Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 April 2013

ဘ၀ခရီးနှင့် ဓမ္မကျင့်စဉ် - ၁


သို့
မာလာရေ
           မစု သတိရစွာနဲ့ စာရေးလိုက်တယ်။ မစုကတော့ မာလာ့ကို အမာခံတပ်သားလိုပဲ သဘောထားလိုက်တော့မယ်နော်။ ကဲတရားကြောင်း မပြောခင် အရင်ဆုံး မစုရဲ့ခံစားချက်ကို အရင်ဝေငှဦးမယ်။

လူ့ရဲ့သဘာဝကိုက တစ်ခါတလေ ကိုယ်မစားဘူးတဲ့ အရမ်းကောင်းတဲ့ အစားအစာမျိုးများ စားရ ရင်လေ ကိုယ်ခင်မင်ရင်းနှီးတဲ့လူတွေကို သတိရပြီး ကျွေးချင်တဲ့ စိတ်ကလေး တော့ ဖြစ်တတ်ကြတာပဲနော်။ မစုလည်း အဲဒီလို feeling လေးတွေ ငယ်ငယ် ကတည်းက ခုထိဖြစ်ခဲ့တာပေါ့။ ဒါပေမယ့်လေ ဒီတရားရဲ့ အကျိုးကျေးဇူး အရသာက ဘာနဲ့မှ နှိုင်းပြလို့မရအောင် ကောင်းလွန်းလို့ မစုမှာလေ မနေနိုင် မထိုင်နိုင်တွေဖြစ်ပြီး ရင်းနှီးတာရော၊ မရင်းနှီးတာရော အကုန်လုံးကို သိစေချင် လိုက်တာ။ ဒါကလည်း မုန့်လို စားတုန်းခဏဖြစ်တဲ့စိတ်မဟုတ်ဘဲနဲ့ အချိန် တိုင်း အချိန်တိုင်းမှာဖြစ်နေတော့ နီးစပ်တဲ့လူတွေ၊ ခင်ရာမင်ရာတွေကို အလိုက်ကန်းဆိုးမသိ၊ အရိပ်အကဲကြည့်မနေပဲ ဇွတ်အတင်းလုပ်ခိုင်းချင်နေ တာပေါ့။
         မစု ဇွဲကောင်းတာတော့ မာလာအသိဆုံးပါ။ မစုကကိုယ့်ကို အားနာ လို့ပဲဖြစ်ဖြစ်၊ မကောင်းတတ်လို့ပဲဖြစ်ဖြစ်၊ ဘယ်လိုပဲ သဘောထားထား အရေး မကြီးပါဘူး။ တရားလုပ်ဖြစ်သွားရင်ပြီးရော။ ဘယ်သူတွေ ဘယ်လိုပဲ ထင်ထင် ဂရုမစိုက်ပဲ တိုက်တွန်း အားပေးချင်နေတော့တာပဲ။ ကိုယ့်ကိုကိုယ်တောင် အံ့သြပါတယ်ဆို။ မာလာအပေါ် မစုက ဘာသာရေးသိမ်းသွင်းတယ်လို့တော့ မယူဆနဲ့နော်။
          မစုက ဘာလို့တရားအားထုတ်စေချင်သလဲဆိုတော့ လူတိုင်းကို ငြိမ်းအေးစေချင်လို့ပဲ။ လူရယ်လို့ဖြစ်လာရင် လောကဓံ(၈)ပါးရဲ့ အထု အထောင်း၊ အနှိပ်အစက်တွေကို မဖြစ်မနေ ခံကြရတာပဲလေ။ အဲလိုခံရတော့ အဲဒီအပေါ်မှာ စိတ်မထားတတ်ရင် ပိုပြီးပင်ပန်းမယ်၊ ပိုပြီးဆင်းရဲမယ်။ အကုသိုလ်တွေပိုဖြစ်တော့ ရလာတဲ့အကျိုးတွေက ပိုပြီးဆိုးဖို့ပဲ ဖြစ်တော့ မှာပေါ့။ တရားအားထုတ်တဲ့ အကျင့်ကလေးရှိထားရင် အရာရာမှာ နှလုံးသွင်း မှန်ပြီး အားလုံးကို ရင်ဆိုင်နိုင်လာမယ်၊ ခံနိုင်ရည်တွေ ပိုရှိလာမယ်။ အကုသိုလ် မဖြစ်အောင် ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်လာမယ်။ အဲဒီတော့ ငြိမ်းအေးမှု တွေ ရတာပေါ့။ အဲလို ကွာလာမယ်။ ဒါက ပစ္စုပ္ပာန်အကျိုးကို ပြောတာနော်။
