Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 15 April 2013

သုန္ဒရသမုဒ္ဒ - အောင်ပွဲရ


ကာမတို့၏ ထွက်မြောက်ရာကို သာယာတပ်မက်စွဲလမ်းတတ်သော ဆန္ဒရာဂတဏှာကို ရှေးဦးစွာ မဖြစ်အောင် ဆုံးမ၍ နောက် ပယ်သည့်အထိ အားထုတ်ရန် မြတ်စွာဘုရား ညွှန်ကြား ဟောပြောတော်မူ၏။ ထိုသဘောလုပ်ငန်းအတွက် သီးသန့် တရားအားထုတ်ပုံကို ဖော်ပြမည်။ ယခု ဤနေရာတွင်ကား ထိုကာမအာရုံ ကိလေသာတို့ကို တိုက်ခိုက် သွားကြသော သာသနာ့ရဲဘော်၊ ကိလေသာတိုက်ပွဲဝင် အာဇာနည် သူရဲကောင်း တို့ကို နည်းယူရန်ဖော်ညွှန်းလိုပေသည်။

ဤနေရာတွင် ဤပုဂ္ဂိုလ်တို့သာ တိုက်ပွဲတွင် အောင်ပန်းဆွတ်ခူးကြပါသလော မဟုတ်ပါ။ အရိယာဖြစ်သူတိုင်း အဆင့်အတန်းအလိုက် အောင်ပန်းဆွတ်ခူး ခဲ့ကြသူများချည်း ဖြစ်သည်။ သို့ရာတွင် ထင်ရှားသော တိုက်ပွဲဝင်ပုဂ္ဂိုလ် အချို့သာ အတိုချုပ်၍ ဖော်ပြမည်ဖြစ်ပါသည်။


ထိုပုဂ္ဂိုလ်တို့တွင် ရှေးဦးစွာ “သုန္ဒရသမုဒ္ဒမထေရ်” အကြောင်းကို ပြပါအံ့၊ သာဝတ္ထိပြည်တွင် ကုဋေလေးဆယ် ကြွယ်ဝသောသူဌေးသား “သုန္နရသမုဒ္ဒ”သည် တစ်နေ့သောအခါ မြတ်စွာဘုရားကျောင်းတော်ကို လူအများနှင့် သွားရောက်ကာ တရားနာ၍ အပြီးတွင် ထွက်မြောက်လိုသော စိတ်ရှိသည်ဖြစ်၍ ရဟန်းပြုရန် ဘုရားထံ လျှောက်ထားရာ ပန်ကြားရမည့် မိဘများ၏ ခွင့်ပြုချက်ကို ရယူရန် ပြန်ခဲ့၍ မိဘများသို့ ခွင့်တောင်းလေသည်။


မိဘများမှလည်း သားတစ်ယောက်တည်းဖြစ်၍ ခွင့်မပြုကြသောအခါ ရဋ္ဌပါလ အမျိုးသားကဲ့သို့ ထမင်းမစားဘဲ အခန်းတွင်းဝင်၍ အိပ်နေတော့သည်။ ၃-ရက်မျှ ရှိသောအခါ မိဘများမှာ ရဟန်းပြုသည်ထက် သေမည်ကိုမလိုလားကြသဖြင့် ခွင့်ပြုခါမှ ကျောင်းတော်သို့ သွား၍ ရဟန်းပြုလေသည်။ ရဟန်းဖြစ်ပြီးနောက် မြတ်စွာဘုရားထံမှ တရားသင်ယူ၍ သာဝတ္ထိတွင် မနေလိုတော့ဘဲ ၄၅-ယူဇနာဝေးသော ရာဇဂြိုဟ်သို့ သွားနေလေသည်။


သာဝတ္ထိပြည်တွင် နက္ခတ်ပွဲသဘင်ရှိသော တစ်နေ့၌ သုန္ဒရသုမုဒ္ဒ၏ သူငယ်ချင်းဖြစ်သော သူဌေးသားတို့သည် လှလှပပ ၀တ်စားဆင်ယင်၍ နက္ခတ်ပွဲသဘင်၌ ပျော်ရွှင်စွာ သွားလာနေကြသည်ကို သူ၏မိခင်က မြင်သဖြင့် “ငါ့သားတော့ - ဤလိုရခဲ့တဲ့ အခွင့်အရေးဆုံးပြီ”ဟု တမ်းတငိုကြွေးလေသည်။ ထိုအချိန်တွင် သိဖူးသော ပြည့်တန်ဆာမ တစ်ဦးသည် အိမ်သို့လာရာ သူဌေးကတော်ငိုနေသည်ကို တွေ့သဖြင့် အဘယ်ကြောင့် ငိုနေသနည်းဟု မေးသောအခါ “သူ့သားကို သတိရ လွမ်းဆွတ်ပုံ” အလုံးစုံကို ပြောပြလိုက်လေသည်။


