Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 10 April 2012

ချစ်တယ်ပြောဖို့ မမေ့ပါနဲ့

'သမီးလေးကို မေမေချစ်လိုက်တာ' ဟုကျွန်မက သမီးလေးကို ထွေးဖက်ပြောမိသည့်အခါတိုင်း သမီးလေးက ချက်ချင်း
တုံ့ပြန်တတ်ပါသည်။ 'မေမေချစ်တာထက် မီးလေးပိုချစ်တယ်'တဲ့.... ထိုစကားသံကလေးကို ကြားရတိုင်း ကျွန်မရင်ထဲ
မှာ လှိုက်ခါနွေးမြသွားသော ပီတိသုခမှာ ဘယ်အရာနှင့်မှ နှိုင်းလို့မရနိုင်လောက်အောင်ပင်။ "ချစ်တယ်"ဆိုတဲ့ စကား
လုံးကလေးဟာ နှစ်လုံးတည်းနှင့် သူရဲ့တန်ခိုးအစွမ်းက ထက်မြက်လှချည်လား။ "ချစ်တယ်" ဆိုသောစကားကို
လူတိုင်းကြားချင်ကြမှာပါ။ လူတိုင်း အချစ်ခံချင်ကြပါတယ်။



အထူးသဖြင့် ကိုယ်သိပ်တန်ဖိုးထား ချစ်မြတ်နိုးတဲ့သူတွေဆီက "ချစ်လိုက်တာ"ဆိုသော စကားတစ်ခွန်းကို လူတိုင်းငံ့လင့်
စောင်းစားနေကြမှာပါ။


ကျွန်မသမီးလေးကို "ချစ်တယ်"လို့ နေ့တိုင်း ဆယ်ခါထက်မနည်း ပြောတတ်ပါတယ်။ အဲ့ဒီအခါမှာ သမီးလေးရဲ့ အပြုံး
ကလေးနဲ့ ကျွန်မကိုပြန်ပွေ့ဖက်ပြီး "မေမေချစ်တာထက် မီးလေက ပိုချစ်တယ်"ဟု ချစ်စဖွယ်ပြန်ပြောဖို့ မမေ့။ တစ်ခါ
တရံ ကျွန်မချစ်သော မောင့်ကို "ချစ်တယ်" ဟု ပြောဖို့ မေ့နေတတ်သလို... မောင်ကလည်း အတူတူပါပဲ။ ကျွန်မတို့
နှစ်ယောက်ကြားမှာ "ချစ်တယ်"ဟု ပြောဖို့မလိုတော့တာတော့ မဟုတ်သေးပါ။ ကိုယ်စီကိုယ်ငှ တာဝန်တွေ အလုပ်တွေ
နှင့် ပြောဖို့ အချိန်မရသလိုဖြစ်နေတာ။



ကျွန်မသိပ်ချစ်တဲ့ ကျွန်မရဲ့ အဖေနဲ့အမေ... အစ်ကိုနဲ့ ညီမလေးတို့ဆီ ဖုန်းပြောဖြစ်တိုင်းလည်း သူတို့ကို "ချစ်တယ်" လို့
ကျွန်မပြောပြဖို့ မေ့နေခဲ့ပြန်တာ.. ပြောစရာရှိတာတွေပြော မှာစရာရှိတာတွေ မှာပြီးရင် "နေကောင်းအောင်နေနော်"ဟု
ပြောရင်း ဖုန်းချလိုက်မိမြဲ..."ချစ်တယ်"ဆိုသောစကားကို တကူးတက ပြောဖို့မလိုခဲ့ဟု ကျွန်မတို့စိတ်ထဲ ထင်နေခဲ့တာပါ။
တကယ်တော့ ကျွန်မဆီက "ချစ်တယ်"ဆိုသောစကားကို သူတို့ မျှော်လင့်ချင်မျှော်လင့်နေမှာ။

-----


သမီးလေးကို ကျောင်းကြိုပို့တဲ့အခါမှာပဲဖြစ်ဖြစ်... စားသောက်ဆိုင်မှာ သွားစားတဲ့အခါမှာပဲဖြစ်ဖြစ်... အသိမိတ်ဆွေ
တွေဆီ သွားလည်တဲ့အခါမှာပဲဖြစ်ဖြစ်.... အင်္ဂလိပ်တွေက နှုတ်ဆက်ခွဲခွာခါနီးကျရင် ပါးချင်ကပ်ပွေ့ဖက်နှုတ်ဆက်ပြီး
"I love you"လို့ ပြောလေ့ရှိတာကို ကျွန်မသတိထားမိပါတယ်။ ဖုန်းဆက်ရင်လည်း ဒီလိုပဲ ဖုန်းချခါနီးဆို "I love you"
လို့ ပြောပြီးမှ နှုတ်ဆက်ဖုန်းချတတ်တာ။ ဘာပဲဖြစ်ဖြစ် "ချစ်တယ်"လို့ပြောလိုက်တဲ့ စကားလေးတစ်ခွန်းဟာ ရိုးရိုး
လေးပေမယ့် စိတ်ခံစားမှု တွယ်တာမြတ်နိုးမှု စိတ်ချင်းဆက်သွယ်ပေးမှု နူးညံ့သိမ်မွေ့တဲ့ စိတ်လုံခြုံနွေးထွေး မှုတွေကို
ပေးစွမ်းနိုင်တဲ့နေရာမှာတော့ တော်တော်အစွမ်းထက်မြက်လှပါတယ်။



