ကျွန်တော့စာထဲတွင် ယောက်ျားအတော်များများက မကောင်းဘူး၊ ကောင်းတဲ့ ယောက်ျားက
အင်မတန်ရှားသည်ဆိုသော စကားကို အများစုက လက်ခံနိုင်မည် မထင်ပါ။ မိန်းမတစ်ယောက်က
ယောကျာ်းတွေမကောင်းဟု ပြောလျှင် သဘာဝ
ကျလိမ့်မည်မဟုတ်ပါ။ ဘယ်လောက်ယောကျာ်းကျမ်းကြေပါသည်ဆိုသော မိန်မသားပင်ဖြစ်
လင့်ကစား ယောက်ျားမဟုတ်သဖြင့် ယောက်ျားသဘောကို ရာနူန်းပြည့်တော့ သိလေမည်
မဟုတ်ပါချေ။ "ယောကျာ်းကောင်းမောင်းမတစ်ထောင်ဆိုသောစကားကို မိန်းမတွေက
ဖန်တီးခဲ့ခြင်းမဟုတ်သည်ကား သေချာလှသည်။ မောင်းမတွေအများကြီးနှင့်စခန်း
သွားလိုသော အာသီသအပြည့်နှင့် ကျွန်တော်တို့ အမျိုးကောင်းသားများကသာ ကိုယ့်အတွက်
အကွက်ပေါင်း တစ်ထောင်လောက်ချန်ကာ အော်ဟစ်ခဲ့သောစကား သာဖြစ်ပါသည်။
တစ်ဖန်ယောက်ျားတွေ မကောင်းဟုဆိုခြင်းမှာ အိမ်ထောင်ပြင်ပတခြား လူမှုရေး၊
စီးပွားရေးကိစ္စများမှာ မဆိုလိုပါ။ ထိုနေရာတွေမှာ ကောင်းသောယောက်ျားတွေ၊
တော်သောယောက်ျားတွေ၊ ထက်သောယောက်ျားတွေ အများကြီးရှိပါသည်။
သို့သော် မိမိရဲ့အိမ်ထောင်ဖက်အပေါ်တွင် ကောင်းသောယောက်ျားဆိုသည်ကား
အင်မတန်ရှားပါသည်။ အထူးသဖြင့် အိမ်ထောင်ဖက်ပေါ်တွင်စာနာညှာတာကာ
နားလည်နိုင်သောယောကျာ်းမျိုးမှာ သာ၍ပင်ရှားလှပါသေးသည်။ တစ်ခါလည်း
ကျွန်တော်ပြောခဲ့ဖူးသည်ထင်ပါသည်။ အိမ်ထောင်တစ်ခုတွင် လင်ရောမယားပါ
အလုပ်တူလုပ်ကာ ၀င်ငွေအတူရနေကြပြီး အလုပ်ချိန်လည်း အတူတူပင်ဖြစ်သည်
ဆိုပါတော့။ အလုပ်ကပြန်လာသောအခါ ထမင်းဟင်းချက်ရမည့်သူ၊ အိမ်သန့်ရှင်း
ရေးလုပ်မည့်သူမှာ မည်သူဖြစ်ပါသနည်း.......ထားပါ၊ ယောက်ျားကတံမြက်စည်း
လေးလောက်ဝင်လှဲပေးသည်ထားပါအုံး။ ဒါမှမဟုတ်ငရုတ်သီးလေး ကူထောင်းပေး
သည်ဆိုပါအုံး။အဲဒါခဏသာဖြစ်ပါလိမ့်မည်.....ညားခါစသာဖြစ်ပါလိမ့်မည်။
နောက်ပိုင်းမှာ အပေါင်းနှင့် အသင်းနှင့် ကိုးကျွင်းကိုးကျွင်းဖြစ်တော့မည့်သူမှာလည်း
မိန်းမသားမဟုတ်ပါ။ မိတ်ဆွေအပေါင်းသင်းနှင့် လက်ဖက်ရည်ဆိုင်ထိုင်၊ ဘီယာ
ဆိုင်ထိုင်ကာ အိမ်ထောင်ရေးဒုက္ခ ဗာဟီယအထွေထွေထဲမှ စွတ်ကယ်စွတ်ကယ်
လစ်သွားမည့်သူမှာလည်း မိန်းမသားမဟုတ်ပါ။
သည်ကမှ သားသမီးတွေရလာသည်ဆိုပါစို့။ အလုပ်တူ၊ ၀င်ငွေတူ၊အလုပ်ချိန်တူသူ
ချင်းပင်ဖြစ်လင့်ကစား ကလေးနေမကောင်းထိုင်မသာဖြစ်သဖြင့် အလုပ်မှခွင့်ယူကာ
ကလေးကိုပြုစုစောင့်ရှောက်ပေးရမည့်သူမှာလည်း ယောက်ျားတွေမဟုတ်သည်မှာ
သေချာလှပါသည်။ ထို့ကြောင့်အိမ်ထောင်ပြုခြင်းမှာ မိန်းမသားတွေအတွက် အနစ်နာ
