နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ နယ်စပ် ကုန်သွယ်မှု ဌာနရဲ့ ပြည်ပသို့ ပို့ကုန်နဲ့ ကုန်သွယ်မှု ပမာဏဟာ လက်ရှိ ကာလမှာ ယခင် ဘဏ္ဍာနှစ် အလားတူ
ကာလထက် အနည်းငယ် လျော့နည်း လျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ကုန်သွယ်မှု ဆောင်ရွက်ရာမှာ အိမ်နီးချင်းနိုင်ငံ ၄ နိုင်ငံဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့ ကုန်သွယ်မှု ဆောင်ရွက်နေတာ ဖြစ်ပြီး လက်ရှိ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့ အထိ ကုန်သွယ်မှု ပမာဏဟာ အမေရိကန် ဒေါ်လာ ၈၂၁ သန်းကျော် ဆောင်ရွက်မှု ရှိနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် အလားတူ ကာလမှာ ကုန်သွယ်မှု ပမာဏ ၉၀၇.၉၆၉ ရှိတာ ဖြစ်တဲ့ အတွက် ယခုနှစ်ဟာ လျော့နည်း လျက်ရှိနေတာ ဖြစ်ပါတယ်။
ဒီလို ကုန်သွယ်မှု ပမာဏ လျော့နည်း ရခြင်းဟာ အသစ် ဖွင့်ထားတဲ့ ထီးထီးနဲ့ မောတောင် နယ်စပ်ဂိတ်မှာ မြေသား လမ်းမဖြစ်ပြီး လမ်းများ မကောင်းခြင်း၊ တံတားများ မကောင်းခြင်း တို့ကြောင့်ဖြစ်ပြီး စစ်တွေနဲ့ မောင်တော ဒေသမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများကြောင့် ကုန်သွယ်မှု မဆောင်ရွက်နိုင် တာကြောင့် လက်ရှိ ဘဏ္ဍာနှစ် လျော့နည်း သွားတာ ဖြစ်တယ်လို့ နယ်စပ် ကုန်သွယ်မှု မှတာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
ဒီလို ကုန်သွယ်မှု တွေဟာ အိန်္ဒိယ နယ်စပ်ဂိတ်မှာ ရိဒ် နယ်စပ် ကုန်သွယ်စခန်း၊ ဘင်္ဂလားဒေ့ရှ် အတွက် စစ်တွေ၊ မောင်တော နယ်စပ် ကုန်သွယ်မှု စခန်း၊ တရုတ် နယ်စပ်မှာ လွဲချင်၊ ချင်းရွှေဟော် နယ်စပ် စခန်းနဲ့ ထိုင်းနယ်စပ်မှာ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ ဘိတ်နယ်စပ် ကုန်သွယ် စခန်းများ ဖြစ်ပြီး အဆိုပါ နယ်စပ် ဂိတ်များမှ လယ်ယာထွက် ပစ္စည်းများ၊ ရေထွက်ပစ္စည်း၊ သတ္ထုပစ္စည်း၊ သစ်တောထွက် ပစ္စည်းများ အများဆုံး တင်ပို့နေတာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment