Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 April 2013

မြန်မာပြည်တွင် ဘွဲ့ရပြီး မြန်မာပြည်တွင် အလုပ်လုပ်မည် ဖြစ်သောကြောင့် လူငယ်များကို လက်တွဲခေါ်ပါ

သင်သည် အလုပ်လုပ်တော့မည်ဟု ဆုံးဖြတ်လိုက်ပါက အလုပ်အကိုင် ဂျာနယ်တစ်ခုခုကို ဝယ်ဖတ်လိမ့်မည်။ သို့မဟုတ် မိဘ၊ သူငယ်ချင်းများကို တိုင်ပင်လိမ့်မည်။ ဘွဲ့ရပြီးခါစ ကျွန်တော်တို့လူငယ်များသည် အနည်းနဲ့ အများတော့ အလုပ်လုပ်ဖို့ စိတ်အားထက်သန်ကြ ပါသည်။ အလုပ်အကိုင်များ လုပ်ငန်းနယ်ပယ်အားဖြင့် Medical, Engineering, Human Resource, Sale, Marketing, Law, Admin and Journalism စသည်ဖြင့် အမျိုးမျိုးရှိကြပါသည်။ ဤတွင်မှ ဖွဲ့စည်းပုံ လုပ်ငန်းအမျိုးအစား အလိုက် Company, Organization, Banking Local NGO & International NGO ဟူ၍ ပြန်လည် ခွဲခြားနိုင်ပါသေးသည်။

တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ အထူးပြုဘာသာရပ်မတူ ကျောင်းပြီးခဲ့ကြသော ကျွန်တော်တို့ လူငယ်များသည် ကျောင်းပြီးသည်နှင့် အများစု ကတော့ အတွေ့အကြုံအတွက်ဖြစ်ဖြစ်၊ ဝမ်းရေး အတွက်ဖြစ်ဖြစ်၊ ကိုယ့် ရည်မှန်းချက်ပန်းတိုင်ကို စတင်လျှောက်လှမ်း ရန်ဖြစ်ဖြစ် ပထမဆုံးခြေလှမ်းအဖြစ် အလုပ်ကိုဝင်လုပ်ကြပါသည်။ ဝိဇ္ဇာ သိပ္ပံကျောင်းဆင်းများသည် ကိုယ့်စိတ်ကြိုက်နယ်ပယ် (any field) တွင် အလုပ်ဝင်ရောက်နိုင်ကြပါသည်။ HR, Admin, Sale and Marketing, Secretarial, Journalism စသည့် သက်ဆိုင်ရာနယ်ပယ် အလိုက် Certificate များကိုင်ဆောင်သော အလုပ်ဝင်နိုင်ကြသည်ကို တွေ့ရပါသည်။ အချို့မှာ အတွေ့အကြုံရှိလျှင် Certificate ပင်မလို အလုပ်ရကြပါသည်။ ဥပမာ- သိပ္ပံဘွဲ့ရတစ်ယောက်က Sale ဝင်လုပ်မလား၊ Marketing ဝင်လုပ်မလား၊ သတင်းထောက်လုပ်မလား၊ Office Staff လုပ်မလား၊ Admin လုပ်မလား၊ Coordinator လုပ်မလား၊ လုပ်နိုင်သည်။ အင်ဂျင်နီယာ ကျောင်းဆင်းတစ်ယောက် office staff, admin staff, sale man လုပ်ဖို့ရာ တော်တော်စဉ်းစားလိမ့်မည်။ နောက်ဆုံး Sale ဆိုရင်တောင် Sale Engineer သာလုပ်လိမ့်မည်။ ဒီလိုဆိုရင် ဒီဘွဲ့က ဒီအလုပ်သာ လုပ်ရမည်ဟု မဆိုလိုပါ။ ဘဝဆိုတာ ပုံသေနည်းမှ မဟုတ်တာ။ ကိုယ်နှင့်လုံးဝမဆိုင်တဲ့ အလုပ်ကိုလည်း ကိုယ်နဲ့အဆင်ပြေရင် ပြေနေတတ်တဲ့သူတွေလည်း လောကကြီးမှာ အများကြီးပါ။

