Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

“ရှင်ပဲ..ချစ်တယ်ဆို”


နှင်းဆီနဲ့မောင်တို့ရဲ့ အိမ်ထောင်သက်တမ်းလေးဟာ ခုဆို (၁)နှစ်ပြည့်တော့မည်၊ မောင်နဲ့ အိမ်ထောင်မကျခင် အချိန်လေးက အပျိုဘ၀လေးကို နှင်းဆီ ပြန်တမ်းတမိသည်။ အပျိုဘ၀လေးက ကျောင်းတက်ရသည့် အလုပ်ကလေးတစ်ခုရယ်သာ၊ ပိုက်ဆံအဆင်မပြေဘူးဆိုလည်း မိဘတွေဆီက လက်ဝါးဖြန့်ပြီး တောင်းရုံသာ၊ စိတ်ညစ်တဲ့အခါ သူငယ်ချင်းတွေနဲ့လျှောက်သွားတဲ့အခါ စိတ်အပန်းတွေပြေခဲ့ရသည်…ခုတော့ အပျိုဘ၀လေးနဲ့ အိမ်ထောင်သည်ဘ၀လေးက ကွာခြားသွားခဲ့လေပြီ…။
နှင်းဆီ အပျိုဘ၀က စိတ်ကူးခဲ့သည်က မောင့်ကိုအရမ်းချစ်တယ်၊ မောင်နဲ့နေရရင် ပျော်မှာဘဲ၊ တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ…ထမင်းရည်လျက်ရလည်း အတူတူပဲလို့ ထင်ခဲ့မိသည်…မောင်နဲ့သာဆို ဘာတွေပဲ ရင်ဆိုင်ရ၊ရင်ဆိုင်ရ၊ အချစ်ဆိုတဲ့ခွန်အားတွေရှိနေခဲ့မယ်၊ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေနဲ့ ရှေ့ဆက်ကြမယ်၊ သည်းခံကြမယ်ဆိုတဲ့ စိတ်ကူးလေးတွေနဲ့ နှင်းဆီ မောင်နဲ့ လက်ထပ်ဖြစ်ခဲ့သည်…။
သို့ပေမယ့် နှင်းဆီရဲ့ အပျိုဘ၀လေးက အတွေးအခေါ်အယူအဆတွေက အိမ်ထောင်သည်ဘ၀ကို ကူးပြောင်းလာတဲ့အခါ အရာရာအားလုံးဟာ နှုတ်ဖျားလေးနဲ့ပြောရုံမဟုတ်တော့ဘဲ လက်တွေ့ဆန်လာခဲ့ပြီး နက်ရှိုင်းလာခဲ့တယ်ဆိုတာ သိလာခဲ့ရတယ်…။
မောင်…နှင်းဆီကို လက်မထပ်ခင်ချိန်ကတော့…
မောင်က အဝေးသင်တက္ကသိုလ်ကို ဒုတိယနှစ်နဲ့ ကျောင်းထွက်ခဲ့ပြီး မိဘတွေနဲ့အတူ ခြံအလုပ်ကို ၀ိုင်းလုပ်ပေးခဲ့တယ်..မောင့်ရဲ့မိဘတွေကချမ်းသာတော့ ခြံတွေ၊ လယ်ယာမြေတွေပိုင်ဆိုင်တော့..နားရတယ်မရှိ၊ ကျောင်းတက်ဖို့လည်းပြောမရတော့…အဲ့ဒီအချိန် နှင်းဆီကတော့ အဝေးသင်တက္ကသိုလ် ဒုတိယနှစ်ကျောင်းကို ဆက်တက်နေခဲ့ရပါတယ်…စီးပွားရေးအဆင်ပြေတဲ့ မောင်က ကျောင်းတက်ရတာ သိပ်ပျင်းတာပဲဆိုပြီး၊ ဆက်မတက်ခဲ့တော့ဘဲ…အဆင်မပြေတဲ့ နှင်းဆီကသာ ကျောင်းပြီးအောင်ဆက်တက်ခဲ့ရသည်…။
“နှင်းဆီ..”
