Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 24 May 2012

မိန်းကလေးများ လက်ထပ်သည်ဆိုရာဝယ်-

အရင်တခေါက်က ရေးခဲ့တဲ့ "မိန်းကလေးများ လက်ထပ်သည်ဆိုရာဝယ်" ဆိုတဲ့စာမှာ ကျမရေးချင်တဲ့ အကြောင်းအရာတွေ အများကြီးကျန်နေခဲ့တာကြောင့် သည်စာကိုဆက်ရေးဖြစ်ခြင်းဖြစ်သည်။ အရင်စာထဲမှာ မင်္ဂလာဆောင်အကြောင်းကို ဦးစားပေးရေးဖြစ်ခဲ့တာမို့ တခြားအကြောင်းအရာလေးတွေကို ကျန်ခဲ့တော့
စိတ်ထဲမှာ ထပ်ရေးမယ်လို့ တွေးထားပေမယ့် တော်တော်နဲ့မရေးဖြစ်ခဲ့။
မိန်းကလေးတွေဟာ အရွယ်ရောက်လာရင် မှီခိုအားကိုးချင်လို့ဖြစ်စေ၊ ကိုယ်ချစ်တဲ့သူနဲ့အတူနေချင်လို့ဖြစ်စေ တချိန်ချိန်မှာ လက်ထပ်ကြသည်မှလား။ ဘ၀လက်တွဲဖော်တယောက်ရှာတဲ့အခါ မိန်းကလေးတွေဘက်က ဖြစ်ချင်တာဖြစ်ခွင့်က အခွင့်အရေးနဲတယ်လို့ ကျမထင်ပါသည်။ ဆိုလိုချင်တာက မိန်းကလေးဆိုတဲ့ အသိနဲ့ လွတ်လပ်စွာပြောခွင့် တောင်းဆိုခွင့်ကို နှုတ်ဆွံ့နေကြတာမျိုးပေါ့။
အထူးသဖြင့် ကျမတို့ အာရှသူတွေ၊ မြန်မာ မိန်းကလေးတွေပေါ့…
တချို့တွေဆိုလျှင် ကိုယ်ကမချစ်မနှစ်သက်သော်လည်း အိမ်ကပေးစားတာကို ယူခဲ့ရတာလည်းရှိသည်။ ကျမအနေနဲ့ကတော့ သူများစပ်ပေးလို့ဖြစ်စေ အိမ်ကပေးစားသည်ဖြစ်စေ မချစ်ခင်မနှစ်သက်ပဲ လုံးဝမယူနိုင်ပါ။ တသက်လုံးအတူနေရမည့်သူကို ကိုယ်က မနှစ်သက်ပါက ဘယ်လို မျက်နှာကြည့်ပြီးနေနိုင်ပါမည်လဲလေ။ သူဘာလုပ်လုပ် ဘယ်လိုကြိုက်နိုင်မည်နည်း။ သူက ပိုက်ဆံသိပ်ပေါနေလို့ သုံးနိုင်ဖြုံးနိုင်နေစေအုံးတော့ တအိမ်ထဲတခန်းထဲ အတူနေရမှာ စိတ်မသက်သာဘူးလို့ တွေးမိသည်။ သည်ကြားထဲက ကိုယ်နဲ့စိမ်းသော သူ့မိသားစုတွေနှင့် တအိမ်ထဲ အတူနေရပါက ပို၍ပင်ဆိုးအုံးမည်။
ကိုရီးယားတွင် နိုင်ငံခြားသူမိန်းကလေးတွေဟာ ပိုက်ဆံကြောင့် မိမိထက် အသက်ကြီးသည့်သူတွေနှင့်ယူပြီး