သက်မွေးကျောင်းဆင်းဖြစ်သော အင်ဂျင်နီယာနှင့် ဆေးတက္ကသိုလ် ကျောင်းဆင်းများမှာ သက်ဆိုင်ရာနယ်ပယ်တွင်သာ အလုပ်ဝင်ကြရပါသည်။ အခြားနယ်ပယ်တွင် ဝင်ရောက်ဖို့ရာ သိပ်မလွယ်ကူပါ။ ကိုယ်က ဒီဘွဲ့ယူခဲ့ ပြီးမှ အခြားနယ်ပယ်သို့ ရောက်သွားတာမျိုးတော့ ရှိပေမယ့် တော်တော် စိတ်အားထက်သန်မှသာ ဖြစ်ပါသည်။ အလုပ်ရှင်များလည်း ကိုယ့်ဘွဲ့နှင့် မသက်ဆိုင်သည့် နယ်ပယ်သို့ အလုပ်လျှောက်လျှင် သိပ်လက်မခံချင်ကြပါ။ Engineer ကျောင်းဆင်းများသည် သက်ဆိုင်ရာ Major (Civil, EP, EC, MP, IT, Chemical, etc) အလိုက် အလုပ်ရကြလျှင် ပိုကောင်းပါသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံ ဖြစ်သောကြောင့် Civil, EP, EC, MP major များမှာ အလုပ်ပေါသော်လည်း ကျန် Major များကတော့ အလုပ် ရှားဆဲပါ။ အလုပ်ခေါ်စာတွင် အတွေ့အကြုံ ၂ နှစ်၊ ၃ နှစ်ရှိမှသာ ခေါ် ကြသည်မို့ အလုပ်ပေါသည် ဆိုသော်လည်း အခက်တွေ့နေကြဆဲပါ။ အလုပ်သင်အနေနဲ့ ခေါ်တာလည်း တော်တော်ရှားပါသေးတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအတွက် အင်ဂျင်နီယာလုပ်သား များစွာ လိုအပ်သည်ဟု ထင်ပါသည်။ ကျောင်းဆင်း ပြီးခါစမို့ အတွေ့အကြုံမရှိ၊ လက်တွေ့ပိုင်းတွင် ကျွမ်းကျင်မှု မရှိသောကြောင့် အလုပ်မခန့်ကြလျှင် ဘွဲ့ရအရေအတွက်သာ တိုးလာမည်ဖြစ်ပြီး ကျွမ်းကျင် လုပ်သားများ ရှားပါးလာကာ နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်ဖို့ နှောင့်နှေး နေမည်ဖြစ်သည်။ ကျွန်တော်တို့လူငယ်များကို ပစ်မထားစေချင်ပါ။ လူငယ်များကို လက်တွဲခေါ်စေချင်သည်။ လူငယ်များကို ဖေးမပေးပါ။ လူငယ်များကို အားပေးပါ။ ကျွန်တော်တို့ လူငယ်များသည် ဘွဲ့ရသော်လည်း ဘာမှမတတ်၊ ဘာမှလည်း ဟုတ်တိပတ်တိ မရဟု ယခုခေတ် လူကြီးများက ပြောကြပါသည်။ ထိုသို့ဆိုလျှင် ကျွန်တော်တို့ လူငယ်များသည် အုပ်ချုပ်သူများ၏ အစမ်းသပ်ခံ ပညာရေးစနစ်တစ်ခု အောက်မှာ အစမ်းသပ်ခံလူငယ်များ ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့် အပြစ်တင်မည်ဆိုလျှင် ကျွန်တော်တို့လူငယ်များကို အပြစ် မတင်သင့်ပါ။ ပညာရေးစနစ်ကြောင့် ဖြစ်စေ သို့မဟုတ် အုပ်ချုပ်သူများ၏ ပညာရေးစနစ် စီမံခန့်ခွဲမှု အားနည်းမှုကြောင့် ဖြစ်စေ ဘာမှမသိမတတ်သော ဘွဲ့ရလူငယ်(သားကောင်) ဖြစ်ခဲ့ရတာပါ။

