Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 15 April 2012

ချိန်မတန်ခင် ကြွေမသွားလိုက်ပါနဲ့ ပန်းပွင့်လေးရယ်


သူမ အခန်းတံခါးကို ခပ်ဖွဖွခေါက်ကာ ပိုင်စိုးပိုင်းနင်း ချည်းနင်းဝင်ရောက်လာသည့် နေရောင်ခြည်တန်းကြောင့်  နှစ်ခြိုက်စွာ အိပ်မောကျနေရာမှ သူမ လူးလွန့်လှုပ်ရှားလာခဲ့သည်။ ယခုထက်တိုင် လေးလံနေဆဲ ဖြစ်သော မျက်ခွံအစုံကို အတင်းရုန်းကန်ကြိုးစားဖွင့်လိုက်ကာ ကုတင်းဘေးက စားပွဲပေါ်မှာ အခန့်သား ထိုင်နေသည့် နာရီကို လှမ်းကြည့်မိပြန်တော့
OMG !! သူမ နောက်ကျပြန်ပြီ။
ယခုလေးတင်မှ လေးပင်ဆဲ ဖြစ်နေသော မျက်လုံးများ ထိုခဏချင်းတွင်ပင် ဝိုင်းစက်ပြူးကျယ်လာကာ အိပ်ရာမှ နိုးထလာရတော့သည်။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အမြန်လုပ် ၊ ညထဲက အသင့်ပြင်ထားပြီးဖြစ်သည့် အလုပ်သွားဖို့ အိတ်ကို ကောက်လွယ်ရင်း သူမ လုပ်ဆောင်စရာရှိတာများကို အလောတကြီး လုပ်ဆောင်နေခဲ့သည်။ ထိုသို့ လုပ်ဆောင်နေရင်းမ သူငယ်ချင်း တစ်ယောက် ပြောခဲ့ဖူးသော
“အမြဲတမ်း နောက်ကျနေတာကို ခုမှလာပြီး အထူးအဆန်းလုပ် လောပြမနေနဲ့”
ဆိုသောတစ်ခွန်းကို အမှတ်ရရင်း တစ်ကိုယ်ထဲ ပြုံးဖြစ်လိုက်သေးသည်။
ညဆိုလျှင် အိပ်ရာဝင်နောက်ကျတတ်သော သူမအဖို့ မနက်အလုပ်သွားရန် ဝိရိယကောင်းလွန်းစွာ အိပ်ရာမှ မရုန်းထနိုင်ခဲ့ပါ။ ထို့ကြောင့်ပင် မနက်ဆို ဝရုန်းသုန်းကား အိမ်မှ ထွက်ရမြဲ။
နောက်ဆုံးလက်ကျန်အခန်းတံခါးကို သော့ခတ်အပြီး လက်မှ နာရီကို လှမ်းကြည့်လိုက်တော့ အတော်လေးကို နောက်ကျနေပြီ။ ကားမှတ်တိုင်ရောက်လို့ ကားချက်ချင်းရလျှင်တော့ မဆိုး။
အင်း...ကားမှတ်တိုင်ကို အမြန်ရောက်ဖို့ ဆိုတာကို တစ်ချက်တွေးလိုက်ပီး ဆုံးဖြတ်ချက်ကို ပီပြင်စွာ ချလိုက်ကာ သူမ စီးရမည့် ဒေါက်ဖိနပ်ကို စီးမနေတော့ပဲ လက်နှင့် ကောက်ကိုင်လိုက်ကာ ခြေဗလာနှင့် မှတ်တိုင်းဆီ အပြေးနှင်တော့သည်။။ဒေါက်ဖိနပ်နှင့် လှုပ်လီလှုပ်လဲ့ လမ်းလျှောက်နေဖို့ အချိန် သူမမှာ မကျန်တော့လဲ ဒေါက်ဖိနပ်က သူမကို ပြန်စီးပေါ့။
ကားမှတ်တိုင်ရှိရာ အသော့နှင်နေသည့် သူမ လမ်းခုလတ် တစ်နေရာမှာ ဆူညံစွာ အော်ဟစ်နေသော လူတစ်စု၏ အသံကြောင့် ခြေကုန်သုတ်နှင်လာသော မိမိခြေလှမ်းကို တစ်ချက်တွန့်ဆုတ်ရင်း ငေးကြည့်လိုက်မိတော့
အိုးးးးးးး ကြည့်ပါအုံး ပင်ယံထက်မှာ ပင်လုံးကျွတ်နီးးပါး ပွင့်လှိုင်နေသည့် ပန်းပိတောက်တွေ။ ဆူနာမီအရှိန်ကြောင့်ထင်ပါရဲ့ သဲသဲမဲမဲရွာချထားသည့် မိုးရေစက်တွေနောက်က ကပ်ပါလာသည့် ပန်းပိတောက်တွေ။ တိုက်ဆိုင်စွာ သင်္ကြန်ရက်မှာ လာပွင့်နေသည့် ပန်းပိတောက်တွေ။
ဩော် သင်္ကြန်ဆိုမှ ကျန်းမာရေးဝန်ထမ်းသူမအဖို့မှာတော့ သင်္ကြန်ရက်လဲ အများတကာလို အလုပ်မနားနိုင်။ တာဝန်ထမ်းဆောင်ရတာပါပဲ။
နေမကောင်းသူ၊ထိခိုက်ဒဏ်ရာရသူတွေအတွက် နေ့ရက် သတ်မှတ်ချက်မှ မရှိနိုင်တာ။ သူမတို့လို ကျန်းမာရေး ဝန်ထမ်းတွေက အသင့်ရှိနေရမှာပေါ။