ယောက္ခမနှင့်အတူနေကြသူတွေကို တွေ့ရသည်။ ဗီယက်နမ်မိန်းကလေးတချို့ဆိုလျှင် ကိုရီးယားစကားပင်မတတ်ပါ။ ကိုယ့်ကလေးက ကိုရီးယားလိုပြောသည်ကိုပင် သေခြာနားမလည်၊ ပိုဆိုးသည်က ကလေးတွေက ကပြားလေးတွေအမေက ကိုရီးယားလို ကောင်းစွာမတတ်သည့် အရှေ့တောင် အာရှတိုက်သူဆိုလျှင် ကလေးတွေက
ကျောင်းမှာအနှိမ်ခံရတတ်သေးကြောင်းပင်ကြားဖူးသည်။ မိမိအပြင်မှာ မမြင်ဖူးသော ယောက်ကျားတယောက်ကို ငွေအတွက် သူများစပ်ပေးလို့ ယူပြီး တခြားနိုင်ငံမှာ ဆွေမရှိမျိုးမရှိလာရောက်နေထိုင်သော သူတို့အတွက် စိတ်မကောင်းပါ။ နိုင်ငံခြားမှာ လင်ဆိုး၊ ယောက္ခမ ဆိုးဆိုးနဲ့နေရလျှင်ပိုဆိုးမည်။ ဒါတွေကို မြန်မာမိန်းကလေးတွေလည်း ငွေအတွက် ဒါမှမဟုတ် နိုင်ငံခြားကိုလာချင်လို့ နိုင်ငံခြားသားကို ကိုယ်က မချစ်ပဲယူမည်ဆိုလျှင် စဉ်းစားစေချင်သည်။
ဘ၀မှာ အမျိုးမျိုးသော အိမ်ထောင်ရေးတို့ရှိသည်ကိုပင် ဖူးစာပေါ့ဟု ဖြေသိမ့်နေကြရသည်။ တချို့ကတော့ ကိုယ်တိုင်ရွေးခြယ်ယူပြီး အဆင်မပြေဖြစ်ခဲ့ကြသော အိမ်ထောင်ရေး ကျဆုံးမူများလည်းရှိသည်။ ကျမမှာ ယခင်က အိမ်ထောင်ပြုဖို့ သတ္တိနည်းခဲ့သလို စိတ်ပူခဲ့သည်။ ကိုယ့်ချစ်သူက ယူပြီးမှ ကိုယ့်အပေါ် သစ္စာဖောက်သွားမလား တခြားအကြောင်းအရာများကြောင့် အိမ်ထောင်ရေးပြိုကွဲမလားဆိုတာမျိုးတွေ… ဒါတွေကို ကျမတွေးမိလျှင် လက်မထပ်လိုပါ။ တယောက်ထဲနေရသည်က ပိုကောင်းသည်ဟုသာထင်ခဲ့သည်။ သို့သော် ကိုယ်ချစ်သူရှိလာသောအခါ မခွဲချင်တော့ တဘ၀လုံး အတူနေချင်မိသည်ပေါ့။ မိန်းကလေးတိုင်း ချစ်တဲ့သူနှင့် ဘယ်လိုပင်ဖြစ်စေ လက်တွဲလိုကြသဖြင့် နောက်ဆုံး ရည်မှန်းချက်ကတော့ သူနှင့်သာ လက်ထပ်ဖို့ဖြစ်သည်။ ယူမိလို့ ရွေးခြယ်လို့မှားသွားလည်း မိမိကံသာပုံချယုံဖြစ်သည်။
ကျမသိဖူးတဲ့ သူအချို့အကြောင်းပြောပြချင်ပါသည်။ ကျမတို့ငယ်စဉ်က ဖေဖေ့မိတ်ဆွေအရာရှိတယောက်မှာ သဘောကောင်းပြီး ရုပ်ချောသည်။ သူက ကျမဖေဖေ့ထက်အသက်ငယ်ပါသည်။ အိမ်ထောင်နှင့် ကလေးလည်း ရှိသည်။ ဇနီးသည် အမျိုးသမီးကလည်း ရုပ်ချောသည်။ သူတို့ချင်းကြိုက်နှစ်သက်လို့ယူပြီးမှ နောက်တော့ကွဲသွားကြသည်။ ဘာကြောင့်မှန်းတော့ သေခြာမသိပေမယ့် သူကအတော်စွံသည်။ ပွေသည်လို့လည်း သိရသည်။ သူက ရုပ်ချော သဘောကောင်းပြီး အရာရှိလည်းဖြစ် ပိုက်ဆံလည်းရှိတာကြောင့် မိန်းကလေးတွေက သဘောကျတာဖြစ်နိုင်ပါသည်။ သည်လိုနဲ့ သူ့ထက်တော်တော်ငယ်တဲ့ မိန်းကလေးတယောက်နှင့် ထပ်အိမ်ထောင်ကျသည်။ အဲဒီမိန်းကလေးနေတာက ကျမတို့ အိမ်နဲ့ မနီးမဝေးကဆိုတာ နောက်မှသိရသည်။ သူမက သူနှင့် အလုပ်တူပြီး သူ့လက်အောက်ကလို့ပြောသည်။ ရုပ်ကလေးကလည်း ချစ်စရာလေး ပိုက်ဆံရှိသောအိမ်မှ တဦးတည်းသောသမီး အငယ်ဆုံးဖြစ်သည်။ အမှန်က သူမမှာ ရီးစားရှိတယ်လို့ သိရပေမယ့် အဲဒီအရာရှိနှင့် ချစ်သူတွေဖြစ်သွားပြီး တွဲနေကြသည်။ နောက်တော့ သူမအိမ်က မင်္ဂလာပွဲကို အကြီးအကျယ်ဆောင်ပေးရမယ်လို့ တောင်းဆိုသည်။ ဒါနဲ့ ပိုက်ဆံအကုန်ခံကာ အဲဒီခေတ်က ဆောင်ကြတဲ့ ဟိုတယ်ကြီးတခုမှာ တီးဝိုင်းတွေနဲ့ အကြီးအကျယ်ကို မင်္ဂလာဆောင်ပေးသည်။ သည့်နောက်တွင် အတူနေကြတော့ အစက မိန်းကလေးက တဦးတည်းသော သဌေးသမီးဆိုတော့ ဘာမှမလုပ်တတ်ဘူးဆိုလည်း ကိစ္စမရှိဘူးပေါ့။ ကြာတော့ မိန်းမကဘာမှမချက်တတ်လို့၊ ဒါ့အပြင် စိတ်ဆိုးရန်ဖြစ်ကြလို့ဆိုပြီး သူကငြီးသည်တဲ့.
သည်လိုနဲ့ စိတ်ကောက်လိုက် ပြန်ချော့လိုက်နဲ့ပေါ့။ သူကလည်း အမှန်တော့ နဂိုကထဲက ခပ်ပွေပွေ နောက်ဆုံးတော့ ဘယ်လောက်မှမကြာဘူး ပြန်ကွဲသွားတယ်။ မင်္ဂလာအကြီးအကျယ်ဆောင်ပြီး ကွဲသွားကြတော့ သူ့အမေက အိမ်လာပြီး ကျမအဖေကို လာညှိပေခိုင်းပေးမယ့် ကွဲသွားတော့သည်။ သူမက ကိုယ့်ထက်အသက်ကြီးသောသူက သူမလိုအပျိုချောလေးကို ရလို့ အစစသီးခံကာ ဖူးဖူးမှုတ်ချစ်လိမ့်မည်ဟု ထင်ကောင်းထင်ပေလိမ့်မည်။ တကယ်တော့ ထင်သလိုဖြစ်မလာပေ။ အဲဒီအမက အိမ်ထောင်ကွဲသောအခါ အသက်က ငယ်ရွယ်သော အရွယ်ကောင်းလေးပဲ ရှိသေးသည်။
