မန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀ လင်္ကာ လမ်းညွှန်နီတီများကို မသိသေးသူများ မဖတ်ဘူးသေးသူများအတွက် ရည်ရွယ်ပြီး လိုက်နာကျင့်သုံး အကျိုးများစေဖို့ ကောင်းနိုးရာရာလေးများကို ထုတ်နုတ်ပြီးရိုက်နှိပ် တင်ဆက်ပေးလိုက်ပါသည်၊စာရှုသူများအနေဖြင့် ဤစာစုလေးများကို ဖတ်မှတ်လေ့လာပြီး ဘ၀အတွက် အားဆေးတခွက်ဖြစ်ပါစေကြောင်း……….
ပြောနေရုံမျှနှင့် အကျိုးမပြီးနိုင်
သုတပညာ၊ရှိတုံပါလည်း၊ ပြောကာဟောကာ၊ ကျမ်းလာအသင့်၊ မကျင့်တုံဘိ၊ ကျိုးမရှိဘူး၊ ပဏ္ဍိကိစ္စ၊ မပြီးစွာ့ရှင့်၊ရှေးကမနု၊ ရှင်တို့ပြုသား၊ ပေါင်းစုထင်ရှား၊ ကျမ်းဂန်များနှင့်၊ ဘုရားအလောင်း၊မင်းကောင်းတကာ၊ အာဒါသမုခ၊ ၀ိဓူရက၊ မတ်လှမဟော်၊ ပညာကျော်တို့၊ ရှုမျှော်ပညိန်၊ ၀ရဇိန်ကို၊ လွှတ်ချိန်သော့အား၊ ပညာအားဖြင့်၊ ပိုင်းခြားသတ်မှတ်၊ စီရင်တတ်သို့၊ဓမ္မဂုတ္တ၊ ဓမ္မဌဟု၊ တရားသူကြီး၊လူ၌ချီး၏။
ဗဟုသုတ ပညာနှင့်ပြည့်စုံသူအချို့သည် နီတိစဉ်လာ စာပေကျမ်းဂန်တို့မှ လာရှိသည့်အတိုင်း ကျင့်ကြံပြုမူခြင်း မရှိလျှင် မည်သည့်အကျိုးမျှ မရနိုင်ချေ။ ပညာရှိတို့ ပြုဖွယ်ကိစ္စသည်လည်း ပြီးစီးနိုင်မည်မဟုတ်ပါ။ ရှေးကကျမ်းဂန်လာ ဘုရားလောင်း အာဒါသမုခ၊ မဟောသဓ စသည်တို့သည် ၀ရဇိန်သွားကဲ့သို့ ထက်မြက်သော ပညာဖြင့်ပိုင်းခြားဝေဖန်ကာ အမှုကိစ္စများကို စီရင်ဆုံးဖြတ်လေ့ရှိကုန်၏၊ ဤသို့စီရင်ဆုံးဖြတ်နိုင်မှသာလျှင် တရားသူကြီးတို့ အလယ်တွင်တရားနှင့်အညီ စီရင်ဆုံးဖြတ်တတ်သော တရားသူကြီးအဖြစ် လူအများက ချီးကျူးပူဇော်ကြမည်ဖြစ်၏
ဓနပညာ မဲ့တုံပါသော်
ဓနပညာ၊ မဲ့တုံပါသော်၊ ဥစ္စမရှိ၊ ကတိမတည်၊ လူမမည်ဘဲ လူရည်မသွင်း၊ ပွဲလယ်ခွင်သို့၊ မ၀င်အပ၊ သုံးမကျဘူး၊ မယားကမူ၊ အောင့်အည်းစူလျက်၊ ညဲညူယောက်ယက်၊ ဆံရှုပ်ရှက်နှင့်၊ ခေါင်းရွက်ဖွေရှာ၊ မူးဝေပြာ၏၊ လင်မှာသော်ကား၊တလျားလျားသာ၊ သောက်စားပျော်ပါး၊ ယောင်ဝါးဝါးနှင့် စိးပွားကိစ္စ၊ မလုံ့လဘဲ၊ တစ်ဘ၀လုံး၊ သက်ဆုံးအဖျင်း၊ ချမ်းသာကင်း၏၊
