Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 3 April 2012

သြော် --- အရက်

“ မောင်မောင်ရေ ဖုန်းလာနေတယ်၊ မောင်မောင်ရေ ဖုန်းလာနေတယ် ”။ ဟူးးးးးးးးးးးးးးးး။ မနက်စောစောကြီး ဘယ်သူက လက်ကမျင်းနေလဲ။ စိတ်တိုလိုက်တာ။ လူးလှိမ့်ပြီး အသံကြားရာကို ကောက်ကိုင်လိုက်သည်။ လှထွေးအမေ ( အန်တီ မြင့်မြင့်) ဖုန်းဆက်တာပါ။
ကျွန်တော် - ဟလို၊
အန်တီ - အေး သား မောင်မောင် ၊
ကျွန်တော် - အော် (အံ့သြသွားသည်၊ အန်တီ ကိုယ်တိုင် ဆက်နေလို့) ဟုတ် အန်တီ၊ ကျွန်တော် မောင်မောင်ပါ၊
အန်တီ - အေး သား အိမ်ကို လာခဲ့ပါဦး၊ အိမ်မှာ ပြဿနာ တက်ကုန်ပြီကွယ်၊
ကျွန်တော် - ဟုတ် အန်တီ၊ ဘာဖြစ်လို့လဲ၊
အန်တီ - အေး အေး အိမ်ရောက်မှ အကုန် ပြောပြမယ်၊
ကျွန်တော် - ဟုတ် အန်တီ ဟုတ်၊ ကျွန်တော် အခု လာခဲ့ပါ့မယ်၊
အန်တီ - အေးအေး အားတော့နားပါတယ်ကွယ်၊ မြန်မြန်လာခဲ့ပေးပါနော်၊
ကျွန်တော် - ဟုတ်ကဲ့ပါ၊ အခုပဲ လာခဲ့ပါမယ်။ (အိပ်ချင်စိတ်တောင် ဘယ်ပျောက်လို့ ဘယ်ရောက်သွားလဲ မသိလိုက်ဘူး။ ဟူးးးးးးးးးးးး ဘာတွေ ဖြစ်တာပါလိမ့်။ ရင်တုန်လိုက်တာ)။

ကျွန်တော် လှထွေးတို့ အိမ်ရောက်သွားတော့ အားလုံးက မျက်နှာ မကောင်းကြ။ ဦးဦးလှမြင့်ရော အန်တီမြင့်မြင့်ရော လှထွေးရော သူ့ညီမလေး သင်းသင်းရော ထမင်းဟင်းချက်တဲ့ ဖြူဖြူဝင်းရော အားလုံး ထိုင်နေကြတယ်။ အဖြစ်အပျက်အားလုံးကို မေးကြည့်ပြီး သိလိုက်ရ ချိန်မှာ တော်တော် အံ့သြ တုန်လှုပ်သွားခဲ့သည်။ တုန်လှုပ်မယ် ဆိုလည်း တုန်လှုပ်စရာပဲလေ။ ညက လှထွေးက ဖြူဖြူဝင်းကို အတင်းဝင်ကြုံးသတဲ့။ ခက်သားပဲ။ ဖြူဖြူဝင်းက တဟင့်ဟင့်နဲ့ ငိုနေရှာတယ်။ လှထွေးမျက်နှာက မျောက်ကို သံပရာသီး ကျွေးထား သလိုမျိုးပါ။ မနေ့က ကျွန်တော်ရယ် လှတိုးရယ် လှထွေးအတွက် အဖော်လုပ်ပေးခဲ့ရသေးသည်။ လှထွေးက သူ့ကောင်မလေးနဲ့ ချိန်ထားလို့ ဆိုပြီး သကျသီဟဘုရားသို့ သွားဖြစ်ကြသည်။ ဟိုမှာ သူတို့ ဘာတွေဖြစ်ခဲ့လဲတော့ ကျွန်တော် ကောင်းကောင်းမသိဘူး။ ကျွန်တော်နဲ့ လှတိုးက ရှေးဟောင်း ဓားတွေ လိုက်ကြည့်နေခဲ့ကြ လေ။ ပြန်လာတော့ လှထွေးမျက်နှာ မကောင်း ဘူး။ မေးကြည့် တော့လည်း ရှက်လို့ မပြောချင်ဘူးတဲ့။ အရက်သောက်ချင်တယ် ပြောနေတာ။ တားလို့ မရ ပြောလို့ရ။ ဒီတော့ အရက်ဆိုင် တစ်ဆိုင်ကို သွားကြတယ်။ သူသောက်တာ အရမ်းများနေပါပြီ။ တားလို့လည်း မရခဲ့။ ကျွန်တော်တို့ သူ့အိမ်အထိ လိုက်ပို့ခဲ့ကြသည်။ ည ၁ နာရီလောက်မှာ သူ့အိမ်ကို ပြန်ရောက်ကြသည်။ ခြံစောင့် ဦးအေးက မနိုး။ အိပ်ဆေးသောက် အိပ်သလား ထင်ရတယ်။ နိုးနေတဲ့ ဖြူဖြူဝင်းက တံခါး လာဖွင့်ပေး သည်။ ဆူညံ ဆူညံဖြစ်ပြီး ဦးဦးနဲ့အန်တီတို့ နိုးလာမှာ စိုးရိမ်တာကြောင့် ကျွန်တော်တို့လည်း လှထွေးကို ဖြူဖြူဝင်းလက်အပ်ပြီး ပြန်လာခဲ့ကြသည်။ ကျန်တာ ဘာမှ မသိတော့။ ခုမှ ညက ကျွန်တော်တို့ ပြန်ပြီး ဖြစ်ပျက်ခဲ့ပုံ အလုံးစုံကို သိရတော့သည်။