နောက်တယောက်တော့ မေမေတို့ မိတ်ဆွေသမီးအကြီးဆုံးပါ။ ထိုအမ မင်္ဂလာဆောင်ခါနီးတော့ မေမေ့ကို အိမ်အလည်ခေါ်တော့ ကျမတို့ပါလိုက်သွားကြသည်။ သူတို့က အိမ်သားများပေမယ့် မိဘတွေနေတဲ့ master bed room မှာ မင်္ဂလာခန်းအဖြစ်ပြင်ပေးထားပြီး ခေါ်ပြသည်။ တရုတ်စပ်သူတွေဆိုတော့ ထုံးစံအတိုင်း အမျိုးတွေကြည့်ဖို့ သတို့သမီး စီးဖို့ဖိနပ်ကအစ လက်သည်းဆိုးဆေးတွေပါတင်ထားပြီး ပြင်ထားပြထားသည်။ အိပ်ယာခန်းမကို ကြိုပြင်ထားပြီး ဒါလေးက ဘယ်လောက်ကုန်တယ် ပန်းထိုးထားတာဘယ်လိုပေါ့ မေမေ့ကိုပြောပြတာ ကျမတို့ပါဝင်စပ်စုကြသည်။ မင်္ဂလာဆောင်ကိုလည်း ဟိုတယ်မှာ အကြီးအကျယ်ဆောင်ခဲ့ပြီး နောက်တို့ ကျမတို့ ဓါတ်ပုံတွေပင်ကြည့်ရတော့ အလွန်သဘောကျကြသည်။ ကိုယ်တိုင်တောင် ကလေးပေမယ့် ကြီးလာရင် အဲလိုမင်္ဂလာဆောင်မျိုးလုပ်ချင်သလို ဖြစ်ခဲ့သည်။ ဒါပေမယ့် နောက်ပြန်သိရတော့ သမီးလေးတယောက်ရပြီး ကွဲသွားကြသည်တဲ့။ ကျမ သိတာကတော့ သူတို့ နှစ်ယောက်လုံးက ခပ်အေးအေးတွေ အိမ်ကပေးစားတာမဟုတ်ပဲ တယောက်နဲ့ တယောက်ချစ်ကြလို့ လက်ထပ်ကြတာ ဘာကြောင့် ကွဲသွားသည်တော့ မသိတော့ပါ။ အရင်က အိမ်ထောင်သည်တွေ အဲလိုကွဲသွားတယ်ဆိုတဲ့ သတင်းကြားရရင် စိတ်မကောင်းသလို အံ့သြောသလိုဖြစ်ခဲ့ဖူးသည်။
မိန်းကလေးတွေကတော့ ယူပြီးရင် ဘယ်ကွဲချင်ပါ့မလဲနော်။ ပညာတတ်တတ် မတတ်တတ် ပိုက်ဆံရှိရှိ မရှိရှိ ဘယ်လိုမိန်းမဖြစ်ဖြစ် အိမ်ထောင်ပြုပြီးလျှင်တော့ အိမ်ထောင်ကိုခိုင်မြဲချင်မှာအမှန်ပါ။ တခုလပ်ဆို တကယ်တမ်းအပြောခံရတာ နစ်နာတာက မိန်းကလေးတွေပဲမဟုတ်လား။ ယောက်ကျားလေးအတွက်လည်း မကောင်းပါ။ ဘယ်သူတွေ မကောင်းသည်ဖြစ်စေ တကယ်တော့ သနားစရာကောင်းတာက မိဘကိုရွေးခြယ်ခွင့်မရှိသော သားသမီးတွေမဟုတ်ပါလား။ အဖေအမေနှင့် အတူမနေရသည့် ကလေးသည် တနည်းနည်းဖြင့် စိတ်အားတော့ ငယ်မည်ပေါ့။ ခုခေတ်မှာတော့ အိမ်ထောင်ကွဲတာက အဆန်းမဟုတ်တော့ပါ။ သို့သော် မိန်းကလေးများ လက်ထပ်သည်ဆိုရာဝယ် သေသည်အထိ အတူဘ၀ကိုတည်ဆောက်ကာ ပေါင်းသင်းချင်လို့သာဖြစ်သည်ဟု ကျမယူဆပါသည်။ တကယ်တော့ အိမ်ထောင်တခုတည်မြဲဖို့ဆိုတာလည်း ပိုက်ဆံနောက်လိုက်နေရသော ခုခေတ်တွင် အတော်ခက်သည်။ တယောက်နှင့် တယောက်နားလည်မူရှိဖို့ သံယောဇဉ်ရှိဖို့ စာနာဖို့က အိမ်ထောင်ရေးတွင် အရေးကြီးကြောင်း ကျမကိုယ်တိုင် အိမ်ထောင်ကျတော့ နားလည်လာခဲ့သည်။
