆိုတာ အဲသလိုနှောင်ဖွဲ့တာပါတဲ့။
သံယောဇဉ်ရဲ့ သဘောလေးသိပြီးပြီဆိုတော့ သံယောဇဉ်တွေ ဘယ်လောက်ရှိသလဲဆိုတာကို ပြောပြပါဦးမယ်။
သံယောဇဉ်ကြိုးက သုတ္တန်နည်းသံယောဇဉ်(၁ဝ)မျိုး၊ အဘိဓမ္မာနည်းသံယောဇဉ်(၁ဝ)မျိုး ရှိတယ်လို့ဆိုပါတယ်။
ဒီမှာတော့ သုတ္တန်နည်းသံယောဇဉ်(၁ဝ)မျိုးကိုပဲ ရေတွက်ပြလိုက်ပါတော့မယ်။
၁။ ကာမရာဂသံယောဇဉ်
၂။ ရူပရာဂသံယောဇဉ်
၃။ အရူပရာဂ သံယောဇဉ်
၎။ ပဋိဃ သံယောဇဉ်
၅။ မာန သံယောဇဉ်
၆။ ဒိဋ္ဌိ သံယောဇဉ်
၇။ သီလဗ္ဗတပရာမာသ သံယောဇဉ်
၈။ ဝိစိကိစ္ဆာ သံယောဇဉ်
၉။ ဥဒ္ဒစ္စ သံယောဇဉ်
၁၀။ အဝိဇ္ဇာ သံယောဇဉ်
ဒီ(၁ဝ)မျိုးကို သုတ္တန်နည်း သံယောဇဉ်လို့ ခေါ်ပါတယ်။

အခုပြောပြမယ့် မကျေနပ်မှု သံယောဇဉ်က ၄-နံပါတ်က ပဋိဃသံယောဇဉ်ပါပဲ။
မကျေနပ်မှုက ကိုယ့်ရင်ထဲ ကိန်းအောင်းလာပြီဆိုရင် ကိုယ်မကျေနပ်သူအကြောင်းကို မကောင်းပြောမိသည်အထိ မကျေနပ်မှုက လှုံ့ဆော်ပါတယ်။ သူ့အကျိုးပျက်စီးရာပျက်စီးကြောင်းကိုပဲ ပြုလုပ်မိအောင် ကြံစည်မိအောင် သူကသွေးထိုးပါတယ်။ ဒီမကျေနပ်မှုရဲ့ လှုံ့ဆော်သွေးထိုးမှုကို မသိကြတဲ့ ဉာဏ်မဲ့သူတွေက မဟုတ်မှတ်ပြီး မကျေနပ်မှုကျိုးဆွဲသမျှ ကပြကြရတော့တာပေါ့။ နောက်ဆုံး မကောင်းမှုဒုစရိုက်ကြီးတွေပါ ပြုမှားမိသည်အထိပါပဲ။

အဲဒီအမှားတွေကို ကိုယ့်ရင်ထဲမှာ ကိန်းနေတဲ့ မကျေနပ်မှုကတွန်းပို့ပေးတာပါ၊ အဲဒီရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရတဲ့အခါကော မကျေနပ်မှုကိန်းသူပဲလေ။ ကဲ ဘယ်လောက်ဆိုးလိုက်တဲ့ မကျေနပ်မှုလဲ။ ဒါကြောင့် မြတ်ဗုဒ္ဓက ဒုစရိုက်လွန်ကျူးသူတွေကို ကိုယ့်ကိုယ်ကို တူးဖြိုသူလို့ မိန့်တော်မူတာထင်ပါရဲ့။
ဒီမကျေနပ်မှုက မိမိတို့လို သာမန်ပုဂ္ဂိုလ်မပြောပါနဲ့ တကယ့်ပါရမီရှင် အရင့်အမာကြီးတွေကိုပါ လွှမ်းမိုးဖျက်ဆီးပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ အများကြီးထဲမှာမှ အရှင်စက္ခုပါလမထေရ်အကြောင်းလေး ပြောပြချင်ပါတယ်။
