Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 27 May 2012

ကံတရား ဆိုတာကို ယုံကြပါသလား

သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီနေ့တော့ စာပေတွေထဲက ရခဲ့တဲ့ အသိလေးတစ်ခုကို အတွေးလေး နယ်ချဲ့ကြမယ်ဗျာ၊ ကျနော်ကို ငယ်ငယ်ကတည်းက မေမေက အကျင့်တစ်ခု လုပ်ခိုင်းထားတယ်၊ အဲ့ဒါကတော့ ဗဟုသုတ စာတွေဖတ်ရင် မှတ်စုစာအုပ်ကို အနားမှာ ဆောင်ထားပြီး မှတ်သင့်တာတွေကို မှတ်တတ်တဲ့ အကျင့်လေးပါ၊ ဒါကြောင့် ကျနော် ရေးတဲ့စာတွေဟာ ကျနော် လေ့လာဖူးတဲ့ စာတွေထဲက ပေါ့ဗျာ၊ ဒါပေမယ့် တစ်ချို့တွေကျတော့ ဘယ်သူ့ရဲ့ အတွေးအခေါ် ဆိုတာကို မှတ်သား မထားတာမို့ ခေါင်းစဉ်တပ်ရတာ တော်တော်လည်း ခက်ပါတယ်၊ တစ်ချို့တွေဆိုရင် မှတ်သားထားတာတွေနဲ့ ကိုယ်ပိုင် အသိတွေ၊ အတွေ့ အကြုံတွေ ရောထွေး ရေးသားခဲ့တာမို့  အသုတ်စုံတော့ ဖြစ်သွားတာပေါ့ဗျာ၊ အိုခေ..... မနေ့က ဆိုဒ်တစ်ခုမှာ သူငယ်ချင်း တစ်ယောက်က သူ့မိသားစုနဲ့ ပါတ်သက်တဲ့ အခက်အခဲလေး တစ်ခုကို ရင်ဖွင့် ပြောကြားလို့ ဒီပို့စ်လေးကို ရေးလိုက်မယ်နော်...
          သူငယ်ချင်းတို့ရေ... ကံတရား ဆိုတာကို ယုံကြပါသလားဗျာ၊ ခေတ်လူငယ်တွေ တော်တော်များများက ကျနော့လိုပဲ မယုံဘူးလို့ ပြောကြမယ် ထင်ပါတယ်၊ ဒီတော့ မယုံနိုင်စရာလေးတွေကို ရှေ့မှီနောက်မှီ စာပေတွေနဲ့ တွေးကြည့်ကြမယ်နော်၊ အင်း.... မန်လည် ဆရာတော်ကြီးရဲ့ မဃဒေ၀ လင်္ကာသစ်ကိုတော့ မှတ်မိတယ်၊ ဆရာတော်ကြီး မိန့်ထားတာကတော့... ""လုံ့လမထူ ဥာဏ်မကူပဲ၊ အယူအစောင်း၊ ကံအကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာ။ ပညာဥာဏ်ဖြင့် သင့်မသင့်ကို၊ အခွင့်ရှု၍၊ အားပြု လုံ့လ၊ ရှိအပ်စွတည်း၊ တံငါလက်တွင်း၊ ရောက်လျှင်းတုံငြား၊ သုံးကောင်ငါးလို၊ မှတ်ထား ၀မ်းထဲ၊ နည်းယူစွဲလော့""ဆိုတာပဲ ဖြစ်ပါတယ်၊ ဒီတော့ အတွေးရ ခက်နေတာက တံငါလက်တွင်းက ငါးသုံးကောင်ပါ၊ အဲ့ဒီငါးသုံးကောင်ကို ဆရာတော်ကြီးက ဘာကြောင့် ဥပမာ ပေးသလဲ၊ စဉ်းစားဖို့လိုလာပါပြီ၊ ကျနော် ဆက်ပြီး လေ့လာခဲ့ပါတယ်၊ အဲ့ဒါကတော့ ပုံပြင်လေးပါ။
