Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 24 April 2013

၁၂လရာသီဘွဲ့



၁။တန်ခူးလဘွဲ့

ဟောင်းရွက်ညှာ ခါလှစ်လို့၊
တာသစ်ကယ်တဲ့နံ့ကြိုင်။
သုတ်ဖြူးလေဆော်က၊
ပန်းကံ့ကော် ၀တ်မှုံကျင်း၊
သင်းပျံ့လို့လှိုင်။
ကြယ်နှစ်ပြိုင်၊ စိတြငယ်နှင့်၊
ငွေလသော်တာတို့၊
ယုဂန်ချာတောင်တော်စွန်းမှာ၊
ထွန်းထိန်လို့လင်း။

၂။ကဆုန်လဘွဲ့
စကားဝါ ငုံသင်းလို့
ကြယ်မင်းတဲ့ ၀ိသာခါ
တိမ်ဗွေမှာ ရောင်ခြည်ရွှန်း၊
ထွန်းတဲ့ ချိန်ခါ၊
စုံကန္တာ ဟေမာမြိုင်ထဲ
ရွှေကျေး ပျံသင်လို့၊
စံပျော်ရွှင် သည်ဟိုကူးလို့ငယ်၊
မြူးကြစမြဲ။

၃။နယုန်လဘွဲ့
ရွှေစာတော်ပြန်မေးလို့၊
မြတ်လေးတဲ့စံပယ်၊
မေထုန်ဆို ရာသီကူး၊
ပွင့်ဖူးဝတ်မှုံနံ့၊
သင်းပျံ့တော့တယ်။
ကောင်းကင်လယ်၊
ထက်ဝယ်ဘုံက၊
ဇေဌရွှေကြယ်မင်းငယ်၊
လင်းတဲ့ချိန်ပ။

၎။ဝါဆိုလဘွဲ့
ပြုနိဗ္ဗာန် သန်ကြယ်ထွန်းလို့၊
လ၀န်းတဲ့သော်တာ၊
သည်ချိန်ကို ယုဂန်ဖျားက၊
နှစ်ပါးရောင်ခြည်စိုက်၊
လင်းခိုက်မို့သာ။
ရနံ့ငယ်ဖြာ၊
ညှာတံက ငုံဖူး၊
ပုန်းညက်ကယ် ခိုင်ပင်မင်းက
သင်းပျံ့ပျံ့ကျူး။

၅။ဝါခေါင်လဘွဲ့
ထက်အာကာ ဘုံစွန်းက၊
တောက်ထွန်းလို့ ထိန်ဝါ၊
သရ၀ဏ်ရွှေကြယ်မင်း၊
လင်းတဲ့ချိန်ခါ။
လေညှင်းငယ်လာ သိဟ်ရာသီမို့၊
ရှုတိုင်းငယ်ဘယ်ညာက၊
ပန်းခတ္တာ ၀တ်မှုံကျင်းတယ်၊
သင်းပျံ့လို့လှိုင်။

၆။တော်သလင်းလဘွဲ့
ကန်ရာသီချိန်တွင်းမှို့၊
ရွှေယင်းတဲ့မာငုံ၊
မြိုင်ဟေမာသာနန်းက၊
သုတ်ဖျန်းလေယူဖြန့်
သင်းပျံ့ပျံ့ထုံ၊
တိမ်စွန်ဘုံ၊ ရောင်စုံလျှံပ၊
လမင်းသော်တာနှင့်၊
အဗဒ္ဓါဆို ရွှေကျီးငယ်၊
နီးသည့်ကာလ။

၇။သီတင်းကျွတ်လဘွဲ့
ကြာငါးမည် ကြိုင်သင်းလို့၊
လျှံဝင်းတဲ့ပြောင်ထိန်။
ရွှေနန်းတောင်တော်ဦးမှာလ၊
ကွန့်မြူးမြင့်မိုရ်မီး၊
ညီးတဲ့ချိန်ခါ။
ရှိခိုးငယ်နှိမ်၊
သုံးကြိမ်ရိုပျောင်း၊
သက္ကစ္စဂါရ၀ါနှင့်၊
စဉ်အလာပူဇော်ပွဲကို ခဲကြပေတောင်း။