“ရှင်”
“နှင်းဆီ ကျောင်းပြီးရင်…မောင်တို့ လက်ထပ်ကြမယ်နော်”
“မောင်ရယ်…ချက်ချင်းကြီးလက်ထပ်လို့ ဖြစ်ပါ့မလား”
“နှင်းဆီမှာ ဘာမှပြင်ဆင်ထားတာမရှိသေးဘူးလေ”
“သြော်..နှင်းဆီရယ်…နှင်းဆီက ဘာပြင်ဆင်နေစရာလိုလို့လဲ၊ အဓိကက မောင်ဘဲလေ…မောင့်မှာ အလုပ် အကိုင်ရှိနေတာပဲ…နှင်းဆီက ဘာမှလုပ်စရာမလိုဘူးလေ…အိမ်မှုကိစ္စတွေလုပ်ပြီး…မောင့်အတွက် သားသား မီးမီးတွေ မွေးပေးရင် နှင်းဆီ တာဝန်ကျေပြီပေါ့”
“ဒီလိုလည်း မဟုတ်ဘူးလေ မောင်ရဲ့၊ နှင်းဆီက မောင်တစ်ထမ်း..မယ်တစ်ရွက်ဆိုသလို အလုပ်လေးလုပ်ချင် သေးတယ်လေ၊ အလုပ်လေးတစ်ခုရတော့မှ နှင်းဆီတို့ လက်ထပ်ကြတာပေါ့နော်”
“နှင်းဆီရယ်…နှင်းဆီကို မောင်ချစ်တယ်လေ…ဒါတွေမလိုအပ်ပါဘူးကွာ”
ဇွတ်တရွတ်နိုင်တတ်သော မောင့်ရဲ့စကားတွေကြောင့် နှင်းဆီ အသာလေးငြိမ်နေခဲ့ရသည်…ဘာမှပြန်မပြောခဲ့ ပေမယ့် စိတ်ထဲကတော့ ပြောချင်နေမိသေးသည်..။
နှင်းဆီ ကျောင်းပြီးသွားတဲ့အချိန်မှာတော့ မောင်နဲ့လက်ထပ်ခဲ့ကြသည်…မောင်နဲ့လက်ထပ်ပြီးစအချိန်တွေမှာ နှစ်ဦးသားဘ၀တွေက ကြည်နူးစရာ…ဘ၀ဟာချိုမြိန်ပါတယ်လို့ ထင်ခဲ့မိကြတယ်….အိမ်ထောင်သက်ချစ်ခရီး လမ်း အတော်အကြာမှာတော့….
“နှင်းဆီရေ…နှင်းဆီ”
“ရှင်…”
“မြန်မြန်လာပါကွာ…မင်းကလည်း ဒီမှာ ငါအရမ်းပင်ပန်းနေပြီ”
“ဒီနေ့ လယ်ထဲဆင်းရတာ အဆင်မပြေပါဘူးကွာ”
“နေတွေကလည်း ပူဆို လွန်ပါရောပဲ….လုပ်စားဖို့တောင်မကောင်းတော့ဘူး”
“နှင်းဆီရေ…ဘာလုပ်နေတာလဲကွ….”
“ရှင်”
“ရှင်”လို့သာ ထူးနေပေမယ့် အနားသို့ရောက်မလာသေးတဲ့ နှင်းဆီကို မောင်က စိတ်ဆိုးနေခဲ့သည်…
“မင်းဟာက…ရှင်သာဆိုတယ်…လူကရောက်မလာသေးဘူး…ဘာလုပ်နေတာလဲ”
“ဒီမှာ ဟင်းအိုးတန်းလန်းကြီးဖြစ်နေလို့ပါ”
“ဟာ..ထားခဲ့လိုက်ကွာ”
“လာပြီ…လာပြီ မောင်”
မောင့်အနားကို ကျွန်မရောက်လာတော့ အတော်ပင်စိတ်ဆိုးနေဟန်ဖြစ်နေသောမောင့်ကို နှင်းဆီက..