          အလွန်သာယာ လှပတဲ့ မြစ်တစ်စင်းရဲ့ ရေအောက်ကြမ်းပြင်မှာ ငါးလေးတွေ ပျော်ပျော်ပါးပါး နေထိုင်ကြတယ်၊ တစ်နေ့မှာ အဲ့ဒီ အထဲက ငါး(၃)ကောင်ဟာ တံငါသည် တစ်ဦးရဲ့ ပိုက်ကွန်မှာ မိကြပါလေရော၊ သူတို့ (၃)ကောင်လုံးဟာ သေရမှာကို ကြောက်နေတယ်၊ ဒါပေမယ့် သူတို့တွေက တစ်ကောင်နဲ့ တစ်ကောင် ယုံကြည်ချက်ချင်း မတူကြဘူး၊ တစ်ကောင်က ကံ တစ်ခုတည်း ကိုပဲ ယုံတယ်၊ နောက် တစ်ကောင်က ကံနဲ့ ၀ီရိယ ကို ယုံတယ်၊ နောက်တစ်ကောင်က ကံ၊ ဥာဏ်၊ ၀ီရိယ ကိုယုံတယ်၊ ဒီတော့ ကံ ကိုယုံတဲ့ ငါးလေးက ငါဟာ ကံတရားအတိုင်းပဲလေ ဆိုတဲ့ ယုံကြည်ချက်နဲ့ နောက်ဆုံးတော့ ဟင်းအိုးထဲကို ရောက်ခဲ့ပါတယ်၊ ဒုတိယ ကံနဲ့ ၀ီရိယ ကိုယုံတဲ့ ငါလေးက အင်း... ငါကံကောင်းလို့ ပိုက်ထဲကလွတ်ပြီး လှေဝမ်းထဲကို ရောက်လာပြီ၊ ငါ့မှာ ရှိသမျှ အားအင်နဲ့ ရုန်းထွက်ရင်တော့ လွတ်မှာပဲ ဆိုတဲ့ အသိနဲ့ လှေဝမ်းထဲမှာ တဖျတ်ဖျတ်နဲ့ ခုန်ပြီး လွတ်မြောက်ဖို့ ကြိုးစားခဲ့ပါတယ်၊ ဒီတော့ တံငါသည်ကလည်း ငါးတွေကို ပိုက်ထဲကနေ ဖြုတ်နေရင်း တန်းလန်း ဆိုတော့.... ဒီငါး လွတ်တော့မှာပဲ ဆိုပြီး ရိုက်သတ် လိုက်ပါတော့တယ်၊ အင်း... အဲ့ဒီတော့ သူလည်း ဟင်းအိုးထဲပဲပေါ့ဗျာ၊ နောက်ဆုံး ငါးလေးကတော့ ကံ၊ ဥာဏ်၊ ၀ီရိယကို ယုံတဲ့ ငါးလေးပါ၊ သူက စဉ်းစားတယ်... ငါဟာ ကံကောင်းလို့တော့ ပိုက်ထဲကလွတ်ပြီး လှေဝမ်းထဲကို ရောက်လာပြီ၊ တံငါသည်ကြီးရဲ့ အလစ်မှာ အခွင့်အရေး ရလို့ကတော့ ငါ့မှာရှိတဲ့ ခွန်အားနဲ့ ရုန်းထွက်မှပဲ လို့တွေးနေချိန်မှာ လှိုင်းလုံးကြီး တစ်လုံး ပုတ်ခတ်လိုက်လို့ လှေကြီး တဖက်ကို စောင်းသွားတယ် ဆိုရင်ပဲ ငါးလေးဟာ လုံ့လနဲ့ တအား လွှတ်ခုတ်လိုက်တာ မြစ်ထဲကို ပြန်ရောက်ပြီး အသက်ချမ်းသာရာ ရသွားတယ်၊ ရေအောက်မှာ ရှိနေတဲ့ သူ့ရဲ့ မိတ်ဆွေတွေဆီ ပြန်ရောက်သွားတယ် တဲ့ဗျာ။