ဆေးဘက်ဆိုင်ရာ ကျောင်းဆင်းများသည်လည်း အလုပ်အလွယ်တကူ မရတတ်ကြပါ။ အလုပ်သင် ဆရာဝန်အလုပ်ရရန်ပင် မလွယ်ကူကြပါ။ မြန်မာနိုင်ငံတွင် ဆရာဝန်မြောက်မြားစွာ လိုအပ်သည်မှာ မှန်သော်လည်း ဆေးကျောင်းဆင်းများ ကတော့ အလုပ်ရှားပါးနေကြဆဲ။ အင်ဂျင်နီယာနှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်ကျောင်းဆင်း များသည် လေး၊ ငါး၊ ခြောက် နှစ် တက်ခဲ့ရ၊ ငွေများစွာ ကုန်ကျခံ၊ အချိန်များစွာ ပေးဆပ်ခဲ့ရသော်လည်း ကျောင်းပြီးလျှင် အလုပ်တစ်ခုရဖို့ တော်တော်ခက်ပါသည်။ လက်ရှိအလုပ် အခွင့်အလမ်းမှာ မည်မျှပင် ပေါသည်ဆိုစေကာမူ အလုပ်တစ်ခု လွယ်လွယ်ကူကူ မရနိုင်ပေ။

ထို့ကြောင့်လည်း ၁၀ တန်းအောင်လျှင် တက္ကသိုလ် ဆက်မတက်ခိုင်းသော မိဘများနှင့် ပြည်ပမှကဘွဲ့ရမှသာ အလုပ်အကိုင် အခွင့်အလမ်းများသည်ဟု ယုံကြည်သော ငွေကြေးတတ်နိုင်သည့် မိဘများလည်း တွေ့ဖူးပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဘွဲ့တစ်ခုသည် အတိုင်းအတာတစ်ခု အထိတော့ အကျိုး သက်ရောက်မှု ရှိသည်ဟု ယုံကြည်ပါသည်။

အလုပ်တစ်ခုရဖို့အရေး ဘွဲ့လက်မှတ်တစ်ခုတည်းနှင့် မလုံလောက် တော့ပါ။ အလုပ်လျှောက်လျှင် လိုအပ်ချက် (Job Requirements) တွေက များလွန်းလှသည်။ မိမိဝင်ရောက်မည့် လုပ်ငန်းခွင်နယ်ပယ်အလိုက် မိမိစိတ်ဝင်စားရာ အရရော၊ လိုအပ်ချက်အရပါ သင်တန်းများကို ပြေးတက်ကြသည်။ သည်ကြားထဲ မြန်မာဘာသာစကား တစ်ခုတည်းနှင့်လည်း မဖြစ်ပြန်တော့ အခြားဘာသာစကား တစ်ခုခု (English, Chinese, Japan, Korea, etc) ကိုလည်း လေ့လာသင်ယူရပြန်သည်။ တက်လိုက်ရသည့် သင်တန်းများ၊ Speaking များ၊ 4 Skills များ ဖတ်ဖတ်မောမတတ်။ အချို့လူငယ်များမှာ ငွေကြေး အဆင်မပြေသောကြောင့် သင်တန်များလည်း သီးသန့် မတက်နိုင်ကြပါ။ ထို့ကြောင့် အလုပ်လုပ်ရင်း တက်ကြရပါသည်။ အချို့မှာ ကိုယ့်ဘွဲ့နှင့် မသက်ဆိုင်သော်လည်း ငွေကြေး အဆင်မပြေမှုကြောင့် ရရာအလုပ်ကိုပဲ ဝမ်းရေးအရ ဝင်လုပ်ကြရသည် များလည်း ရှိပါသည်။