             အနာဂတ်အကျိုးအနေနဲ့ ပြောရဦးမယ်။ လူတိုင်းဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာပဲ။ အဲလို ရင်ဆိုင်ရရင် သေခါနီး အချိန်မှာရှိတဲ့ စိတ်ကလေးဟာ အရေးအကြီးဆုံးပဲ။ အဲဒီစိတ်ကို သေခါနီးမှာ ထိန်းနိုင်ဖို့ကျတော့ ကြိုတင်ပြီး ထိန်းတတ်တဲ့အကျင့်ရှိမှသာ အဲဒီအချိန်မှာ ထိန်းနိုင်မှာ။ ခုကတည်းက မိမိစိတ်ကို မိမိcontrol လုပ်မထားနိုင်ရင် အဲဒီ အချိန်မှာ ငရံ့ပြာလူးတဲ့စိတ်နဲ့ သေရင် အပါယ်လေးဘုံကို တန်းနေအောင် သွားရမှာလေ။
ဥပမာ- ဒေါသနဲ့သေရင် ငရဲကိုသွား
လောဘနဲ့သေရင် ပြိတ္တာဖြစ်
မောဟနဲ့သေရင် တိရစ္ဆာန်တို့၊ အသူရကယ်တို့ ဖြစ်မှာ။
              အဲဒီလို ဖြစ်သွားလို့ကတော့ အဲဒီအပါယ်(၄)ဘုံကနေ လူ့ဘ၀ပြန် ရဖို့ကျ ခက်ခဲသွားပြီနော်။ မစုတို့ ဘုရားဟောတစ်ခုရှိတယ်။ မြတ်စွာဘုရားက မြေကြီးကိုလက်မနဲ့ကော်ပြီး မြေကြီးပေါ်ကမြေမှုန့်နဲ မဟာပထ၀ီမြေကြီး ပမာဏ ဘယ်ဟာကပိုကြီးသလဲလို့ မေးဘူးတယ်လေ။ မဟာပထ၀ီမြေကြီးက အတိုင်းအဆမရှိအောင် ကျယ်ပြောတာပေါ့။ အဲလိုပဲတဲ့ လူတွေသေရင်လေတဲ့ အဲဒီမြေကြီးထုလောက်ရှိတဲ့ လူတွေက အပါယ်(၄)ဘုံကို ရောက်ကြပြီး လက်သည်းခွံပေါ်က မြေမှုန့်လေးလောက်ကပဲ လူ၊ နတ်၊ ဗြဟ္မာပြည်ကို ရောက်ပါတယ်တဲ့။ ဒါဟာဘုရားရဲ့ဥာဏ်တော်နဲ့မို့ သိနိုင်တာ နော်။ ကဲ..စဉ်းစားသာကြည့်တော့။
            ဒါကြောင့် အခု လူဘ၀ရနေပြီ ဖြစ်ကြတဲ့လူတွေတိုင်း လူဖြစ်ရကျိုးနပ် ဖို့ ကြိုးစားရမှ ဖြစ်တော့မယ်နော်။အဲလိုရေး လို့ မစုက ဘာကြီးမို့လဲလို့တော့ မထင်လိုက်နဲ့နော်။ မစုက အခုမှသိပြီးကြောက်တတ်တဲ့ အနေအထား ပဲရှိ ပါသေး တယ်။ မစုရဲ့အကျင့်က ကိုယ်တစ်ခုခုကို သိရရင် သူများကိုလည်း ကိုယ့်နည်းတူ သိစေချင်လိုက်တာပဲ။ အဲဒီတော့ မစု စဉ်းစားတယ်လေ။ ဒါဆို အဲဒီ ဒုက္ခတွေက လွတ်မြောက်နိုင်မယ့် နည်းလမ်းရှိကို ရှိရမယ်ပေါ့။ ဒါနဲ့ စူးစမ်းတယ်။ လေ့လာတယ်။ လက်တွေ့လုပ်ကြည့်တယ်။ လက်တွေ့ ကောင်းကျိုးတွေကို ခံစားနိုင်တဲ့အခါမှ သြော်..လူတိုင်းကို သိစေချင်၊ ကျင့်စေ ချင်လိုက်တာ ဆိုတဲ့ စိတ်တွေတဖွားဖွားဖြစ်ပေါ် လာရတာမို့ ဒီစာလေးက နေပဲမစုသဘောထားလေးကို အရင်ဆုံး မိတ်ဆက် ပေးလိုက်ပါတယ်။

ကဲ…ဒီနေ့တော့ ဒီလောက်ပဲ။ နည်းလမ်းကတော့ နောက်နေ့မှ ဆက်ကြတာ ပေါ့နော်။
မှတ်ချက်။    ။ စင်္ကာပူတွင်ကျောင်းတက်နေသော ခရစ်ယာန်ဘာသာဝင် ညီမလေးတစ်ဦးဖြစ်သူ မာလာ့အား ရေးသားပေးပို့ မျှဝေမိသော ဓမ္မစာပေများအား ပြန်လည်မျှဝေလိုက်ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့