Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 26 May 2012

အလှည့်ကျဓာတ်အားပေးစနစ် တစ်နိုင်ငံလုံး စတင်ကျင့်သုံး


ရန်ကုန်မြို့တွင်း၌ လျှပ်စစ်ဓာတ်အားဖြတ်တောက်မှု
ကြောင့် မီးစက်များ အသုံးပြုနေစဉ်။
ဓာတ်ပုံ - ဘူးသီး
မေလ ၁၉ ရက် နံနက်ပိုင်းတွင် ကချင် ပြည်နယ်နှင့် ရှမ်းပြည်မြောက် ပိုင်းအစပ်ရှိ ရွှေလီ - မန်စံ မဟာဓာတ်အားလိုင်း ဖောက်ခွဲဖျက်ဆီးခံ ရမှုကြောင့် ရွှေလီ ဓာတ်အားပေးစက်ရုံမှ ပုံမှန်ရရှိနေသော ဓာတ်အား ၂၀၀ မဂ္ဂါဝပ်ခန့် လျော့ကျသွားသဖြင့် ထိုနေ့မှ စတင်ကာ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ကာ အများပြည်သူများအား ဓာတ်အားဖြန့် ဝေမှုတွင် ၂၁ ရက်နေ့မှစကာ အုပ်စုသုံးစု ခွဲ၍ တစ်အုပ်စုလျှင် ခြောက်နာရီ အလှည့် ကျ ဓာတ်အားဖြတ်တောက်သည့် စနစ်ကို ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေးအဖွဲ့က စတင်ကျင့်သုံးခဲ့သည်။
"စက်မှုဇုန်တွေကိုတော့ မပေးတော့ ဘူး။ အများပြည်သူက အုပ်စု သုံးစုမှာ တစ်အုပ်စုပြတ် နှစ်အုပ်စုပေးစနစ်နဲ့ပါ။ ညနေ ၅ နာရီကနေ ည ၁၁ နာရီအချိန် တွင်းမှာ အသေးစား စက်မှု၊ လက်မှုလုပ်ငန်း တွေ ဓာတ်အားမသုံးရဘူး။ အဲဒါကိုလည်း စစ်ဆေးမှာပါ"ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။
အဆိုပါစည်းကမ်းကို မလိုက်နာပါက ပထမအကြိမ် အရေးယူမှုအနေဖြင့် မြင်းကောင်ရေ တစ်ကောင်အားသုံးလျှင် ကျပ်၂,၀၀၀ ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်ပြီး ဒုတိယအကြိမ်တွင် ကျပ် ၃,၀၀၀၊ တတိယအကြိမ်တွင် ကျပ် ၅,၀၀၀ နှင့် စတုတ္ထအကြိမ်ထိ မလိုက်နာပါက ရာသက်ပန် ဓာတ်အားဖြတ်တောက် မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ဆေးရုံ၊ ကျောင်း၊ ရဲစခန်း၊ အကျဉ်း ထောင်၊ ဆက်သွယ်ရေး စခန်းများနှင့် အခြား အရေးကြီးနေရာများကိမူ ၂၄ နာရီ ဓာတ်အား ပေးထားမည်ဖြစ်ပြီး ဓာတ်အားပုံမှန် ပြန်လည်ဖြန့်ဖြူးနိုင်မည့် အချိန်ကို မခန့်မှန်းနိုင်သေးကြောင်းလည်း ၎င်းက ပြောသည်။
" အခုလောလောဆယ်မှာ ဖြစ်တဲ့ နေရာက မငြိမ်းချမ်းသေးတဲ့နေရာမို့လို့ နယ်မြေကို လုံခြုံရေးကိစ္စအတွက်အရင် ဆုံးဖြေရှင်းရမယ်။ တာဝါတိုင်ပြန်ပြင်မယ့်သူက လုံခြုံရေးအပေါ်မူတည်ပြီး နောက်ကလိုက်ရမှာပါ" ဟု ဦးအောင်ခိုင် က ပြောသည်။
ရွှေလီ - မန်စံ မဟာဓာတ်အားလိုင်း၏ တာဝါတိုင်များဖြစ်သော အမှတ် ၇၃၊ ၂၀၆၊၂၀၇နှင့် ၂၀၈ တို့သည် မေလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် KIA ၏ ဖောက်ခွဲဖျက်စီးမှုကြောင့် ပြိုလဲ ပျက်စီးခဲ့ရခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံးအတွက် ဓာတ်အားလို အပ်ချက်မှာ တစ်ရက်လျှင် နေ့အချိန် မဂ္ဂါဝပ် ၁,၆၀၀ နှင့် ညအချိန် မဂ္ဂါဝပ် ၁၈၀၀ ဖြစ်ပြီး ရွှေလီဓာတ်အားလိုင်း ဖျက်ဆီးမခံရမီအချိန်ထိ နေ့ဘက်တွင် မဂ္ဂါဝပ် ၁,၁၀၀ နှင့် ညဘက် မဂ္ဂါဝပ် ၁,၃၀၀ ပေးနိုင်ကြောင်း၊ ဖျက်ဆီးခံရပြီး နောက်တွင် မဂ္ဂါဝပ် ၂၀၀ လျော့သွားခြင်းကြောင့် လက်ရှိတွင် ဓာတ်အားပေးနိုင်မှုမှာ နေ့ပိုင်းတွင်မဂ္ဂါဝပ် ၉၀၀ နှင့် ညပိုင်းတွင် မဂ္ဂါဝပ် ၁,၀၀၀ ခန့်သာ ပေး နိုင်တော့ကြောင်းလည်း ၎င်းကပြောသည်။
"လက်ရှိမှာ ၉၀၀ မဂ္ဂါဝပ်လောက်နဲ့ တပြည်လုံးကို ပေးနေရတာပါ။ ရန်ကုန်ကို တစ်ပြည်လုံးရဲ့ တစ်ဝက်ဖြစ်တဲ့ ၄၅၀ မဂ္ဂါဝပ် ပေးထားတယ်။ ရန်ကုန်က အရင်သုံးခွင့်ရ တဲ့ မဂ္ဂါဝပ် ၈၀၀ မှာ ၄၅၀ ပဲသုံးလို့ရတော့မယ့် အနေအထားပါ။" ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ပြောသည်။