ဥစ္စာနှင့်ပညာ မရှိသောသူသည် ကတိမတည်တတ်ချေ၊ လူတစ်ယောက်အဖြစ် စာရင်းသွင်း မခံရဘဲ အသုံးမကျဖြစ်ရ၏ ထိုသူတို့သည် မယားဖြစ်သူက ခေါင်းရွက်ဗျတ်ထိုးအလုပ်ဖြင့် မအားမလပ်အောင် ဖြစ်နေသော်လည်း ဥစ္စာ ပညာမဲ့သောလင်ဖြစ်သူက ရပ်လျားရပ်လျားနှင့် ပျော်ပျော်ပါးပါး သောက်သား၍သာနေ၏။ ထိုသူသည် မယား၏ငြူစူခြင်းကို တစ်ဘ၀လုံး ဆင်းရဲခြင်းသို့ ရောက်ရမည်သာဖြစ်၏။
သီဟကျင့်သုံး ခြင်င်္သေ့ထုံး
ကေသရာမျိုး၊ တောလုံးစိုးတို့၊ လွှမ်းမိုးခုန်လွှား၊ တဟုန်အားဖြင့် ပေါက်သားဆင်ပြောင်၊ ယုန်ငယ်ကောင်ဟု၊ မရှောင်ကြိုးပမ်း၊ အားကုန်ဖမ်းသို့၊ ကိုယ်အမ်းချချ၊ ရေးကိစ္စ၌၊ သီဟကျင့်သုံး၊ ခြင်င်္သေ့ထုံးကို၊ နှစ်လုံးသွင်းကာ၊ အားထုတ်ရာ၏။
တောသုံးတောင်ကို အစိုးရသော ကေသရာဇာ ခြင်္သေ့မင်းသည် အစာအလို့ငှာ သတ္တာပါများကို ဖမ်းဆီးရာ၌ ယုန်ငယ်ကလေးတကောင်ပင် ဖြစ်သော်လည်း ပမာမပြုဘဲ အထူးဂရုစိုက်ကာ ရှိသမျှအင်အား အကုန်ထုတ်၍ ဖမ်းဆီးသတ်ဖြတ်လေ့ရှိ၏။ ဤသည်မှာ ကေသရာဇာခြင်္သေ့တို့၏ ကျင့်ထုံးဓလေ့ပင် ဖြစ်၏။ ထိုခြင်္သေ့ကျင့်ထုံးကို နှစ်လုံးသွင်း မှတ်ယူ၍ အရေးကိစ္စ ကြုံလာသောအခါ ကြိုးပမ်းအားထုတ်ရာ၏
မလုံ့မလ နတ်မ.မဘူး
ကံမွဲကံနုံ့၊ မလုံ့မလ၊ နတ်မ.မဘူး၊ အလသမျိုး၊ အကျိုးယွင်းယို၊ အလိုရောရည်း၊ မကျော့ကျည်းနှင့်၊ ကိုယ်လည်းလုံ့လ၊ နတ်လည်းမ၍၊ တောင့်တကြံရာ၊ မြန်မကြာလျှင်၊ လွယ်ကာကိစ္စ၊ ပြီးနိုင်ကြ၏။
ရှေးအကြောင်းရင်း ကံကလည်းမရှိ ရှိလျှင်လည်းနည်းပါးလှသည့်အထဲတွင် ထကြွနိုးကြားခြင်း မရှိပြန်ရာ ထိုသူအား မည်သည့်နတ်မျှ မ.စကြမည်မဟုတ်ချေ။ အလိုဆန္ဒအားလျော့ကာ ပျင်းရိခြင်းမရှိဘဲ ကြိုးစားပါလော့။ ဤသို့အားထုတ်ကြိုးစားသူ အားသာလျှင် နတ်များက မစကြည့်ရှု ကြပြီး မိမိဖြစ်လိုရာကိစ္စသည်လည်း လွယ်ကူလျင်မြန်စွာ ပြီးမြောက်စေနိုင်ပါ၏။
No comments:
Post a Comment