လှထွေးသည် ညက ဖြူဖြူဝင်းကို သူ့ကောင်မလေးမှတ်လို့ လွန်လွန်ကျူးကျူးဖြစ်သွားခဲ့သတဲ့။ ဖြူဖြူဝင်းဆိုတာ ခပ်ငယ်ငယ် ကောင်မလေးပါ။ လှထွေးအိမ်က ထမင်းဟင်းချက်ဘို့ ခေါ်ထားတဲ့ ကောင်မလေးပါ။ နုနုနယ်နယ် ငယ်ငယ်ရွယ်ရွယ် ဖြူဖြူညက်ညက် လေးပါ။ နာမည်နဲ့လိုက်ဖက်အောင်ကို အသားဖြူဖွေးနေသူလေးပါ။ ရည်စားဖြတ်တာ ခံလိုက်ရလို့ ဓာတ်ပျက်နေတဲ့ လှထွေးစိတ်ထဲကို အသိစိတ်ပျောက်အောင် လုပ်ပေးတဲ့ အရက်တွေ ၀င်သွားတော့ သောင်းကြမ်းချင်တိုင်း သောင်းကြမ်းပြီပေါ့။ ခု ဖြစ်နေတဲ့ပြဿနာက အန်တီတို့က ဖြူဖြူဝင်းနဲ့ ဘယ်လိုမှ သဘောမတူနိုင်တာပဲ။ ငွေလိုရင် တန်ရာတန်ကြေးပေးပြီး အမှု့ကို အေးအေးဆေးဆေး ကြေအေးစေချင် ပြေလည်စေချင်သည်။ ဖြူဖြူဝင်းက သူ့ဘ၀ အတွက် အပျိုရည်ပျက်ရသည့်အတွက် တစ်ခုခု လုပ်ပစ်ချင် နေသည်။ ဘယ်လိုမှ ညှိုမရလို့ ကျွန်တော့်ကို ကူညီပေးဘို့ရန် လှမ်းခေါ်လိုက်တာပါ။ ကျွန်တော်လည်း ဘယ်လိုလုပ်ရမလဲ မသိတော့ဘူးလေ။ အဲဒါကြောင့် လှထွေးနဲ့ ဖြူဖြူဝင်းကို အပြင်ခေါ်လာခဲ့သည်။ လူရှင်းပြီး တိတ်ဆိတ်တဲ့ နေရာရောက်တော့ ကျွန်တော်သူတို့ကို စကားပြောကြည့်သည်။ ဟိုဘက် သည်ဘက် အဆင်ပြေအောင်ညှိုသည်။ နောက်ဆုံးတော့ ဒီပြဿနာကြောင့် တစ်ခုခု ဆိုးကျိုး( ပူပေါင်းဖြစ်မလာဘူး) ဖြစ်မလာဘူးဆိုရင်တော့ သူ့ဘ၀အတွက် ရင်းနှီးလုပ်ကိုင်လို့ရမယ့် အရင်းအနှီးငွေကြေးနဲ့ ကြေအေးပေးမယ့်အကြောင်း သူ့အနေနဲ့ ဘာတစ်ခုမှ ကာကွယ်မှု့ပြု လုပ်မည် မဟုတ်ကြောင်း လှထွေးအိမ်မှာ မနေချင်တော့ကြောင်း သူဖြစ်ချင်တာတွေ အကုန်ပြောပြပါတယ်။ ပွင့်ပွင့်လင်းလင်းပါပဲ။ ခေါင်းတညိမ့်ညိမ့်ဖြစ်နေသူက လှထွေး။ ကျေးဇူးတင်နေသူက ကျွန်တော်။