“မောင် ဘာတွေဖြစ်နေတာလဲဟင်”
“ဘာဖြစ်ရမလဲကွ…မင်းဟာက”
ဘယ်တုန်းကမှ ဆူပူကြိမ်းမောင်းခံရခြင်းမရှိခဲ့တဲ့ နှင်းဆီ မောင့်ရဲ့ဆူပူမှုကြောင့် မျက်ဝန်းမှ မျက်ရည်တွေက အလိုလိုကျခဲ့ရသည်….
“မင်းတို့မိန်းမတွေ အဲ့ဒါကြောင့်ပြောတာပေါ့ကွ…ထစ်ခနဲဆို ငိုဖို့ပဲတတ်တယ်…ဘာလုပ်စားမှာလဲ….”
“ရှင်ပဲ…ချစ်တယ်ဆို…”
နှင်းဆီက ညင်သာသော ကတုန်ကယင်အသံလေးဖြင့် ပြောလိုက်တော့….စိတ်ဆိုးနေသောမောင့်ရဲ့ မျက်နှာ လေးက…ပြုံးသယောင်ရှိလာပြီး..
“အေးပါကွာ….နှင်းဆီရာ..မငိုပါနဲ့တော့နော်”
“မောင်…နှင်းဆီကို ချစ်ပါတယ်နော်”
နှင်းဆီနဲ့မောင်တို့ရဲ့ အိမ်ထောင်သက်တမ်းလေးတစ်လျှောက်မှာ နှင်းဆီက အမြဲဆိုသလို ပြောတတ်တဲ့ စကားလေးတစ်ခွန်းဖြစ်သည်…မောင် ဆူပူကြိမ်းမောင်းချိန်တိုင်း နှင်းဆီကပြောလေ့ရှိသည်။ မောင့်ရဲ့အလို အတိုင်း…ဘာမှမလုပ်ခဲ့ရဘဲ အိမ်မှုကိစ္စတွေနဲ့သာအချိန်တွေကုန်နေရတဲ့ နှင်းဆီ အိမ်ထောင်သည်ဘ၀ကို ငြီးငွေ့လာသလိုဖြစ်မိသည်….နေ့စဉ်လို ချက်လိုက်ပြုတ်လိုက်နဲ့ ၀င်ငွေမရရှိခဲ့သလို…ရံဖန်ရံခါ မောင် အလုပ်တွေအဆင်မပြေဖြစ်လာတဲ့အခါ “မင်းတို့ မိန်းမတွေ”ဆိုတဲ့ အသုံးအနှုန်းတွေကို နှင်းဆီမကြိုက်ဆုံးဖြစ်ခဲ့ ရသည်…တခါတရံ ထွက်ပြေးချင်လောက်အောင်ပင် နှင်းဆီ ကြံစည်မိသည်….ထို့ကြောင့်လည်း နှင်းဆီက မောင့်ကို “ရှင်ပဲချစ်တယ်ဆို”ဆိုပြီး အမြဲပြောတတ်ခဲ့ရသည်။
မောင်က လယ်တွေစိုက်ပြီးချိန် အားလပ်ရက်တွေတိုင်း ပွဲစားအလုပ်လေးလည်း လုပ်တတ်သေးသည်…. ပွဲစားဆိုတဲ့အတိုင်းပါပဲ ရလာတဲ့အခါ မျိုးမျိုးမြတ်မြတ်ဆိုသလို ….မရတဲ့အချိန်တွေကျပြန်တော့လည်း မောင့် မျက်နှာက မသာမယာ….