သူမ လှမ်းနေသည့် ခြေလှမ်းတွေ ပိတောက်ပင်နားရောက်လာချိန်မှာတော့ နားထဲမှာလဲ ဆူညံသံတွေက ပိုများလာလျှက်ရှိသည်။
“ငါ့ကို ဟိုအကိုင်းလေး ခုပေးပါ”
“ဟယ်...အဲ့ဒါ မဟုတ်ဘူး...ဒီဟာက အပွင့်ကြဲတယ်။ ဟိုဘက်က အဆုပ်လိုက်ဖွင့်နေတဲ့ ပန်းခိုင်ကို ခူးပေး”
“သားရေ အမေ ဘုရားပန်းလေး ကပ်ချင်လို့ အခိုင်ကောင်းကောင်းလေး ခုပေးပါနော်”
သူ့ခူးပေး ငါ့ခူးပေးနှင့် ဆူညံနေသည့် အသံတွေကြောင့် သူမ ထပ်ငေးကြည့်မိပြန်သည်။ ကောင်းပေ့၊လှပေ့တွေကိုမှ လိုချင်ကြတာ လူသားတွေရဲ့ သဘာဝလား။
ပင်မြင့်ပေါ် မော့ကြည့်ပြီး ပင်အောက်ကို ငုံ့ကြည့်ပြန်တော့ အလှကြိုက်တဲ့ လူသားတွေရဲ့ ရွေးချယ် ခူးဆွတ်မှုတွေကြောင့် ထိုလူသားတွေရဲ့ လက်ထဲမှာ ဘဝမလှရှာတော့မည့် ပန်းတစ်ချို့က မြေအပေါ်မှာ ပြန့်ကြဲလို့။ လန်းဆန်းစွာ ပွင့်လန်းခွင့်တောင် မရလိုက်ရှာတဲ့ အဖူးအငုံလေးတွေကလဲ မြေပြင်ပေါ် သက်ဆင်းကြကုန်ပြီ။
ပင်ယံထက်မှာ လှပစွာ ပွင့်လန်းနေသည့် ပန်းကို လိုချင်တက်မက်နေသူတို့ရဲ့ ခြေဖဝါးအောက်မှာ ထိုသူတို့ကြောင့် ကြွေသွားရှာတဲ့ ပန်းပွင့်လေးတွေရဲ့ဘဝ။
ပန်းပွင့်လေးတွေသာ စကားပြောတတ်ရင် နာကျင်စွာ ငိုညဉ်းနေမလား။
သူ့သဘာဝ သူ့အလှနဲ့ တာဝန်ကျေ ဖူးပွင့်ပေးရှာတဲ့ ပန်းလေးတွေ ချိန်မတန်ခင် ကြွေသွားခဲ့ရှာပြီ။
မိမိကိုယ်ပိုင် ကာကွယ်နိုင်ဖို့ စွမ်းရည်မရှိခဲ့လို့ ကာကွယ်ခွင့်မရခဲ့ရှာဘူး။
မိန်းမသားတစ်ယောက်ရဲ့ ဘဝဟာ ပန်းလေးတစ်ပွင့်လိုနူးညံ့တယ်။ ပန်းလေးတစ်ပွင့်လို လှပတယ်။ ပန်းလေးတစ်ပွင့်နဲ့ ပမာပြုတယ်လို့ ဆိုကြရင် အလှကိုယ်စီရှိနေကြတဲ့ မိန်းမသားတွေရဲ့ ဘဝကို ခြူလိုသူတွေများစွာနှင့်လဲ ကြုံတွေ့ကြရမှာပါပဲ။
ဘယ်ပန်းလေးတွေ နှစ်လိုသူ လက်ထဲ ရောက်ခဲ့မလဲ။
ဘယ်လိုပန်းလေးတွေက ဦးခေါင်းထက်မှာ ပန်ဆင်ခွင့်ရခဲ့မှာလဲ။
ဘယ်လိုပန်းလေးတွေက အလှတကြည့်ကြည့် ကြည့်ခွင့်ရမှာလဲ။
ဘယ်လိုပန်းလေးတွေက ခြွေမွခံလိုက်ရမှာလဲ။
ဘယ်လိုပန်းလေးတွေက အနင်းခံလိုက်ရမှာလဲ။
ဘယ်လိုပန်းလေးတွေက လန်းဆန်းစွာ ပွင့်ချိန်လေးတောင်မရလိုက်ပဲ ကြွေကြသွားရရှာလဲ။
သဘာဝပန်းလေးတွေမှာ ခြူလိုသူလက်ထဲ ခုခံနိုင်စွမ်းမရှိပေမဲ့ လူသားဆန်ဆန် ပန်းလေးတွေမှာတော့ ခုခံနိုင်စွမ်းအားတွေ ရှိနေမှာပါ။
ရှောင်ရှားတတ်တဲ့ အသိဥာဏ်တွေ ရှိနေကြမှာပါ။
လိမ္မာပါးနပ်စွာ အသုံချတတ်ဖို့ပဲ လိုပါတယ်။
ပန်းတိုင်းကို အခြေအနေနှင့်  အချိန်အခါမှာ သဘာဝအတိုင်း လန်းဆန်စွာ ပွင့်စေချင်ပါတယ်။
တွေးရင်းတွေးရင်း အတွေးလွန်လာသည့် သူမ ကားမှတ်တိုင်တောင် ရောက်လုနေပြီပါလား။
တာသင်္ကြန်မှာ ဒဏ်ရာများစွာ ရခဲ့တဲ့ လူနာတွေကို မကြာခင် သူမ တွေ့မြင်ရပါအုံးမည်။
သူတို့တွေလဲ ချိန်မတန်ခင် ကြွေမသွားကြပါနှင့်လို့သာ ဆန္ဒပြုရင်းးးးး..............

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့