လှထွေးကလည်း ဖြူဖြူဝင်းကို ချစ်သူအဖြစ် ချစ်လို့မရကြောင်း ပြောပြတယ်။ ချစ်လို့မရရင် သူတို့အိမ်ထောင်ရေးကလည်း ခိုင်မြဲမည်မဟုတ်။ တစ်ချိန်မဟုတ်တစ်ချိန်တော့ ကွဲကြ ကွာကြမှာပဲ။ အဲလိုဖြစ်သွားရင် ဖြူဖြူဝင်းအတွက် မကောင်းဘူး။ ပူပေါင်းဖြစ်လာ ရင်တော့ ဖြူဖြူဝင်းအတွက် ကာယကံရှင်ကို လက်ညှိုးထိုးပြ ဘို့လိုအပ်လာမယ်။ အဲဒီအခါ လှထွေး မရှိလို့ မဖြစ်ဘူး။ ဟိုဘက်သည်ဘက် သူ့ဘက်ကိုယ့်ဘက် အဆင်ပြေအောင် ဆွေးနွေးပြီး ပြေလည်သွားသည်။ ကျေးဇူးသိတတ် နားလည်ပေး တတ် ခွင့်လွှတ်ပေးတတ်သော ဖြူဖြူဝင်းကို ကျေးဇူးအများကြီး တင်နေမိသည်။ ဘာတွေ ဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ရဦးမှာပေါ့။ ဘယ်သူမှ မသိအောင် ကျွန်တော့်ကို တိုးတိုးတိတ်တိတ် တိုင်ပင်တဲ့ ပြဿနာ ပါ။ ဘယ်သူ့ကိုမှ မပြောပြဘူးနော်။ ဟိ။ သယ်ချင်းတို့ကိုလည်း မပြောပြ ဘူးနော်။ သတိပေးရုံလောက်ပဲ။ ကျွန်တော်က မပြောပေမဲ့ သယ်ချင်းတွေ ဘယ်လိုက ဘယ်လို သိသွားလည်း မသိဘူး။ အဲဒီပြဿနာက လေထဲက ဗိုင်းရ်စ်ပိုးလို ပြန့်နှံ့သွားတယ်ဗျာ။ သယ်ချင်းတွေက လှထွေးလိုကောင်မျိုးကို ကျွန်တော်တို့ အုပ်စုမှ ပယ်ကြဉ်ပစ်ဘို့ စွန့်ပစ်ဘို့ နှုတ်ပစ်ဘို့ ပြောကြပါတယ်။ သယ်ချင်းတွေကို “ လှထွေးက လူကောင်းလေးပါကွာ။ ငါတို့ တကယ် ကြဉ်ဖယ်ရမှာ စွန့်ပစ်ရမှာ နှုတ်ပစ်ရမှာက လှထွေး မဟုတ်ဘူး။ အသိစိတ်ကို မှောင်မိုက်သွားအောင် ပျောက်ကွယ်သွားအောင် လုပ်တတ်တဲ့ အရက်ကို ကြဉ်ဖယ်ရမှာ စွန့်ပစ်ရမှာ နှုတ်ပစ်ရမှာကွ ” လို့ ပြောပြလိုက်ပါတယ်။ ဆို့နစ်စွာ ၀မ်းနည်းစွာ လေးနက်စွာ ရင်ထဲက လာတဲ့ စကားကို လေးလေးနက်နက် ပြောလိုက်တာပါ။ သယ်ချင်းများ အားလုံး သဘောတူလက်ခံသွားကြပါတယ်။