အလုပ်တစ်ခု စတင်လျှောက်ပြီဆိုလျှင် အလုပ်လျှောက်ရန် လိုအပ်သော ဓာတ်ပုံများ၊ ဘွဲ့လက်မှတ်များ၊ သင်တန်းဆင်းလက်မှတ်များ၊ သန်းခေါင်စာရင်းများ၊ လက်ဖက်ရည်ဖိုးများ ပေး၍ ရယူထားသော စာရိတ္တ ကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းကြောင်း ထောက်ခံစာများကို မိတ္တူအထပ်လိုက် ကူးရပါသည်။ IT ခေတ်ကြီးမှာ အချို့ကုမ္ပဏီများမှာ Email Address နှင့်သာ ခေါ်ကြသောကြောင့် Email လိပ်စာဖြင့် လျှောက်ရပါသည်။ Internet & Email အသုံးချတတ်ခြင်းကြောင့် လူကိုယ်တိုင် သွားရောက်ရတာ သက်သာသွား ပါသည်။ သို့ပေမယ့် များသောအားဖြင့် Email ဖြင့် Reply အကြောင်း ပြန်တာ မကြုံဖူးသေး။ ဖုန်းနဲ့တော့ ဆက်သွယ်ပါသည်။ အလုပ်တစ်ခုသာ လျှောက်ပါက မသေချာသောကြောင့် လေး၊ ငါးခုမက လျှောက်ထားဖို့ရာ ရန်ကုန်မြို့အရှေ့၊ အနောက်၊ တောင်၊ မြောက် လိုင်းကားခ အတန်တန်ကုန်၊ လမ်းကြောင်းမသိ၍ Taxi ခကုန်ခံကာ လျှောက်ကြရသည်။ စီးပွားရေးမြို့တော် ရန်ကုန်တွင် မြန်မာပြည်နေရာအနှံ့မှ ရောက်လာကြသော နယ်သူ နယ်သားများမှာ မျက်စိကလယ်ကလယ်ဖြင့် ကြိမ်ဖန်တစ်ရာမက မေးမြန်းကာ လျှောက်ကြပါသည်။ ဘယ်လိုပဲ လျှောက်ရလျှောက်ရ ကိစ္စမရှိ၊ အလုပ် လျှောက်ရမှာတော့ ကိုယ့်အပိုင်း၊ ကိုယ့်တာဝန်ဖြစ်သည်။ လျှောက်သည့် ကုမ္ပဏီ၏ Reception ဧည့်ကြိုဌာနကို ရောက်သောအခါ Reception မမလေးများရဲ့ ဆက်ဆံပုံနှင့် လှည့်ပြန်ရတော့မလိုလို။ ဧည့်မကြိုဘဲ ဧည့်မောင်းဖြစ်နေသည်။ သူတို့ပြန်ပြောလိုက်တာက မျက်နှာထား တင်းတင်းနှင့် ဒီအလုပ် ခေါ်ထားသလားတဲ့။ ဘယ်ဂျာနယ်မှာ ဘယ် Post နဲ့ ခေါ်ထားပါတယ်လို့ ဧည့်ကြိုကို ပြန်ပြောပြရတယ်။ ဒါကိုကြည့် ခြင်းအားဖြင့် HR နဲ့ Reception ကြားမှာ Link မရမှန်းသိသာသည်။ အလုပ်ခေါ် ထားတယ်ဆိုရင် HR က Reception ကို ကြိုပြောထားရမှာပေါ့။ ဒါမှ အလုပ်လျှောက်သူများ အဆင်ပြေမည်။