“မောင်”
“နှင်းဆီတို့…ဒီလ ဆန်ထပ်ဝယ်ရတော့မယ်မောင်…ပြီးတော့ ဟိုဘက်လကဆီကလည်း ကုန်တော့မယ်၊ တစ်ပိဿာလောက်တော့ ထပ်ဝယ်ရလိမ့်မယ်”
“နေပါအုံး…နှင်းဆီ…ဟိုတပတ်က ပွဲစားခလေးရထားတဲ့ ပိုက်ဆံတစ်သောင်းက ကုန်ပြီလား”
“မောင်ရယ်…ပိုက်ဆံတစ်သောင်း ဘာလုပ်လို့ရမှာလဲ…နှင်းဆီတို့ နေ့တိုင်း စားနေတဲ့ ဟင်းဖိုးတွေက ဘယ်က ရမှာလဲလို့… ပြီးတော့ နှင်းဆီကလည်း အလုပ်ရှိတာမဟုတ်ဘူးလေ… မောင့်လုပ်စာလေးပဲရှိတာကို”
“ဟာ…မင်းဟာကလည်းကွာ…ပိုက်ဆံတစ်သောင်းကို ဘယ်လိုသုံးလိုက်တာလဲကွာ…ရှာရတာက လွယ်တာ မဟုတ်ဘူးကွ…”
“နှင်းဆီလည်း ဖြုန်းနေတာမဟုတ်ပါဘူးမောင်ရဲ့….အိမ်မှုကိစ္စတွေပဲဝယ်ခြမ်းနေရတာပါ…တနေ့တနေ့ စားဖို့ သောက်ဖို့ စဉ်းစားရတဲ့ဒုက္ခကလည်း လွယ်တာမဟုတ်ဘူးလေ၊ မောင်ကသာ ပိုက်ဆံပေးပြီးရင် ပြီးရော၊ နှင်းဆီ မှာတော့ စီစဉ်ရတာ..မောင်ပေးတဲ့ ပိုက်ဆံကို ဘယ်လိုလောက်အောင်သုံးရမလဲလို့လေ”
“မောင်…”
”နှင်းဆီတို့ လက်မထပ်ခင်က ဘာပြောခဲ့လဲမောင်”
“နှင်းဆီ အလုပ်လုပ်မယ်ပြောတာ မောင်ပဲလက်မခံခဲ့တာလေ…ခုတော့ မောင်က ဒီစကားပြောလာပြီပေါ့နော်”
“တော်ပြီ…နှင်းဆီ ထမင်းဟင်းချက် အိမ်မှုကိစ္စတွေမလုပ်တော့ဘူး…အပြင်အလုပ်ပဲ သွားလုပ်တော့မယ်..”
“နှင်းဆီ..မင်းက ဘာလုပ်မလို့လဲ…..မလုပ်ရဘူး”
“အဟင့်…..အီး…ဟီး…..”
“ရှင်ပဲ…အစကတော့ နှင်းဆီကို ချစ်တယ်ဆို…”
“ရှင်ပဲ…ချစ်တယ်ဆို”
ငိုသံပါလေးနဲ့အတူ နှင်းဆီ မောင့်ကိုပြောလိုက်မိသည်…မောင့်နားထဲမှာ ရိုးမသွားနိုင်ဘဲ ပြောနေခဲ့တဲ့ နှင်းဆီရဲ့ စကားလေးတစ်ခွန်းပါ…ထိုစကားလေးနဲ့ပင် မောင်က နှင်းဆီကို အချစ်တွေပိုနေခဲ့ရသည်…။
“နှင်းဆီရယ်…မငိုပါနဲ့တော့ကွာ…နော်”
“မောင် နှင်းဆီကို ဆူချင်လို့မဟုတ်ပါဘူး…ဒီနေ့ အလုပ်လေးက အဆင်မပြေတာနဲ့ပဲ…ပြောလိုက်မိတာပါကွာ”
“တိတ်တော့နော်…မောင့်ချစ်နှင်းဆီလေး…”
“အင်း….”
ဒီလိုနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ နှင်းဆီတို့ရဲ့ အိမ်ထောင်သက်တမ်းလေးကို ခိုင်မြဲစွာနဲ့ တည်ဆောက်ခဲ့ကြပါ တော့တယ်…နှင်းဆီ တွေးလိုက်မိသည်က…နှင်းဆီ အပျိုဘ၀လေးနဲ့ အိမ်ထောင်သည်ဘ၀လေးဟာ သိပ်ကို ခြားနားသွားခဲ့ပါလား…အချစ်ဆိုတာ ဘ၀တွေနဲ့ အချိုးချတဲ့အခါမှာတော့ ဘ၀ကိုနားလည်စာနာပြီး အချစ်တွေကို ဆက်ချစ်သွားဖို့၊ ရေရှည်ခိုင်မြဲဖို့ဆိုတာ နှစ်ဦးလုံးမှာ တာဝန်ရှိနေပါလားဆိုတာကို သိခဲ့ရတယ် “အိမ်ထောင်မှုဘုရားတည်…ဆေးမှင်ရည်စုပ်ထိုး”ဆိုတဲ့ ရှေးစကားတွေနဲ့အညီ…တစ်ဦးက ဒေါသထွက်လို့ တစ်ဦးကပါ ဒေါသဖြစ်နေခဲ့မယ်ဆိုရင် နှင်းဆီနဲ့မောင်တို့ရဲ့ အိမ်ထောင်ရေးဟာလည်း မသာယာနိုင်တော့ဘူးဆို တာကို နှစ်ဦးစလုံး နားလည်လာခဲ့ရပါတော့တယ်…။
နှင်းဆီကိုယ်တိုင် ကျေနပ်နေမိခဲ့သည်..မောင်နဲ့နှင်းဆီ အဆင်မပြေမှုလေးတွေ ရှိနေခဲ့ကြပေမယ့် ခိုင်မြဲတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့လို့ ပျော်ရွှင်နေခဲ့ရသည်…မောင်ဟာ နှင်းဆီအပေါ် သစ္စာရှိရှိနဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့အတွက်လည်း မောင့်ကို နှင်းဆီ ကျေးဇူးတင်နေရသည်…
တစ်နေ့မှာတော့….မောင်က နှင်းဆီကို ဆန္ဒလေးတစ်ခု တောင်းခံခဲ့သည်…
“နှင်းဆီ”
“ဘာလဲ မောင်”
“မောင်တို့ ခုဆို အိမ်ထောင်သက် (၁)နှစ်ပြည့်ပြီနော်”
“ဟုတ်တယ်လေ မောင်ရဲ့…ဘာလို့လဲဟင်”
“မောင်တို့… သားသားမီးမီးလေးများ ယူမလားလို့ပါ…”
“ဟာ…မောင်ကလည်းကွာ…ဘာများလဲလို့”
ရှက်ကို့ရှက်ကန်းအပြုံးလေးနဲ့ နှင်းဆီ ဖြေလိုက်မိသည်….
“ရှက်မနေပါနဲ့ နှင်းဆီရယ်…ကဲ..ပြော နှင်းဆီက သားသားလေးယူမလား…မီးမီးလေးယူမလား…”
“အင်း…နှင်းဆီကတော့လေ…မီးမီးလေးဖြစ်ဖြစ်..သားသားလေးဖြစ်ဖြစ် ချစ်မှာဘဲလေ…ပြီးတော့ မောင်နဲ့တူတဲ့ ကလေးလေးကို နှင်းဆီက မွေးပေးမှာပေါ့…”
“အမလေး…မိန်းမရယ်….အဲ့ဒါတွေကြောင့် မောင့်မိန်းမကိုချစ်နေရတာ”
မောင့်ရဲ့ဆန္ဒတွေအတိုင်း နှင်းဆီနဲ့မောင်တို့ရဲ့ ရင်သွေးလေးကို နှင်းဆီလွယ်ထားခဲ့ရတော့သည်..မောင်က နှင်းဆီထက်ပင် ရင်သွေးလေးကို ပိုချစ်နေရှာသည်..မောင့်ရဲ့ ရင်သွေးလေးအပေါ်ချစ်တဲ့အချစ်တွေကို နှင်းဆီ ပီတိတွေဖြစ်ခဲ့ရသည်…..။
ရင်သွေးလေးကို လွယ်ထားရတဲ့ နှင်းဆီ ချို၊ ချဉ်၊ ပူ၊စပ်၊ ခါး ရှောင်ရသည်..မောင်က နှင်းဆီထက်ပင် ပိုခဲ့သည်…
“ဟာ… နှင်းဆီ…ဘာတွေစားနေတာလဲ”
“နှင်းဆီ..အချဉ်ထုပ် စားနေတာပါ…”
“နှင်းဆီရာ…အဲ့ဒီ အစပ်တွေပါတဲ့အချဉ်ထုပ်တွေ မစားရဘူးလေကွာ..”