ခံရသလောက်ယောက်ျားသားတွေအတွက် အမြတ်ချည်းသာဟုမြင်မိရပါသည်။
ကျွန်တော်လည်း နေ့စဉ်မြတ်နေပါသည်။ ကျွန်တော့ အိမ်သူလည်းနေ့စဉ်ရှုံးနေပါသည်။
မနေ့တစ်နေ့ကပင် ကျွန်တော့အိမ်သူ ပေါက်ကွဲသေးသည် ။ သူကစာအုပ်ထုတ်ဝေရေး
လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသူဖြစ်သည်။ တစ်ပြည်လုံးဖြန့်ချီရေးကို တစ်ယောက်တည်း
ဒိုင်ခံလုပ်နေသည်။ ရုံးတင်တာရော၊ စာရင်းအင်းရော၊ ထုတ်ပိုးတာရော၊ ငွေကောက်
တာရော၊ ပုံနှိပ်တိုက်ပြေးတာရော၊ စာအုပ်ချုပ်ပြေးတာပါ သူအကုန်လုပ်ရသည်။
ကျွန်တော်ကအိမ်မှာထိုင်ကာ လေအေးစက်လေးဖွင့်ပြီး ကွန်ပြူတာလေးဖြင့် တစ်ဂျောက်ဂျောက်
စာရေးသည်။ စာမျက်နှာဖွဲ့ပေးသည် အဖုံးဒီဇိုင်းလုပ်ပေးသည်။ တစ်ခါတစ်လေ တစ်နေ့လုံး
နေသည့်တိုင် အိမ်ပေါ်မှအိမ်အောက်သို့ မဆင်းဖြစ်သည့် မြေမနင်းသား ဖြစ်နေပါတော့သည်။
သည်ကြားထဲ ကျွန်တော်ထမင်းစားလျှင် ကျွန်တော့်အိမ်သူက ထမင်းပွဲပြင်ပေးပါသေးသည်။
ပန်းကန်ဆေးပေးပါသေးသည်။ ချက်တာကတော့ သူ့အမေချက်ပေးတာမိုလို့ သူ့ခမျာသက်သာ
ပါသည်။ သို့တိုင်အောင် အိမ်သန့်ရှင်းရေးကိုလည်း သူပင်လုပ်ရသည်။ သူကလည်းအလွန်
အသန့်ကြိုက်သူမို့ ရေအိမ်ကအစ ကိုယ်တိုင်ဆေးသည်။ အိမ်ဖော်ဆိုသည်ကလည်း
ကူဖော်လောင်ဖက် မရသည့်အပြင် သူ့အတွက် စိတ်အနှောက်ယှက်ဖြစ်ရသည်က ပိုနေသေးသည်မို့
ကျွန်တော်တို့မှာ အိမ်ဖော်အသံကြားသည်နှင့် ကြောက်နေကြပြီ။
တစ်ခုတော့ တော်သေးသည်မှာ အ၀တ်လျှော်၊မီးပူတိုက်သည်ကို အရပ်ထဲက အမျိုးသမီးတစ်ဦးက
လာလုပ်ပေးနေသည်မို့ပင်။ ဒါတောင်မှ အ၀တ်လျှော်တာ မစင်လှဟု ယူဆလျှင်ကျွန်တော့်အိမ်သူက
ကိုယ်တိုင်ဝင်ကြဲတတ်ပြန်သေးသည်။ အဲလိုအခြေအနေမှာ ကျွန်တော်ဆိုသည့် သူ့ယောက်ျားကလည်း
ပြဿနာရှိသည်။ မနေ့တစ်နေ့က ကျွန်တော်အပြင်သွားမည်လုပ်တော့ ကျွန်တော့် အ၀တ်စင်မှာ
ခြေအိတ်က အလွယ်တကူမရှိ။ မီးပူတိုက်သည့် နေရာမှ ကျွန်တော့်အ၀တ်စင်ထိ
ပြန်မရောက်သေးခြင်းသာ ဖြစ်ပါသည်။ သို့သော် သိတယ်မလား ကျွန်တော်က ရွှေယောက်ျားလေ။
ခြေလှမ်းလေး ဆယ်လှမ်းလောက် လှမ်း၊ တစ်ဖက်ခန်းသို့သွားပြီး မီးပူတိုက်သည့်နေရာနားမှာ
ခြေအိတ်သွားရှာရတာမျိုးကို မလုပ်တတ်ပေ။ အကုန်လုံး အခန့်သင့်လေး နေချင်သော ရွှေယောက်ျား
စင်စစ်ဖြစ်တော်မူသောကြောင့် ကျွန်တော်သူ့ကိုဂျီကျလိုက်မိရချေတော့သည်။
သည်မှာတင် မယ်မင်းကြီးမလည်း ထပေါက်ကွဲခြင်းသာဖြစ်တော့သည်။ သူမှန်ပါသည်။ ကျွန်တော်မှား