သယ်ချင်းတို့ရေ အရက်ကြောင့် မထင်မှတ်တာတွေ ဖြစ်လာတတ်တယ်ဆိုတာကို ဖြစ်လာရင်လည်း မကောင်းတာတွေပဲ ဖြစ်လာတတ်တယ်ဆိုတာကို မယုံ မဖြစ်ကြပါနဲ့နော်။ ဖြစ်ရပ်မှန် လေးပါ။ ကျွန်တော်ကိုယ်တိုင် ဖြေရှင်းလိုက်တဲ့ ပြဿနာလေး တစ်ခုပါ။ လောလောလပ်လပ် ပူပူနွေးနွေးလေးရှိပါသေးတယ်။ နာမည်တွေကိုတော့ ပြောင်းထားပါတယ်နော်။ ဒါဟာ စာရေးသူ တစ်ယောက် လိုက်နာရမည့် စည်းကမ်းလို့ ထင်ပါတယ်။ ဒါဟာ တစ်ခါတစ်လေတော့လည်း ဖြစ်တတ်တဲ့ သဘောရှိပါတယ်။ လှထွေးကိုလည်း နားလည်ပေးနိုင်ကြပါစေနော်။ ကျွန်တော့်ကို လည်း နားလည်ပေးကြဘို့ တောင်းပန်ပါတယ်။ ဟိုဘက်သည်ဘက် အဆင်ပြေအောင် လုပ်ပေးလိုက်ရတဲ့ ကိစ္စမှာ တစ်ဘက်ဘက်က အထူးသဖြင့် ဖြူဖြူဝင်းဘက်က နစ်နာသွားခဲ့မယ်ဆိုရင်ပေါ့။ သင်္ကြန်အတွင်းမှာ အလွန်အမင်း မပျော်မိကြဘို့ အသိကင်းမဲ့စွာ မမိုက်မိကြဘို့ အလွန်အကျွံ အရက်မသောက်မိကြဘို့ သတိပေးလိုက်တဲ့ ဖြစ်ရပ်လေး တစ်ခုပါ။


အရက်ဝင်ရင် ပင်ကိုယ်စိတ်ပျောက်၊
စိတ်ရိုင်း မွှေနောက်ကာ မိုက်၊
ခိုးတိုက် သတ်ဖြတ်လို့ လိမ်ညာ၊
မိဘ ဆွေညာ မသိ၊
တွေ့သမျှ ပစ်မှား ကျူးလွန်မိကြသည်၊
ဆိုးကျိုးသာ ပေးတတ်သည့် အရက်၊
တစ်စက်ကလေးမှ မလျှက်မိရင် ကောင်းတယ်၊
သယ်ချင်းတို့ရယ် --
အသိစိတ်ကို သတ်ဖြတ်တဲ့ အရက်၊
ဒီနေ့ ဒီရက်မှ စ၊
စွန့်လွှတ် ပစ်ကြ ပါစို့နော်။

အားလုံးကို
ခင်မင်စွာဖြင့်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့