ထိုအခါ ပြည့်တန်ဆာမက “လူထွက်လာရင် မကောင်းဘူးလား”ဟုဆိုလေသော် “ကောင်းတာပေါ့၊ ဒါပေမယ့် ရာဇဂြိုဟ်ပြည်မှာ သွားနေတယ်”ဟု ပြောရာ ပြည့်တန်ဆာမက “ကိစ္စမရှိပါအမိ၊ ထွက်လာရင် ကျွန်မအတွက် ဘာပေးမလဲ”ဟု မေးရာ သူဌေးကတော်ကြီးက “အကယ်၍ သင့်အစွမ်းသတ္တိဖြင့် လူထွက်လာလျှင် သင်နှင့် လက်ထပ်၍ အိမ်ကြီးရှင်အဖြစ် ပေးမည်”ဟု ဆိုသောအခါ ပြည့်တန်ဆာမက “ဒါဖြင့် ကောင်းပါပြီ၊ ယခု စရန်အဖြစ် ပြင်ဆင်ရမည့် စရိတ်ပေးပါ”ဟု ဆိုသောကြောင့် ငွေအမြောက် အမြား ပေးလိုက်လေသည်။


ထိုငွေတို့ဖြင့် အခြံအရံ အသိုက်ဝန်းများကိုပါခေါ်၍ ရာဇဂြိုဟ်သို့ သွားလေသည်။ ရောက်လျှင် မထေရ် ဆွမ်းခံသွားရာ လမ်းတို့ကို မှတ်သား၍ ၎င်းလမ်းတွင် ဘုံ ၇-ဆင့်ရှိသော တိုက်တစ်လုံးကို ငှားရမ်းပြီးလျှင် မထေရ် ဆွမ်းခံကြွလာသောအခါ ရိုသေစွာ တိုက်ပေါ်သို့ ပင့်၍ ဆွမ်းလောင်းလေသည်။


နောက်တစ်ရက်တွင် အခြားမှာ ဆွမ်းမခံဘဲ ဤအိမ်တွင်ပင် ဆွမ်းအမြဲကပ်လိုကြောင်း လျှောက်ထားရာ မထေရ်လည်း သဘောတူ လက်ခံလေသည်။ မထေရ် ပြန်ကြွပြီးနောက် အနီးအနားရှိ ကစားသော ကလေးများကို ခေါ်၍ “သင်တို့သည် မထေရ် ရောက်လာသောအခါ ဆူဆူညံညံ လုပ်ရမည်” ဆို၍ မုန့်ကျွေးထားလေသည်။ “အကယ်၍ ငါက မဆူရန် တားမြစ်သော်လည်း သင်တို့က နားမထောင်ဘဲ ဆူမြဲဆူနေက ငါပိုက်ဆံပေးမည်”ဟု သင်ပေးထားသည်။


နောက်နေ့ မထေရ်ကို ဆွမ်းကပ်ခါနီးမှ ကလေးများသည် သင်ထားသောအတိုင်း ဆူကြလေရာ ပြည့်တန်ဆာမက မဆူရန်ပြောသော်လည်း မရသောကြောင့် “ကဲ... အရှင်ဘုရား၊ ဤအရပ်က ကလေးများသည် ပြောရ အလွန်ခက်ပါသည်၊ တပည့်တော်မ တားလို့ပင် မရပါ၊ သို့အတွက် အပေါ်ထပ်သို့ ကြွတော်မူပါ”ဟု ပင့်လျှင် မထေရ်လည်း တကယ်မှတ်၍ ကြွလေသည်။


မထေရ်ကို ဆွမ်းကပ်ပြီး၍ ပြန်ကြွသောအခါ ကလေးများကို ခေါ်ပြန်လျက် “နက်ဖြန် မထေရ်ကို ဆွမ်းကပ်ခါနီး ငါက အချက်ပြလိုက်သောအခါ မင်းတို့က ဖုန်တို့သလဲတို့ကို ကျုံး၍ အပေါ်ထပ်ကို ပက်ကြလေ၊ ငါထွက်ပြောလဲ နားမထောင်ဘဲ ပက်ကြလျှင် မင်းတို့ကို တစ်ယောက် ၁ကျပ်စီပေးမည်”ဟု သင်ထားပြန်သည်။