ပါသည်။ သူ့ခမျာ တစ်အိမ်လုံး၏တာဝန်ကို အကုန်နီးပါး ယူနေရသည်
ကျွန်တော်ကဦးနှောက်လေးစိုက်နေရတာကို အကြောင်းပြပြီးသကာလ ကျန်သည့်ကာယ
အလုပ်မှန်သမျှကို သူ့အပေါ်တွင်ပုံချထားသည် ဖြစ်ရကား သူ့မှာ တစ်နေ့တစ်နေ့ ဇယ်ဆက်သလို
အလုပ်လုပ်နေရသည်။ ကျွန်တော်ကမှ အလုပ်လုပ်ရင်းညောင်းညာလာလျှင် ကျောခင်းလိုက် သီချင်း
နားထောင်လိုက် လုပ်လို့ရသေးသည်။ သူ့ခမျာတော့နားရသည်မရှိ။
သည်ကြားထဲစောစောကလို အသေးအမွှားတွေမှာ ကျွန်တော်ကသူ့ကိုပင် ရမယ်ရှာမိပြန်တော့ သင်း
ဘယ်ခံနိုင်တော့မည်နည်း။ အဲတော့ပေါက်ကွဲပါသည် ကျွန်တော်လည်း အသာငြိမ်နေလိုက်မိသည်။
သူမှန်သည် ကျွန်တော်မှားနေသည် တွေးမိသောကြောင့်ဖြစ်သည်။
သို့ဖြစ်နေပေရာ သဘာဝအရ အိမ်ထောင်သွားမွေးပြုကြသည်ကို ဘာမျှမပြောလိုပါ။
တစ်ဖက်ကစဉ်းစားသင့်သည်မှာကား အများက အိမ်ထောင်ပြုနေကြသည့်ကြားထဲတွင် ကိုယ်လည်း
လိုက်မပြုပါက ကိုယ့်ကိုလူတွေက တစ်မျိုးတစ်မည် ထင်မည်စိုးပြီး တကယ်လည်းစိတ်မပါပဲနဲ့
အိမ်ထောင်ပြုဖြစ်သွားနိုင်သည့် မိန်းမသားတစ်ချို့သာဖြစ်ပါသည်။
လောကတွင် ဘယ်သူက ဘယ်လိုထင်ထင် ဘယ်လိုတွေပြောနေနေ အရေးမကြီးလှပါ။ လူတကာက
အကောင်းထင်သော်လည်း၊ အထင်ကြီးသော်လည်း ကိုယ့်စိတ်ကိုယ့်လိပ်ပြာက မသန့်လျှင် နေရတာ
အမြဲစနိုးစနောင့် ဖြစ်နေပါလိမ့်မည်။ အလားတူပင် လူတကာက အကောင်းမထင်ပေမယ့်
ကိုယ့်စေတနာ၊ ကိုယ့်လိပ်ပြာ သန့်နေလျှင် အိပ်ပျော်စားဝင်နိုင်သည့် အချက်ကို မမေ့သင့်ပါ။
တနည်းဆိုသော် အများလုပ်တိုင်း ကိုယ်က လိုက်လုပ်စရာမလိုလှသည်ကိုမမများ ဆင်ခြင်သင့်ပါသည်.
ယင်းသို့ ကိုယ်ကိုယ်တိုင်က အိမ်ထောင်ပြုဖို့စိတ်မပါလှသူ မိန်းမသားများ အနေနှင့် စဉ်းစားနိုင်ရန်
အရှုံးအမြတ်သဘောလေးကို တွက်ပြလိုက်ခြင်း ဖြစ်ပါသည်။ အိမ်ထောင်ပြုခြင်းသည် ယောက်ျားသား
တစ်ယောက်အတွက် ဘက်စုံက အမြတ်ထွက်သလောက် မိန်းမသားများအတွက် ထောင့်စုံက
အရှုံးပေါ်နိုင်သည်ကို မြင်ကြည့်ကြစေလိုပါသည်။ လူသားချင်းအတူတူ ယောက်ျားသားတွေက
အိမ်ထောင်ရေးမှာ ပြောင်းတစ်လုံးမက အလုံးပေါင်းတစ်ထောင်အထိ ပိုရှူကာ အသာစီးမှ နေနေသည့်
လူ့ဘောင်၏သဘာဝကို မမတို့ ဆင်ခြင်ကြည့်နိုင်ကြမည်ဆိုလျှင်ဖြင့် အိမ်ထောင်ပြုဖို့အရေးကို
နှစ်ခါမက အခါခါ ပြန်စဉ်းစားမိသွားလိမ့်မည်ဟု ထင်ပါသည်။
အားလုံးတွေးဆဆင်ခြင်ကြည့်နိုင်ကြပါစေ
No comments:
Post a Comment