“မောင်ကလည်း နှင်းဆီက စားချင်တာကိုး”
“မရဘူး နှင်းဆီးရာ….ခု နှင်းဆီက တစ်ယောက်တည်းမဟုတ်တော့ဘူးလေ…နှစ်ယောက်ဖြစ်နေပြီ…”
“ပေးပေး..မောင့်ကို….မစားနဲ့တော့”
“ဟင်း…ရှင်ပဲ ချစ်တယ်ဆို…”
နှင်းဆီရဲ့ လက်သုံးစကားလေးကို မောင့်ကိုပြောလိုက်မိသည်..ဒါပေမယ့် ဒီတခါတော့ မောင်က….
“ဒီတခါတော့ မစားပါနဲ့တော့ မိန်းမရယ်..နော်…နော်”
“မောင့်ရင်သွေးလေး…တခုခုဖြစ်မှာစိုးလို့ပါနော်..”
သိသိနဲ့ပင် နှင်းဆီ မောင့်အပေါ်ကို ဆိုးနွဲ့မိခဲ့သည်…
“ဘာလဲ…မောင်က နှင်းဆီကို မချစ်တော့လို့လားဟင်….”
“ချစ်တာပေါ့…နှင်းဆီရယ်….ဒါကြောင့်လည်း နှင်းဆီရော…မောင့်ရဲ့ရင်သွေးလေးပါ တခုခုဖြစ်မှာစိုးလို့ မောင်က ပြောနေရတာပါ….”
မောင့်ရဲ့ ကရုဏာသံလေးတွေကြားပြီး မောင့်အပေါ်ကို နှင်းဆီပိုချစ်လာခဲ့မိသည်….မောင်ရယ်…. မောင့်ရဲ့ အချစ်တွေကို နှင်းဆီ လိုချင်လို့…မောင် နှင်းဆီအပေါ်ကို အချစ်တွေလျော့သွားမှာစိုးလို့ နှင်းဆီက တမင် ပြောနေတာပါ…မောင် နှင်းဆီကိုချစ်တယ်ဆိုတာလေ….နှင်းဆီအသိဆုံးပါနော်…မောင်နဲ့နှင်းဆီတို့ရဲ့ ရင်သွေး လေးကို လူ့လောကထဲရောက်လာအောင် ကျန်းကျန်းမာမာနဲ့ ရှိနေအောင် နှင်းဆီ စောင့်ရှောက်နေမှာပါ မောင်ရယ်…..ဒါပေမယ့်လေ ဘယ်အချိန်တွေပဲရောက်ရောက်…အသက်တွေကြီးလာတဲ့အထိတော့ နှင်းဆီ မောင့်ကို ပြောနေကျစကားလေးတစ်ခွန်းဖြစ်တဲ့ “ရှင်ပဲ…ချစ်တယ်ဆို”ဆိုတဲ့ နှင်းဆီရင်ထဲက စကားလေး တစ်ခွန်းကိုတော့ ပြောခွင့်ပြုပါနော်….နှင်းဆီ…မောင့်ကို သိပ်ချစ်လို့ ဆိုးမိတာပါမောင်ရယ်…….။
“ချစ်သူတွေ ပျော်ရွှင်သာယာတဲ့မိသားစုဘ၀လေးကို အချစ်တွေနဲ့အတူ ခိုင်မြဲစွာ တည်ဆောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းဖြင့်….

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့