ချစ်သူဘ၀က ဘယ်လောက်ချစ်ပါတယ်ပြောပြော စိတ်အခန့်မသင့်သောအခါ ကွဲမယ် ခွဲမယ်ဟု လွယ်လွယ်သာပြောခဲ့ပေမယ့် လက်ထပ်ပြီးသောအခါ လွယ်လွယ်နှင့်ကွဲဖို့မဖြစ်နိုင်ပါ။ ကျမဆို မာနနှင့် ငါနင့်ကို မယူလို့ဘာမှမဖြစ်ဘူး နောက်လာမပါတ်သတ်နဲ့ဆိုပြီး စိတ်ဆိုးပြီးမကြာခဏ ပြောခဲ့သည်။ ယူပြီးနောက်တော့ ဘယ်လောက်စိတ်ဆိုးဆိုး အတူနေကြတော့ စိတ်ပြေသည့်အခါ သံယောဇဉ်ကြောင့် ခွဲဖို့စိတ်မကူးတော့ပါ။ ချစ်သူကို ချစ်သော အချစ်နှင့် ခင်ပွန်းသည်တယောက်ကို ချစ်သည့်အချစ်က တကယ်ပင်မတူတော့ပါ။ ခင်ပွန်းကိုတော့ အစစ အားကိုးစိတ် တွယ်တာစိတ်နှင့် မေတ္တာရှိတာကို ကိုယ်တိုင်သိလာတော့သည်။ မိန်းကလေးတွေက အဖေကို ငယ်စဉ်က ဘယ်လောက်ချစ်ချစ် ကြီးလာတော့ လက်ပွန်းတတီးမနေကြတော့။ အမေကိုသာ တွယ်တာကာ ကြီးသည်အထိ လက်ပွန်းတတီး ဖက်တွယ်ကာနေပေမယ့် အဖေကိုတော့ ချစ်ခင်လေးစားလည်း အဲသည်လိုသိပ်မနေကြတော့ပါ။ ချစ်သူဘ၀မှာလည်း တစိမ်းယောက်ကျားလေးကို အစစပြောဖို့ အဲသည်လိုနေဖို့က နဲနဲတော့ တွန့်ကြသည်။ အိမ်ထောင်ကျမှ မိမိခင်ပွန်းသည်ကို တရင်းတနှီးနေရင်းက အဖေအစား အားကိုးလာတတ်ကြသည်မှလား။ ဒါကြောင့် ခင်ပွန်း ယောက်ကျားများအနေနှင့် မိမိ၏ မိန်းမကို နားလည်စာနာတတ်စေချင်သည်။ မိန်းကလေးများကလည်း ကိုယ့်ထက်အသက်ြကီးသော၊ ငယ်သော ခင်ပွန်းသည်နှင့်ယူသည်ဖြစ်စေ ကိုယ်အားကိုးရသောသူကို ရိုသေသင့်သည်။
ဘ၀မှာ အတူနေခွင့်ရသော တစိမ်းနှစ်ယောက်သည် အလွန်ထူးခြားသော ကံကြမ္မာကြောင့်သာဟု ကျမထင်သောကြောင့် မည့်သူ့ကိုမျှ လက်ထပ်ပြီး မကွဲစေလိုပါ။ ထူးခြားစွာအတူနေခွင့်ရသော အရင်းနှီးဆုံး တစိမ်းနှစ်ယောက်သည် သက်ဆုံးတိုင်ပျော်ရွှင်ရလျှင် ဘယ်လောက်တောင် ကံကောင်းလိုက်ပါသလဲ…

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့