အရှင်စက္ခုပါလမထေရ်ဟာ ဈာန်အဘိညာဉ်တွေ မရတဲ့ ရဟန္တာတစ်ပါးပါ။ သာဝတ္ထိပြည်သားကနေ သဒ္ဓါတရားနဲ့ ညီတော်ရဲ့ ဟန့်တားမှုကိုပါ ဆန့်ကျင်ပြီး ရဟန်းပြုလာသူတစ်ဦးပေါ့။
တစ်နေ့တော့ ဗုဒ္ဓမြတ်စွာထံမှာ ကမ္မဋ္ဌာန်းတောင်းပြီး ရွာတစ်ရွာမှာ တရားအားထုတ်ပါတယ်၊ တရားအားထုတ်ရင်းနဲ့ မျက်စိရောဂါရပြီး မျက်စိပေါက်ကွဲသွားပါတယ်။ ဒီမှာ ထူးခြားတာက မျက်စိပေါက်ကွဲသွားတာနဲ့ ရဟန္တာဖြစ်ချိန်ဟာ တပြိုက်နက်တည်းဖြစ်တယ်ဆိုတာပါပဲ။
ကဲ ထားပါတော့ နောက်တော့ ဇေတဝန်ပြန်ကြွပြီး ညီတော်ဆောက်တဲ့ ကျောင်းလေးမှာ သီတင်းသုံးနေစဉ် စင်္ကြန်ကမ္မဋ္ဌာန်းအားထုတ်နေတုန်း မျက်စိမမြင်တော်မူတော့ ပိုးကောင်လေးတွေ တက်နင်းမိတာကို အကြောင်းပြုပြီး အရှင်စက္ခုပါလမထေရ်ရဲ့ မျက်စိကွယ်မှု အကြောင်းကို မြတ်ဗုဒ္ဓက မိန့်တော်မူပါတယ်။
စက္ခုပါလမထေရ်အလောင်းဟာ တစ်ခုသောဘဝမှာ ဆေးဆရာဖြစ်ခဲ့ဖူးပါတယ်၊ တစ်နေ့မှာ မျက်စိရောဂါသည် မိန်းမကြီး တစ်ယေက်က မျက်စိရောဂါပျောက်အောင် ဆေးကုပေးပါ၊ သားသမီးတွေနဲ့တကွ ဆရာ့ဆီ ကျွန်ခံပါမယ့်.လို့ ပြောပြီး မျက်စိကုစေပါတယ်။
မျက်စိရောဂါတွက် မျက်စဉ်းလေး အနည်းငယ်ပေးလိုက်တော့ မိန်းမကြီးရဲ့ မျက်စိဝေဒနာသက်သာသွားတာပေါ့။ ဒီတော့ မိန်းမကြီးက ဆေးလေးအနည်းငယ်ကုသရုံနဲ့ ပျောက်ကင်းသွားတော့ ဆေးဖိုးဝါးခ မပေးချင်တော့ဘူး။ နောက်တော့ ဆေးဆရာကို လိမ်လည်ပါတော့တယ်။
ဆေးဆရာက သက်သာရဲ့လားလို့ မေးတော့ ဆေးမကုခင်ကထက် ပိုဆိုးလာပါတယ်ဆိုပြီး လိမ်လိုက်ပါတယ်။
ဒီတော့ ဆေးဆရာက သူ့ဆေးအစွမ်းကို ယုံကြည်ထားသူဖြစ်တော့ ဒီမိန်းမ ငါ့လိမ်နေတာပဲ၊ ကောင်းပြီ မကျေန်မှုကရင်ထဲ ကိန်းအောင်လာပြီး ငါ..ဒင်းကို မျက်စိကန်းအောင်လုပ်မယ်ဆိုတဲ့ ယုတ်မာတဲ့စိတ်ဓာတ်နဲ့. ဟုတ်ပါပြီ ဒါဆိုနောက်ထပ် ဒီဆေးလေး ခပ်ကြည့်ပါဆိုပြီး မျက်စိကန်းစေနိုင်တဲ့ ဆေးပေးလိုက်ပါတယ်။
မျက်စိရောဂါသည်မိန်းမလည်း အဲဒီဆေးခပ်လို့ မျက်စိကန်းသွားရရှာပါတယ်။ သူ့ရဲ့ လိမ်ညာမှုအပြစ်ဒဏ်ကို ခံစားသွားရတဲ့ သဘောပေါ့။