အလုပ်က မြန်မြန်ရချင်သောကြောင့် “အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ” ကို အားကိုးသည်။ ဂျာနယ်ထဲမှာဆို Agent တွေက Ever Urgent ပဲ။ အဲဒီမှာ ပိုဆိုးသွားရော CV က သုံး လေးစုံ၊ ဓာတ်ပုံက ငါးပုံ၊ ခြောက်ပုံ၊ ဝန်ဆောင်ခက သုံး လေးထောင် ဒါတင်မကသေး အင်တာဗျူး ကြေးပေးရမယ်။ ပထမဆုံးအလုပ်အားခရဲ့ တစ်ဝက်ပေးရမယ်ဆိုတော့ တော်တော် စဉ်းစားလိုက်ပါသည်။ အလုပ်လိုချင်သောကြောင့် အလုပ်အပ် လိုက်ပေမယ့် တစ်ခါတောင်မှ မဆက်သွယ်ခဲ့ပါ။ တကယ်ပြောတာပါဗျာ ချဲ့ကားပြောတာ မဟုတ်ပါ။ ပိုက်ဆံတစ်ပြားမှ မပေးရသည့် စိတ်ရှည်စွာ အလုပ်ရှာပေးသည့် Agent များလည်း ရှိပါသည်။ ထို Agent များကိုတော့ အလွန်ကျေးဇူးတင်ပါသည်။ အလုပ်ရှာသူတွေကြားထဲမှာ “အကပ်၊ အဆက်အစပ်” ဆိုသည့် စကားလုံး အတော်ခေတ်စားပါသည်။ အထူးသဖြင့် ဘဏ်အလုပ်နှင့် အစိုးရအလုပ် များတွင် ပိုတောင် ခေတ်စားပါသေးသည်။ အလုပ်ခေါ်သည့် ဦးရေများလျှင် အကြောင်းမဟုတ်၊ နည်းလျှင်တော့ ထိုအကပ်၊ အဆက်အစပ်ရှိသူများသာ ရသွားတတ်သည်။

အလုပ်လျှောက်ထားခြင်း ပြီးစီးပါက Interview ခေါ်မည့်ရက်ကို ထီပေါက်မည့်ရက်ကို စောင့်ရသကဲ့သို့ စောင့်ရပါသည်။ Interview ခေါ်သည့် အကြိမ်အရေအတွက်မှာ Company တစ်ခုနှင့်တစ်ခု မတူကြပေ။ နှစ်ကြိမ်၊ သုံးကြိမ်တော့ ဗျူးရပါသည်။ အချို့ကုမ္ပဏီများမှာ Interview အချိန်ကို လုံးဝမလေးစားကြပါ။ အလုပ်လျှောက်ထားသူ များသာ Interview စမည့် အချိန် နောက်ကျမည် စိုးသောကြောင့် Taxi ခ ကုန်ခံပြီး လာရသော်လည်း ပြောထားသည့်အချိန်တွင် Interview မစနိုင်ကြပါ။ တစ်ကြိမ်တည်း မဟုတ် သုံးကြိမ်ဗျူးလျှင် သုံးကြိမ်စလုံး နောက်ကျတာ ကြုံဖူးသည်။ Interview တစ်ခုနှင့်တစ်ခုကြားလည်း အလွန်ကြာပါသည်။ အလွန်ဆုံး တစ်ပတ်သာ ကြာသင့်သည်ဟု ထင်ပါသည်။ နယ်ကလာသူများ အဖို့ အလကားနေရင်း အချိန်ကုန်၊ စရိတ်ထောင်းတာပဲ အဖတ်တင်သည်။ ပထမ အင်တာဗျူးတွင် အလုပ်ရှင်များက လိုအပ်ချက်နှင့် မကိုက်ဟုထင်လျှင် အားနာစရာလည်း မလို။ စကားလုံးလှလှလည်း သုံးစရာမလိုပါ။ ခပ်ပြတ်ပြတ်ပြောလည်း ရပါသည်။ ခေါ်တော့မလိုလိုနှင့် အလုပ် လျှောက်သူများမှာ ဝေခွဲရခက်စရာလည်း မလိုတော့။ ဒီကုမ္ပဏီ မရရင် နောက်တစ်ခုကို ကြိုးစားမည် ဖြစ်သည်။