          သူငယ်ချင်းတို့ရေ.... ဒီအတိုင်းဆိုရင် ပုံပြင်ထဲက ငါး(၃)ကောင်ထဲက နောက်ဆုံးငါးလေးလို ကံ၊ ဥာဏ်၊ ၀ီရိယ ဆိုတာဟာ ဒွန်တွဲပြီး အသုံးချရမှာတော့ သေချာပြီနော်၊ ဒါပေမယ့် အခွင့်အရေးဆိုတဲ့ အောင်မြင်မှုလမ်း ဖြောင့်တန်းအောင် ဆိုရင်တော့ ပုံပြင်ထဲက ပထမငါးလို ကံကိုချည်း စောင့်နေလို့ မရဘူးနော်၊ ဒုတိယ ငါးလိုလည်း အခြေအနေကို အကဲမခတ်လို့ မဖြစ်ဖူးဗျ၊ သက်ရှိတွေဟာ အန္တရာယ် တစ်ခုခု ကျရောက်ရင် သူတို့ရဲ့စိတ်ဟာ မတည်မငြိမ် ဖြစ်တတ်တာ သဘာဝမို့ အဲ့ဒီသောကကို သတိနဲ့ ထိန်းရမှာပါ၊ ပျာလောင်မခတ်ပဲ စိတ်ကို တည်ငြိမ်အောင် ထိန်းနိုင် ရမှာပါ၊  အဲ့ဒါဆိုရင် လန့်နေတာတွေ ပျောက်သွားမယ်၊ မလန့်တော့ပါဘူး၊ အဲ... မလန့်တော့ဘူး ဆိုတာဟာ မကြောက်တော့တာပဲ၊ မကြောက်ဘူး ဆိုမှတော့ သတ္တိ ၀င်လာပြီပေါ့၊ ရဲရင့်လာပြီပေါ့ဗျာ၊ အဲ့ဒီတော့မှ စွန့်စားရမယ့် အချိန် အပိုင်းအခြားကို စိတ်ရှည်ရှည်နဲ့ သည်းခံပြီး စောင့်နိုင်တဲ့ ခံနိုင်ရည် ဇွဲရှဖို့လည်း လိုပါတယ်၊ အဲ့ဒီလို မှန်မှန် ကန်ကန် ဆုံးဖြတ်ပြီး စွန့်စားရဲတာကိုမှ သတ္တိရှိတယ်လို့ ပြောနိုင်တယ် လို့ ဆိုကြပါတယ်၊ စွန့်စားပေမယ့် အချိန်မတိုင်မီ စွန့်စား တာမျိုးကို မိုက်ရူးရဲဆန်တယ်၊ နောက်ကျပြီးမှ စွန့်စားတာ ကျတော့ သူရဲဘော ကြောင်တယ် လို့ ပြောကြပါတယ်။
          သူငယ်ချင်းတို့ရေ... မိသားစုဘ၀ အခက်အခဲ ဖြစ်နေတယ်ဆိုတဲ့ သူငယ်ချင်းလေးနဲ့  ကျန်တဲ့ ကျနော့ သူငယ်ချင်းတွေကို ပြောချင်တာက၊ ကျနော် လေ့လာထားတဲ့ အသိတွေထဲက ဆွဲထုတ်ပေးချင်တာက... ကံတရားကြောင့် ရလာတဲ့ အခွင့်အရေးကို မိမိရရ ဖမ်းဆုတ်နိုင်ဖို့ လိုပါမယ်၊ အဲ့ဒီအခွင့်အရေးကို ပိုင်ဆိုင်နိုင်ဖို့ ဆိုတာကတော့ ထက်သန်တဲ့ လိုအင်ဆန္ဒ ရှိရမယ်၊ အောင်မြင်လိုတဲ့ စေ့ဆော်မှု ရှိရမယ်၊ လုံ့လနဲ့ အားထုတ်ရမယ်၊ သတိမပြတ်ရှိရမယ်၊ ဥာဏ်ပညာကို အသုံးချရမယ်၊ သတ္တိရှိရမယ်၊ ဇွဲရှိရမယ် ဆိုတာပါပဲဗျာ။
          အခက်အခဲ ဖြစ်နေတဲ့ ကျနော့ သူငယ်ချင်းလေး နားလည် စွန့်စားနိုင်ပါစေ.........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့