နောက်မထေရ် ကြွလာပြီး ဆွမ်းကပ်ခါနီး၌ အချက်ပြလိုက်သောအခါ ကလေးတို့သည် ဖုန်မူန့်၊ သဲမူန့်တို့ဖြင့် မြှောက်၍ ကြဲဖြန့်ကြလေသည်။ ထိုအခါ ပြည့်တန်ဆာမက “အရှင်ဘုရား-တပည့်တော် အော်ငေါက်တားမြစ်ပါသော်လဲ ဤကလေးများသည် နားမထောင်ဘဲ ပြုမြဲပြုကြသည်၊ သူတို့ အန္တရာယ်မှ လွတ်ကင်းအောင် အထက်ဆုံး ထပ်သို့ ကြွတော်မူပါ”ဟု လျှောက်သော် မထေရ်က ကောင်းပြီ ဆိုပြီး အပေါ်ဆုံးအထပ်သို့ တက်လေသည်။


“ထေရော သက္ကဌသပဒါနစာရိကော၊ သမာနောပိရသတဏှာယ ဗဒ္ဓေါတဿာ ၀စနေန၊ သတ္တဘူမိကံ ပါသာဒံ အဘိရုဟိ”


(ဓမ္မပဒဋ္ဌကထာ - ၄၂၉)


“ထေရော၊ မထေရ်သည်၊ ဥက္ကဋ္ဌသပဒါနစာရိကော၊ မြင့်မြတ်သော ဆွမ်းခံလှည့်လည်ခြင်းသည်။ သမာနော၊ ဖြစ်ပါလျက်။ ရသတဏှာယ၊ ရသတဏှာဖြင့်။ ဗဒ္ဓေါ၊ စွဲငြိသည် ဖြစ်၍။ တဿာ၊ ထိုပြည့်တန်ဆာမ၏။ ၀စနေန၊ စကားဖြင့်။ သတ္တဘူမိကံ၊ ဘုံ ၇ဆင့်ရှိသော။ ပါသာဒံ၊ ပြာသာဒ် ထက်သို့ အဘိရုဟိ၊ တက်လေပြီ


မထေရ်ကို ရှေ့မှတက်စေပြီး ၎င်းကနောက်မှလိုက်လျက် တဆင့်ဆင့် တံခါးများကို ပိတ်ထားခဲ့လေသည်။ အပေါ်ဆုံးအထပ်သို့ ရောက်၍ နေရာတွင် မထေရ် ထိုင်မိသောအခါ ပြည့်တန်ဆာမက...


“အရှင်ဘုရားသည် ငယ်ပါသေး၏၊ တပည့်တော်လည်း ငယ်ပါသေးသည်၊ အရှင်ဘုရားနှင့် တပည့်တော် ငယ်ရွယ်သူ နှစ်ယောက်တို့သည် လောကီအာရုံ ကာမဂုဏ်ဖြင့် ခံစားပျော်ပါးကြပါကုန်အံ့၊ အရွယ်ကြီး၍ တောင်ဝှေးဆောင်ရသောအခါရောက်မှ တပည့်တော်တို့ နှစ်ယောက်စလုံး ရဟန်းပြုကြကုန်ပါ ကုန်အံ့”


ဟုဆင်ခြင်လျက် ကြီးစွာ သံဝေဂဖြစ်လေသည်။ မထေရ်သည် ချွေးများထွက်ကာ ကာမတပ်နှင့် ရင်ဆိုင်တိုက်ရမည့်အခြေစစ်မြေပြင်သို့ ရောက်နေသည်။ ချွေးထွက်နေ၍ ပြီးမည်မဟုတ်။ မြတ်စွာဘုရား သည်...


“ကာမဂုဏ်တို့သည် သာယာဖွယ် နည်းကုန်၏။ အပြစ်ကား များလှစွာ၏။ ကာမအရာ၌ ဖြစ်သော အပြစ်သည် အလွန်များလှ၏”


ဟု ဟောသည်ဟု ကာမဂုဏ်၏ အပြစ်ကိုသာ နှလုံးသွင်းနေစဉ် ပြည့်တန်ဆာမသည် သီချင်ကလေး တအေးအေးဖြင့် မာယာလေးဆယ် တို့ကိုပြလျက် မထေရ်၏ အနီးသို့ ကပ်လျက် တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ကာမဂုဏ်ဖြင့် ဖိတ်ကြားပြန်၏။


