Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 15 April 2013

"မိန်းမသားတို့ရဲ့ သီးသန့်ဆင်းရဲ(၅)ပါး"


"မိန်းမသားတို့ရဲ့ သီးသန့်ဆင်းရဲ(၅)ပါး"

ဇာတိဒုက္ခသဘောကို ဗုဒ္ဓဟောကြားခဲ့သော်လည်းစင်စစ်၊ဇာတိ-ပဋိသန္ဓေနေခြင်းကားဒုက္ခမဟုတ်၊ပဋိသန္ဓေနေမှုအကြောင်း
ကြောင့်ဖြစ်ပေါ်လာသည့် ကာယိကဒုက္ခ၊စေတသိကဒုက္ခတို့ကိုထောက်ရှုလျက်သာ"ဒုက္ခ"ဟူ၍ဟောကြားတော်မူ၏။
ပဋိသန္ဓေနေခြင်းသည် အဘယ်ဒုက္ခ၏အကြောင်းဖြစ်သနည်းဟုဆိုပါလျှင်"ဥပရိပဏ္ဏာသ-ဗာလာပဏ္ဍိတသုတ်"တွင်ဗုဒ္ဓ
မြတ်စွာဘုရားရှင် သည်ဟောကြားတော်မူခဲ့ပါသည်။

ဇာတိကိုအကြောင်းပြု၍သတ္တ၀ါများတွေ့ကြုံခံစားရသောဒုက္ခ(၇)ပါးရှိပါသည်။
ယင်းတို့မှာ-

(၁)ဂဗ္ဘောက္ကန္တိမူလက ဒုက္ခ
(၂)ပဗ္ဘပရိဟရဏမူလကဒုက္ခ
(၃)ဂဗ္ဘုဝိပတတ္တိမူလကဒုက္ခ
(၄)၀ိဇာယနမူလကဒုက္ခ
(၅)ဗဟိနိက္ခမနမူလကဒုက္ခ
(၆)အတ္တူပက္ကမမူလကဒုက္ခ
(၇)ပရူပက္ကမမူလကဒုက္ခ ဟူ၍ ဒုက္ခ(၇)ပါးပင်ဖြစ်ပါ၏။

(နောင် အလျဉ်းသင့်လျှင် ထို ဒုက္ခ(၇)မျိုးအကြောင်းအသေးစိတ်အကျယ် တင်ပြပါမည်)
ယခု ကျွန်တော် ဦးစွာတင်ပြလိုသည်မှာ "မိန်းမသားတို့၏ သီးသန့်ဆင်းရဲ(၅)ပါး"အကြောင်းဖြစ်ပါသည်။
"သီးသန့်"ဆိုသည့်အဓိပ္ပါယ်က"အခြားမည်သည့်အရာနှင့်မျှမဆက်ဆံမရောနှောဘဲတစ်သီးတစ်သန့်ဖြစ်သည်"ဟုယူသော်ရ
မည်ထင်ပါသည်။
ပါဠိတော်တွင်"အာဝေဏိက"ဟုသုံးနှုံးပါသည်။သီးသန့်(၀ါ) သီးခြား ဖြစ်၏။"အာဝေဏိကဒုက္ခ"ဆိုသည်"သီးသန့်ဆင်းရဲ"ဟု
အဓိပ္ပါယ်ထွက်မည်ဖြစ်သည်။

ထို "အာဝေဏိကဒုက္ခ" ကိုယောက်ျားများမခံစားရပါ။ မိန်းမသားများသာ သီးသန့်ခံစားရပါသည်။
ထိုအကြောင်းအရာအပြည့်အစုံကို"သံယုတ္တနိကာယ်၊မာတုဂါမသံယုတ်၊အာဝေဏိကသုတ္တန်"တွင်လေ့လာနိုင်ပါသည်။
"ဗုဒ္ဓမြတ်စွာဘုရားရှင်" "သာဝတ္ထိပြည်၊ဇေတ၀န်ကျောင်း"တွင်သတင်းသုံးတော်မူခိုက် ရဟန်းတော်များကိုကရုဏာ၊ပညာ
နှစ်ဖြာရှေးရှုပြီး ဟောကြားခဲ့သည့် ဒေသနာဖြစ်ပါသည်။(ဘုရားဟော စစ်စစ်ဖြစ်ပါသည်)

ထို အမျိုးသမီးများ သီးသန့်ခံစားရသည့် ဆင်းရဲ(၅)မျိုးဟူသည်-
(၁)လောကတွင် အမျိုးသမီးသည် ငယ်ငယ်ရွယ်ရွယ်နှင့် လင်ယောက်ျားအိမ်သို့လိုက်ရသည်။ဆွေမျိုး၊မိဘများနှင့်ခွဲခွာနေရ
သည်။ဤသည်မှာ ပထမ ဆင်းရဲ ဖြစ်ပါ၏။