အင်တာဗျူးတွင် အချို့ကုမ္ပဏီများမှာ အလုပ်ခေါ်တုန်း ကထက် လိုအပ်ချက်တွေ ပိုတောင်းတာမျိုးလည်း ရှိသည်။ အလုပ်နှင့်မဆိုင်သော မေးခွန်မျိုးလည်း ရှာကြံ မေးတတ်ပါသည်။ ကျွန်တော်လည်း အင်တာဗျူး အရေအတွက်က ကျွန်တော့်အသက်ထက်ပင် များနေတော့ အင်တာဗျူး အတွေ့အကြုံ တော်တော်ရနေပါပြီ။ ကုမ္ပဏီသေးသေး လေးမှ နိုင်ငံတကာ ကုမ္ပဏီကြီးများအထိ ဗျူးဖူးပါသည်။ ကုမ္ပဏီကြီး အများစုမှာ အလုပ်သဘောဆန်ဆန်သာ မေးကြပါသည်။ ဒီလိုနှင့် ကုမ္ပဏီ တစ်ခုပြီးတစ်ခု အင်တာဗျူးပေါင်းများစွာ ဗျူးရင်း စောင့်ရင်းနှင့် နောက်ဆုံး တော့ အိမ်ကပါလာသည့် ပိုက်ဆံကုန်တော့မည်။ အလုပ်ကလည်းမရသေး။ ရန်ကုန်ရဲ့ (Living Cost) လူနေမှုစရိတ် မြင့်မားသောကြောင့် အိမ်ကပါ လာသည့် ပိုက်ဆံရည်ရှည်မခံပါ။ အလုပ်ရခဲ့လျှင် လစာဘယ်လောက် ရမည်မသိ။ လောလောဆယ် နေ၊ စားစရိတ်မှာတော့ တစ်လလျှင် တစ်သိန်း နီးပါးကုန်သည်။ အိမ်ကလည်း ဘွဲ့တစ်ခုရသည်အထိ ထောက်ပံ့ခဲ့ပြီးဖြစ်သည်။ အသက်ကလည်း ၂၀ ကျော်၊ ခြေစုံလက်စုံ ဘွဲ့ရလူငယ်တစ်ယောက် အိမ်ကို ပိုက်ဆံတောင်းရတာ အားနာလာသည်။ မိဘကို ကျေးဇူးဆပ်ဖို့နေနေသာသာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် မနည်းကြိုးစားရဦးမည်။ ထို့ကြောင့် လူငယ်များမှာ ကိုယ့်ဘွဲ့နှင့် မဆိုင်သော်လည်း ဘဝပေးအခြေ အနေအရ ရရာအလုပ်ကိုသာ ဝင်လုပ်လိုက်ကြရသည်။

အချို့မှာ အဆင့်မြင့်ဘွဲ့များနှင့် သင်တန်းဆင်းလက်မှတ် တပုံတပင် ရှိသော်လည်း အလုပ်မရတာလည်းရှိသည်။ အလုပ်ရခဲ့သော်လည်း အခြေခံ လစာ အလွန်နည်းပါးသောကြောင့် လူနေမှုစရိတ်နှင့် မကာမိပါ။ အလုပ်သာ လုပ်နေရသော်လည်း အိမ်ကိုပြန်တောင်းနေ ရသည်။ တော်တော်တော့ ရယ်ချင်စရာကောင်းပါသည်။ တစ်ခါတလေတော့ ဒီဘွဲ့နှင့်ဒီအလုပ် မရတာ တော်တော် စိတ်ပျက်မိသည်။ ဒီအတိုင်းဆို ကိုယ်ယူခဲ့တဲ့မေဂျာကို အပြစ်တင်ရမည်လား၊ မြန်မာပြည်က ဘွဲ့ကို အပြစ်တင်ရမည်လား၊ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမည်လား ထို “လား” ပေါင်းများစွာနှင့် မြန်မာပြည်တွင် အလုပ်နှင့်လစာ တွက်ခြေမကိုက်လေတော့ ပြည်ပသို့ အလုပ် ထွက်လုပ်ကြကုန်သည်။