အများပြည်သူများအတွက် အုပ်စု လိုက်ဓာတ်အားပေးသည့် အချိန်ဖြစ် သည့် အုပ်စုတစ်စုနှင့်တစ်စု မီးပေးချိန် ပြောင်းလဲရာတွင် လမ်းဆုံ၊ လမ်းခွနှင့် မီးပွိုင့်များတွင် ဓာတ်အားပြတ်တောက် မှုကာကွယ်ရန်အတွက် ရန်ကုန်မြို့တွင်း ရှိ အရေးကြီးသောနေရာ ရှစ်ခုတွင် မီးပြတ်တောက်ချိန် အန္တရာယ်ကင်းစွာ သွားလာနိုင်ရန် မီးစက်ရှစ်လုံးချထားပေးကြောင်းလည်း ၎င်းကပြောသည်။
ဓာတ်အားပြည့်ဝစွာမရရှိမှုကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်က သုံးခွမြို့နယ်တွင် ပြည်သူများက ဖယောင်းတိုင်များ ကိုင်ဆောင်၍ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး ဥက္ကဋ္ဌဦးအောင်ခိုင်က "ဒီလိုဆန္ဒပြမှုတွေ မဖြစ်ရအောင် မီဒီယာတွေက ဖြစ်ကြောင်းမှန်ကို ရေးပေးဖို့ပါ။ အဲဒါမှ မကျေနပ်ဘူးဆိုရင် ပြည်သူပေးတဲ့ အပြစ်သာခံဖို့ အသင့်ပါပဲ" ဟု ပြောသည်။
မေလ ၂၀ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီးအတွင်း ချမ်းအေးသာစံ မြို့နယ်တွင် လူပေါင်း တစ်သောင်းကျော် ခန့်က ည ခြောက်နာရီခန့်မှ စတင်ကာ ဖယောင်းတိုင်များ ကိုင်ဆောင်၍ ဆန္ဒပြ ခဲ့ကြကြောင်း မန္တလေးမြို့ခံတစ်ဦးဖြစ် သူ ဦးလှမြင့်သိန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
"လက်ထဲမှာလည်း မြန်မာ့စွမ်းအင်၊ မြန်မာပြည်သူတွေအတွက်ဆိုပြီး ရေးထားတဲ့ ဆိုင်းဘုတ်တွေကိုကိုင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြ တာပါ။ ည ၉နာရီ ခွဲလောက်မှာ ပြီးသွားတယ်။ အစပိုင်းက လူ ၃,၀၀၀ လောက်ပဲရှိတယ်။ နောက်မှ တစ်သောင်းကျော်လောက် ဖြစ်လာပြီး မန္တလေး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ရုံးရှေ့မှာစုပြီး ဆန္ဒပြကြတယ်" ဟု ၎င်းက ပြောသည်။
စက်မှုဇုန်များအနေဖြင့် မီးလုံးဝမရရှိ ခြင်းမှာကြီးမားသော အခက်အခဲဖြစ် ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငါး လုပ်ငန်းဆိုင်ရာ အအေးခန်းစက်ရုံများ အားလုံး ရပ်တန့်သွားနိုင်ကြောင်း မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။
"လုပ်ငန်းရှင်တွေအားလုံး အစည်း အဝေးလုပ်ထားပါတယ်။ မီးလုံးဝမရတာ ထက်စာရင် စက်မှုဇုန်တွေအတွက် အချိန်ပိုင်း လောက်တော့ မီးရနိုင်ဖို့ အတွက် စာတင်ဖို့ လုပ်နေပါတယ်။ ဒီတိုင်းသွားရင် အားလုံးအရှုံးနဲ့ ရင်ဆိုင် ရတော့မှာပါ။ ကုန်ကျစရိတ်က လုပ်ငန်း ပေါ်မူတည်ပြီး ငါးဆလောက်တက် သွား နိုင်ပါတယ်။ မီးမလာတော့ ဒီဇယ်နဲ့ မောင်းရပြီး တစ်နာရီကို တစ်ဂါလန်မက ကုန်နေပါတယ်" ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးလျှက်ရှိသော ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၈ ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတစ်ရုံနှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၀ ရုံ စုစုပေါင်း ဓာတ်အားပေးစက်ရုံ ၂၉ ရုံ ရှိသည်။
ရေအား၊ ကျောက်မီးသွေးနှင့် ဓာတ်ငွေ့စက်ရုံများပေါင်း၍ ဓာတ်အား ထုတ်လုပ်နိုင်မှု ပမာဏမှာ မိုးရာသီတွင် ၁,၆၁၀ မဂ္ဂါဝပ်ခန့်နှင့် နွေရာသီတွင် ၁,၃၄၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်နိုင်သည်။
နိုင်ငံအတွင်း မိုးရာသီတွင် လျှပ်စစ် ဓာတ်အား သုံးစွဲမှုမှာ ၁,၅၆၀ မဂ္ဂါဝပ် ရှိပြီး စုစုပေါင်း ထုတ်လုပ်နိုင်မှု ပမာဏ ၁,၆၁၀ မဂ္ဂါဝပ် အောက် လျော့နည်း သဖြင့် မိုးရာသီတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ခြင်းဖြစ် သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့