တနေ့ကမှ ကျွန်မစာအုပ်အဟောင်းလေးတစ်အုပ် ဖတ်မိပါတယ်။ အဲဒီအထဲမှာ ကျောင်းသားတွေကို ပြုစုပျိုးထောင်ရာ
မှာ အလွန်ပြောင်မြောက်တဲ့ ဆရာမကြီးတစ်ယောက်ကို "ကလေးတွေ ထူးချွန်ထက်မြက်အောင် ဘယ်လိုမျိုးနည်းလမ်း
တွေနဲ့ ကိုင်တွယ်အုပ်ချုပ်ပုံသွင်းခဲ့ပါသလဲ" လို့ စာရေးသူက မေးကြည့်တော့ ဆရာမကြီးက သိမ်မွေ့တဲ့အပြုံးကလေး
နဲ့ ရိုးရိုးကလေးပဲ အဖြေပေးခဲပါတယ်။



"ကျွန်မ သူတို့အားလုံးကို အချစ်တွေပဲ ပေးခဲ့တာပါ"တဲ့။ အဲ့ဒီစာကြောင်းကလေး ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်မရင်ထဲ
ပီတိကလေးနဲ့ နွေးထွေးခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာလောက် အင်အားကြီးမားတဲ့အရာ ရှိပါဦးမလား။ ကျောင်းသားတွေ
တော်အောင် ထူးချွန်အောင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်တတ်လာအောင် ဆရာမကြီးက အချစ်တွေပဲ ပေးခဲ့တာပါတဲ့။
အချစ်က အဲဒီလောက်ပဲ အစွမ်းထက်သလားကွယ်...။
"မောင့်ကို ချစ်တယ်"


ဆေးရုံကပြန်လာတဲ့ မောင့်ကို အိမ်တံခါးဖွင့်ပေးရင်း အဲဒီစကားလေးပြောလိုက်တော့ မောင့်မျက်နှာ ချက်ချင်းပြုံးသွား
ပြီး အမောတွေအားလုံး ပြေသွားသလိုမျိုးနဲ့...

"ချစ်လေးကိုလည်း မောင် ချစ်တယ်"



လို့ ချက်ချင်းပြန်ပြောလိုက်ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံးရဲ့ရင်ထဲမှာ ကြည်နူးပီတိလှိုင်းကလေးတွေ သိမ်မွေ့စွာ
လှုပ်ရှားလို့။ နှစ်ယောက်စလုံး ပြုံးရယ်မိကြပါရော။ နည်းနည်းဝေးကွာနေခဲ့တယ် ဆိုရင်တောင်မှ ပြန်လည်နီးကပ်သွားခဲ့
သလိုပေါ့... တစ်ယောက်လက်တစ်ယောက် ခပ်ဖွဖွကလေး ဆုပ်ကိုင်မိကြတယ်။

-----



"အမေ အမေ့ကို ချစ်တယ်"

ဖုန်းပြောနေတုန်း ကျွန်မက သတိတရပြောလိုက်တော့ ကျွန်မ မေမေ့ဆီက ရယ်သံထွက်လာပါတယ်....

"အေး သမီးကိုလည်း အမေ ချစ်တယ်"တဲ့။ ချက်ချင်း မဆိုင်းမတွကို ပြန်ပြောတာ။

ပြောပြီး နှစ်ယောက်စလုံး ရယ်မိကြတယ်။ အမေ့ကို "ချစ်တယ်"ဆိုတဲ့ စကားလေး မပြောမိခဲ့တာ ဘယ်လောက်ကြာပြီ
လဲ။ စိတ်ထဲမှာ ရင်ထဲမှာ ရှိနေခဲ့ပေမယ့် နှုတ်ကနေ ပြောမထွက်ခဲ့တာလေ။

"အဖေ အဖေ့ကို ချစ်တယ်"



ကျွန်မ ဖေဖေ့ဆီက ရုတ်တရက်ကြောင်သွားသလို အသံခဏတိတ်သွားခဲ့ပါတယ်။ ပြီးတော့ တိတ်တိတ်ကြိတ်ရယ်တယ်။
"အေး အေး ချစ်တယ် ချစ်တယ် ဟီးဟီး"တဲ့။ အဖေ ပျော်ရွှင်သွားခဲ့တယ်ဆိုတာကို သူ့အသံကို နားထောင်လိုက်ရုံနဲ့
သိနိုင်ပါတယ်။ ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းဟာ လူတိုင်းရဲ့ နှလုံးသားကို ဆွဲခါနိုင်စွမ်း တကယ်ရှိလှပါတယ်။
မယုံရင် လက်တွေ့စမ်းသပ်ကြည့်လို့ရပါတယ်။ ချစ်ခြင်းမေတ္တာအစစ်အမှန်တွေ သိပ်ရှားပါးလာတဲ့ ခုလိုခေတ်ကြီးထဲမှာ
မနက်ဖြန်ဆိုတာ မသေချာပါဘူး။ အချိန်ဆိုတာလည်း မရှိပါဘူး။ ကိုယ်သိပ်ချစ်တဲ့သူတွေကို ပြောဖို့ အခွင့်အရေးရှိတုန်း
ပြောဖို့ အချိန်ရှိတုန်း "ချစ်တယ်"လို့ ပြောဖို့ မမေ့ပါနဲ့နော်။




ရေးသားသူ =  လွန်းထားထား(ဆေးတက္ကသိုလ်)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့