၈။တန်ဆောင်မုန်းလဘွဲ့
လှုကထိန် သင်္ကန်းနှင့်၊
မဂ်လမ်းတဲ့ ဆုပန်ရွယ်၊
သည်ချိန်ခါကို ၀တ်မှုံကြဲလို့၊
ခ၀ဲရွှေညှာရင်းမှာ၊ သင်းရနံ့ကြွယ်၊
ကောင်းကင်လယ်၊
ထက်ဝယ်ဘုံဦး၊
ရွှေလစန္ဒာနှင့်
ကြတ္တိကာ ကြယ်ရောင်ထွန်းတယ်၊
ထွန်းထိန်လို့မြူး။

၉။နတ္တော်လဘွဲ့
ရှစ်ခွင်ကို မြူဆင်လို့၊
ငွေနှင်းတဲ့ နုစို၊
ဂမုန်းသဇင်တို့၊
စုံခွင်မှာ လေချိုညှင်းက၊
သုတ်သွင်းဘယ်ညာနှံ့၊
သင်းပျံ့ပျံ့ချို၊
ယုဂန္ဓိုရ် တောင်မိုထိပ်ဖျား၊
ရွှေလစန္ဒီနှင့်၊
ဓိပထီ ရောင်ခြည်ဖျန်းတယ်၊
မြန်းတူကြွသွား။

၁၀။ပြာသိုလ်လဘွဲ့
ငွေသော်တာ စန္ဒနှင့်၊
ဖုသျှတဲ့ လမ်းစုံ၊
တိမ်လွှာမှာ ရောင်ဝါကျင်းလို့၊
နှစ်မင်းတူပြိုင်ပ၊
မြန်းကြွခိုက်ကြုံ၊
ဘရဂုဏ်၊ မြိုင်စုံမြနန်း၊
နုစိမ်းစိုစိုနှင့်၊
ပန်းခွာညို ငုံတံထူးတယ်၊
ဖူးပွင့်ချက်ဆန်း။

၁၁။တပို့တွဲလဘွဲ့
ရာသီချိန်ခါရောက်လို့၊
လဲပေါက်ကယ် ပွင့်ညီ၊
ရွှေဖီနံ့သာနှင့်၊
ခြောက်ရောင်ဝါ စေတီရင်းမှာလ၊
ဆယ်စင်းလက်စုံပူး၊
ဦးမြောက်လို့ချီ၊
ငွေနှင်းရယ်စီ၊
သုံးလီသမယ၊
ယူဇနာ မြင့်မြတ်ကယ်သင်္ချာနှင့်၊
ယုဂန်ညာ တောင်တော်စွန်းမှာ၊
ထွန်းလိမ့်မာဃ။

၁၂။တပေါင်းလဘွဲ့
ပန်းရွှေဖီ ကြိုင်လျှောက်လို့၊
ပိတောက်ကယ်တဲ့သင်းချို၊
ဥတ္တရာ ဘရဂုဏ်က၊
တိမ်ဘုံမှာ ရောင်ခြည်လင်းလို့၊
လမင်းသော်တာနှင့်၊
တူမကွာထိန်ဝါလင်းတဲ့၊ထွန်တဲ့ခါကို၊
သောင်သဲငယ်မို၊ ရေညိုရစ်မို့၊
လေညှင်းဝယ်လာ၊
စုံဟေမာမြိုင်ထဲက၊ ၀မ်းဘဲ ရွှေစင်ယော်တို့၊
ဖော်ခေါ်သံ မောင်မယ်ကျူးတယ်
မြူးပျော်ကြလို့။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့