ကဲဒီမှာစဉ်းစားကြပါစို့.. ဆေးဆရာ မကျေနပ်မှုလေး တစ်ခုဖြစ်တဲ့ ပဋိဃသံယောဇဉ် ကိုယ့်ရင်ထဲ ကိန်းအောင်လာတဲ့အတိုင်း တစ်ဖက်သာမျက်စိကန်းသည်အထိ စိတ်လက်မာန်ပါ ပြုလုပ်လိုက်တယ်။ အဲဒီလို ပြုလုပ်လိုက်တာသည်ပင် သူ့အတွက် ကမ္မဝဋ်နဲ့ ကိလေသာဝဋ်ကို စတင်လည်စေလိုက်တာပါပဲ။ ဒီတင်ရပ်မနေပဲ ရဟန္တာဖြစ်တဲ့ ဘဝမှာကိုပဲ မျက်စိကွယ်ရခြင်း ဝိပါကဝဋ်ကိုပါ ဆက်လက်လည်ပတ်စေပါတယ်။ မကျေနပ်မှုလေး တစ်ခုဖြစ်လိုက်တာနဲ့ ဒီလောက်အထိ ဆိုးကျိုးတရားတွေကို လည်စေနိုင်ပါတယ်။
မကျေနပ်မှု ပဋိဃသံယောဇဉ်ကို ပရမတ္ထတရားကိုယ်ကောက်ရင် ဒေါသစေတသိက်ကလေးပါ ဒေါသဖြစ်တော့ ဒေါသကိုအရင်းခံတဲ့ ဒေါသမူလ ဒေါသမူစိတ်ကလေးတွေ ဇောအဖြစ်နဲ့ ၇ ကြိမ်စောကြပါတယ်။ ပထမဇောကတော့ ပြုလုပ်တဲ့ဘဝမှာ အကျိုးပေးမယ် မပေးရင် အဟောသိကံဖြစ်မယ်ပေါ့။ နောက်ဆုံးဇောဖြစ်တဲ့ သတ္တမဇော (၇-ခုမြောက်ဇော)က ပြုလုပ်ပြီးတဲ့ နောက်ဘဝမှာ အကျိုးပေးမယ်၊ အခြားကံတွေ အကျိုးပေးသွားလို့ သူပေးခွင့်မရရင် အဟောသိကံဖြစ်မယ်ပေါ့။ အလယ်ငါးဇောကတော့ တတိယဘဝကစလို့ မရိနိဗ္ဗာန်မဝင်မချင်း အကျိုးမပေးရသေးရင် အကျိုးပေးနိုင်ပါတယ်။ အကျိုးပေးပြီးရင်တော့ နောက်ထပ်မပေးတော့ဘူးလို့ ဆိုရမှာပေါ့။

ဒါကြောင့် ကိုယ့်သန္တာန်မှာ မကျေနပ်မှု သံယောဇဉ်လေး တစ်ချက်ပေမယ့် အလွန်ကြောက်စရာကောင်းပြီး ကြီးလေးတဲ့ဒုက္ခတွေကို ခံစားရနိုင်တယ်ဆိုတာ သတိထားကြရမှာဖြစ်ပါတယ်၊
ပဋိဃသံယောဇဉ်ကို အမြစ်ပြတ် ပယ်သတ်တာကတော့ အနာဂါမိမဂ်ကိုရမှာ ပယ်သတ်နိုင်မှာပါ။ သို့သော်.. “ငါ့လို သူလည်း ဒုက္ခ ဘယ်ရောက်ချင်မလဲလေ” စတဲ့ ကိုယ်ချင်းစာတရားနဲ့အတူ “ငါဟာ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှုအပေါင်းကနေ လွတ်မြောက်ချင်သလို အားလုံးလည်း လွတ်မြောက်ချင်မှာပဲ လွတ်မြောက်ကြပါစေ မဆင်းရဲကြပါစေနဲ့” ဆိုတဲ့ မေတ္တာတရားလက်ကိုင်ထားလို့ဖြစ်စေ ရှုမှတ်မှု ဝိပဿနာပွားသောအားဖြင့်ဖြစ်စေ မကျေနပ်တဲ့သံယောဇဉ်(ပဋိဃသံယောဇဉ်)ကနေ လွတ်မြောက်နိုင်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့