တစ်လောက facebook တွင် ပျစ်ပျစ်နှစ်နှစ် ဝေဖန်ထားသည်ကို ဖတ်လိုက်ရသည်။ ဘာတဲ့ ပြည်ပရောက် မြန်မာကူလီများ ဆိုလား။ ထိုင်းကူလီ၊ မလေးကူလီ၊ စင်္ကာပူကူလီ၊ ဂျပန်ကူလီ၊ ကိုးရီးယားကူလီ၊ ဒူဘိုင်းကူလီ၊ ကာတာကူလီ စသည်ဖြင့် စုံလို့။ ဒါကတော့ သူ့အထင် သူ့အမြင်ကို ဝေဖန်ထားတာဖြစ်မည်။ ပြည်ပတွင် မြန်မာလူမျိုးများ ပညာရှင် အနေနှင့် အလုပ်လုပ်နေကြတာလည်း ရှိတာပဲလေ။ ဥပမာ (Engineer, Accountant, Programmer, Doctor, Professor) မြန်မာပြည်က အချို့ဘွဲ့ရ လူငယ်များလည်း အတွေ့အကြုံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြည်ပသို့ အလုပ်လုပ်ရန် ထွက်နေကြမြဲပါပဲ။ အချို့မှာ သေချာ ပြင်ဆင်ပြီး သွားကြသည်မို့ အဆင်ပြေကြပါသည်။ ဒီလိုဆိုတော့လည်း ပညာရှင်များပြောသလို လုပ်သားအရင်းအမြစ် (Human Resource) ဆုံးရှုံးသွားခြင်းလား သို့မဟုတ် ဦးနှောက်ယိုစီးသွားခြင်းလား (Brain Drain) မပြောတတ်တော့ပေ။ Human Resource ဆိုတာကြီး မရှိတော့ လုပ်သားများကို တတ်အောင်၊ တော်အောင်၊ ထူးချွန်အောင် (Skill Worker) ဖြစ်အောင် လုပ်တဲ့လုပ်သား ဖွံ့ဖြိုးတိုးတက်မှု (Human Resource Development) ဆိုတာကြီးလည်း လုပ်လို့မရတော့ပါ။ တော်တဲ့ လုပ်သား၊ ညံ့တဲ့ လုပ်သား၊ သာမန်လုပ်သား၊ ထူးချွန်တဲ့ လုပ်သားတွေကို သူ့နေရာနှင့်သူ နေရာတကျ စီမံခန့်ခွဲတဲ့ လုပ်သားစီမံခန့်ခွဲမှု (Human Resource Management) ဆိုတာလည်း မရှိနိုင်တော့ပါဘူး။ ကျွန်တော်က HR Specialist တစ်ယောက်မဟုတ်တဲ့အတွက် HR, HRD, HRM ဆိုတာတွေကို ဒီလိုပဲနားလည်ထားပါတယ်။

အနှစ်ချုပ်ပြောချင်သည်မှာ ကျွန်တော်တို့ဟာ ဘဝတိုက်ပွဲအတွက် ပထမဆုံးခြေလှမ်းကို စတင်လျှောက်လှမ်းမည့် လူငယ်များဖြစ်ပါတယ်။ ကောင်းမွန်သည့် အတွေ့အကြုံများကိုလည်း မပိုင်ဆိုင်ထားကြပါ။ အိမ်ကို လက်ဖြန့် မတောင်းချင်တော့သည့် လူငယ်များအနေဖြင့် ကိုယ့်ခြေပေါ်ကိုယ် ရပ်တည်နိုင်ရေးအတွက်ပါ ထိုက်သင့်သောလစာကိုလည်း မျှော်လင့်ပါသည်။ နိုင်ငံတစ်နိုင်ငံဖွံ့ ဖြိုးတိုးတက်ဖို့အတွက် အလုပ်အကိုင်ရရှိရေး ကလည်း လွန်စွာ အရေးကြီးပါသည်။ ကိုယ့်နိုင်ငံတွင် ပညာသင်ယူပြီး တိုင်းတစ်ပါးတွင် အလုပ်သွားမလုပ်ချင်ပါ။ ထို့ကြောင့် လူငယ်များကို လက်တွဲခေါ်ပါ။ ကိုယ်ချင်းစာပေးပါ။ မြေတောင်မြှောက်ပေးကြပါ။

ကိုနေသွေး (B.E) - The Voice Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့