(၂)နောက်တစ်မျိုးမှာ "ဥတု"လာရခြင်းဖြစ်ပါသည်။ဒုတိယမြောက် သီးသန့် ဆင်းရဲဖြစ်ပါသည်။
(၃)တတိယမြောက်အျမိုးသမီးများ၏သီးသန့်ဆင်းရဲမှာ "ကိုယ်ဝန်ဆောင်ရခြင်း"ဖြစ်ပါ၏။
(၄)စတုတ္ထမြောက်သီးသန့်ဆင်းရဲမှာ"သားဖွားရခြင်း"ဖြစ်၏။
(၅)ပဉ္စမမြောက်ဆင်းရဲမှာကား လင်ယောက်ျား၏အလုပ်အကျွေးဘ၀တွင်နေရခြင်း၊လင်ယောက်ျားကိုပြုစုရခြင်းပင်ဖြစ်ပါ၏။
"အမျိုးသမီးတွေရဲ့ သီးသန့်ဆင်းရဲ(၅)မျိုး သိရတော့ ဘာဖြစ်သလဲ။ဘာထူး လာမှာမို့လို့လဲ" ဟု မေးစရာရှိပါသည်။
အချို့အချို့သော ယောက်ျားသားများသည် မိန်းမသားများကို မညှာတာတတ်ကြ။ရိုက်လား၊ပုတ်လား၊လုပ်ပါ၏။
ဆဲဆိုကြိမ်းမောင်း၏။စိတ်ဆင်းရဲစေသည့်စကားလုံးများနှင့်ထိုးနှက်တတ်ပေ၏။

ထိုသို့ပြုလုပ်ခြင်းသည် လူမဆန်ခြင်း၊ယုတ်မာခြင်းဖြစ်ကြောင်း"၀သလသုတ်ပါဠိတော်"နှင့်၎င်းအဋ္ဌကထာ၊တွင်လာ၏။
"ပုတ္တဒါရဿသင်္ဂဟ မင်္ဂလာ"အရ မိမိသားမယားအား ထောက်ပံသည့်နေရာတွင်-
၁။ဒါန=ပေးကမ်းခြင်း။
၂။ပေယျဝဇ္ဇ=ချစ်ဖွယ်သောစကားပြောကြားခြင်း။
၃။သမာနတ္တတာ=ကိုယ်နှင့်ထပ်တူ ပြုကျင့်ဆက်ဆံခြင်း
ဟူသော "သင်္ဂဟတရား(၄)ပါး"နှင့်အညီဆောင်ရွက်ရခြင်းဖြစ်သ
ဖြင့်မညှာမတာရိုက်ပုတ်ဆဲဆို၊စိတ်ဆင်းရဲအောင်ပြုခြင်းသည်"မင်္ဂလာ"မရှိတော့ခြင်းမည်ပါသည်။မင်္ဂလာမဲ့ကျက်သရေတုံး
သောယောက်ျားဘ၀သို့ ရောက်ရှိသွားမည်ဖြစ်၏။

ထို့ကြောင့် ယောက်ျားတိုင်း နှလုံးသွင်း ဆင်ခြင်နိုင်ဖို့မှာ-
"သြော်-မိန်းမသားဆိုတာ ငါတို့ထက်ပိုပြီး ဆင်းရဲဒုက္ခခံစားကြရတာရှာတာပဲ။ငါတို့ ညှာတာမှဖြစ်မယ်"ဟူသောအချက်ပင်
ဖြစ်ပါ၏။ ယင်းကို ထပ်ခါထပ်ခါ နှလုံးသွင်းဆင်ခြင်လျှင် ရိုက်ချင်၊ပုတ်ချင်၊ဆဲဆိုချင်စိတ်များလျော့ပါးကာ မေတ္တာစိတ်များ
တိုးပွားလာပါမည်။

"သပြေကန်ဆရာတော်ဘုရားကြီး"က "သင်္ဂဟတရားလေးပါး"ကို လင်္ကာ လေးဖြင့်-
ပေးကမ်းတစ်သွယ်
ချစ်ဖွယ်ဆိုရိုး
အကျိုးကိုကျင့်
ကိုယ်နှင့်တူထား
ဤလေးပါး
တရားသင်္ဂဟတည်း
-ဟု ဖွဲ့ဆိုပေးထား၏။
"သင်္ဂဟလေးပါး"နှင့်လည်း အညီ၊သမ္မာအာဇီဝလည်းကျကျ၊သားမယားကိုလုပ်ကျွေးပြုစုပါလျှင်"သိကြားမင်း"ကတောင်မှ
ရှိခိုးရကြောင်း"သက္ကသံယုတ်၊ဂဟဋ္ဌ၀န္ဒနာသုတ္တန်"တွင်ပါရှိပါသည်။