မထေရ်သည် တရားကို နှလုံးသွင်း၍ မလူပ်မယှက် ကျောက်ရုပ်ကဲ့သို့ နေသည်မှ တစ်ပါး ခြေလက်လူပ်ရှား အမူအရာ မခြားနားဘဲ ငုံ့၍သာနေရသည်။ ထိုအချိန်တွင် ၄၅-ယူဇနာ ကွာသော သာဝတ္ထိပြည်မှ မြတ်စွာဘုရားသည် သုန္ဒရသမုဒ္ဒမထေရ်၏ ကာမတိုက်ပွဲကို ဉာဏ်တော်ဖြင့် သိမြင်တော်မူရကား...


“ယောကောမေ ပဟန္တန၊ အနာဂါရော ပရိဗ္ဗဇေ ကာမဘ၀ ပရိက္ခီဏံ၊ တမဟံ ဗြူမိဗြာဟ္မဏ”


“ဣဓလောကေ၊ ဤလောက၌။ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာမေ၊ ငါးစုအာရုံ ကာမဂုဏ်တို့ကို။ ပဟန္တန၊ ပယ်စွန့်၍။ အနာဂါရော၊ အိမ်ရာမထောင်သည် (ဟုတွာ၊ ဖြစ်၍)။ ပရိဗ္ဗဇေ၊ ကိလေသာကို နှင်ထုတ်၏။ ကာမဘ၀ပရိက္ခီဏံ၊ အာရုံငါးပါး ကာမဂုဏ်တရားနှင့် ဖြစ်လိုသော ဘ၀တို့သည် ကုန်ပြီ။ တံ၊ ထို ကာမ-ဘ၀ ဤ ၂-ပါးကုန်သောသူကို။ ဗြဟ္မဏံ၊ မကောင်းမူကို အပပြုပြီးသောသူ ဟူ၍ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဆို၏”


ချစ်သား သမုဒ္ဒ-ဘ၀များစွာ သံသရာတွင် ဤအာရုံငါးပါး လိုက်စားမှားသောကြောင့် မြှုံးတွင်းငါးပမာ သံသရာမလွတ်သည်မှာ ယခု ခန္ဓာက သက်သေခံလျက် ရှိချေသည်။ သင်သည် ထိုကာမတို့ကို ပယ်လို၍ အိမ်ရာထောင် လူ့ဘောင်စွန့်ခွာ သင်္ကန်းဝတ်၍ ထွက်လမ်းကို ရှာပါလျက် ကာမထောင်တွင်းသို့ သက်ဆင်း၍ ကျရပါက မျောက်သစ်ကိုင်းလွတ် လောက-သံသရာ နှစ်ဖြာလုံးလုံး ရူံးခြင်းကြီး ရူံးတော့မည်...


“ဤမိန်းမသည် သင့်အား ဖြားယောင်း သွေးဆောင်သည်မှာ သူ့အတွက်သာ ဖြစ်၍ သင်ချစ်သားအတွက်ကား လက်တွေ့ရင်ဆိုင်တိုက်၍ ပယ်ခွာနိုင်မှ ဗြာဟ္မဏ (၀ါ) ကိလေသာတော်လှန်ရေးသမား ဖြစ်မည်၊ ခန္ဓာကိုယ်တွင် သတိပညာ ယှဉ်တွဲကာ ကြိုးစားတိုက်လော့”


ဟု အကူအညီပေးကာ ရောင်ခြည်တော် လွှတ်၍ ဆုံးမရာတွင် သုန္ဒရသမုဒ္ဒထေရ်သည် အဘိဉာဏ် ၆-ပါးနှင့် ရဟန္တာဖြစ်၍ တန်ခိုးဖြင့် ပြာသာဒ်အမိုးကို ထောက်လျက် ကောင်းကင် ခရီးမှ ဘုရားရှိရာသို့ ကြွသွားလေသည်။


ဤကား... ဓမ္မပဒ ဋ္ဌကထာ ၄၂၈ လာ သုန္ဒရသမုဒ္ဒမထေရ် အကြောင်းဖြစ်၍ ထေရဂါထာ အဋ္ဌကထာ ၁၂၃ ၌ လာသော ဤမထေရ်၏ အကြောင်းနှင့် အနည်းငယ် ကွဲလွဲနေသည်။ သို့ရာတွင် လိုအပ်ချက်ကား ကာမတပ် ကာမဂုဏ်ကို နိုင်အောင် တိုက်သည်ချည်း ဖြစ်၏။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့