အနည်းငယ် အကျဉ်းချုံး တင်ပြပါမည်။
ဂဟဋ္ဌ၀န္ဒနာသုတ္တန်
"ဗုဒ္ဓမြတ်စွာဘုရား" "သာဝတ္တိ"တွင်ဟောကြားတော်မူခဲ့ခြင်းပင်ဖြစ်ပါသည်။
နတ်များကိုအစိုးရသော"သိကြားမင်း"သည်သိန္ဓောမြင်းတစ်ထောင် ကသည့် ဝေဇယန္တာရထားကြီးစီး၍ ဥယာဉ်တော်သို့
ထွက်တိုင်း အရပ်လေးမျက်နှာကိုလက်အုပ်ချီကန်တော့လေ့ရှိပါသည်။

ထိုသို့ကန်တော့ခြင်းကို "မာတလိနတ်သား"ကမြင်သောအခါ-

"နတ်တို့သေဋ္ဌ်နင်း သိကြားမင်း-
အသင်နတ်မင်းကြီးအား ဘုမ္မစိုး၊ရုက္ခစိုး စသောနတ်တို့နှင့်တကွ စတုမဟာရာဇ်၊တာဝတိံသာစသောနတ်တို့က ရှိခိုးရပါ
သည်၊ အသင် သိကြားမင်း က အဘယ်သူ့ ကိုရှိခိုးပါသလဲ "
ဟုမေးသောအခါ-

"သိကြားမင်း" က-
"မာတလိ-
အဟဉ္စ=ငါသည်ကား
သီလသမ္ပန္နေ=သီလနှင်ပြည့်စုံကြကုန်သော
စိရရတ္တသမာဟိတေ=ညဥ့်နေ့တို့ကာလပတ်လုံး၌ တည်ကြည်သောစိတ် ရှိကြကုန်သသော
သမာပဗ္ဗဇိတ=ကောင်းစွာရဟန်းအဖြစ်သို့ရောက်ကြကုန်သော
ဗြဟ္မစရိယပရာယနေ=မြတ်သောအကျင့်ကိုကျင့်လေ့ရှိကုန်သောအရှင်မြတ်တို့ကို
ဝန္နေ=ရှိခိုးပါ၏

ယေဂဟဋ္ဌာ=အကြင်အိမ်၌နေသူ လူဝတ်ကြောင်တို့သည်
ပုညကာရာ=ကောင်းမှုကုသိုလ်ပြုလုပ်ကြကုန်၏
သီလ၀န္တော=အကျင့်သီလနှင့်ပြည့်စုံကြ၏
ဥပသကာ=ရတနာသုံးပါးကိုလည်းကိုးကွယ်ဆည်းကပ်တတ်ကုန်၏။
ဓမ္မေန=တရားသဖြင့်
ဒါရံ=သားမယားကို
ပေါသေန္တိ=ပြုစုလုပ်ကျွေးတတ်ကုန်၏
တေ=ထို လူသားတို့ကို
နမဿမိ=ရှိခိုးပါ၏။"
ဟု ပါဠိတော်တွင်ပါဝင်ပါသည်။အမျိုးသားများမှတ်သားနိုင်ရန်ဖြစ်ပါသည်။

အမျိုးသမီးများကလည်း အလျော့ပေးတိုင်းကိုယ့်အမျိုးသားအပေါ်အနိုင်မယူချင်ရပါ။
ယောက်ကျားအာအနိုင်ကျင့်စော်ကားလျှင်သော်ကား"ငရဲ"ကျတတ်ပါ၏။နောက်တစ်ဖန်လူပြန်ဖြစ်ခွင့်ရလျှင်လည်း "မိန်းမ"
သာလျှင် ထပ်ဖြစ်ပါသည်။

အမျိုးသားယောက်ျားအား-
"အိမ်တွင်းမှုလုပ်
သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင်
လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ
ဝတ်ငါးဆူ
အိမ်သူကျင့်အပ်စွာ"
ဆိုသည့်အတိုင်း လိမ္မာယဉ်ကျေး၊ပျော့ပျောင်းချိုသာစွာဆက်ဆံလျှင် ကုသိုလ်ရပါ၏။
ငရဲမကျသည့်အပြင် နောက်ဘ၀တွင် ယောက်ျားဆုပန်၍လားရပါသည်။
ယောက်ျားဖြစ်လျှင်-
အမျိုးသမီးတို့၏သီးသန့်ဆင်းရဲ(၅)မျိုးမှ လွတ်ပြီပေါ့။

ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့