Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 May 2013

ပုဂ္ဂလိကသတင်းစာဈေးကွက် ပြိုင်ဆိုင်မှုပြင်းထန်

သတင်း ဂျာနယ် ဈေးကွက် အတွင်း ဦးဆောင်နေသော ဂျာနယ်အများစုမှ ထုတ်ဝေသော ပုဂ္ဂလိက သတင်းစာများ ဈေးကွက်တွင် စုံသလောက် ဖြစ်လာပြီးနောက် ပုဂ္ဂလိက သတင်းစာများ ဈေးကွက်ဝေစု ရရှိရန် ယှဉ်ပြိုင်မှု ပြင်းထန်လာသည်။

ဖွံ့ဖြိုးပြီးနိုင်ငံအများစုတွင် နေ့စဉ်ထုတ်သတင်းစာများ၏ ရပ်တည်ရေးမှာ ခက်ခဲနေပြီး ပုံနှိပ်မီဒီယာမှ အွန်လိုင်းမီဒီယာသို့ ပြောင်းလဲရပ်တည်နေရချိန်တွင် မြန်မာနိုင်ငံတွင်မူ ဆယ်စုနှစ်လေးခုကျော်ကြာမှ ပြန်လည်ထွက်ရှိလာသော ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ၏ ယှဉ်ပြိုင်မှုရေချိန်မှာ အမြင့်ဆုံးအချိန်ဖြစ်နေသည်။

သတင်းစာတစ်စောင်၏ စီမံခန့်ခွဲမှုနှင့် သတင်းခန်းကုန်ကျမှုမပါ အသားတင်ကုန်ထုတ်မှု ကုန်ကျစရိတ်မှာ ကျပ် ၁၆၀ ၀န်းကျင် ရှိနေသည်။ သို့သော် ဖြန့်ချိရေးကိုယ်စားလှယ်များထံသို့ တစ်စောင်လျှင် ကျပ်တစ်ရာဝန်းကျင်နှုန်းဖြင့်သာ လက်ကားစနစ်ပေးရရာ ဖြန့်ချိသည့်စရိတ်၌ပင် ကျပ်ခြောက်ဆယ်ခန့် ရှုံးနေပြီဖြစ်ကြောင်း စံတော်ချိန် နေ့စဉ်သတင်းစာတိုက်ပိုင်ရှင် ဦးကိုကိုလေးက တွက်ချက်ပြသည်။

သတင်းစာထုတ်ဝေသူအများစု၏ တူညီသော မျှော်လင့်ချက်မှာ ထုတ်ဝေပြီး ကာလတစ်ခုအကြာတွင် ရပ်တည်ကျန်ရစ်ခဲ့မည့် သတင်းစာထဲ၌ မိမိတို့သတင်းစာ ပါဝင်ရေးပင်ဖြစ်သည်။ လက်ရှိ ထုတ်ဝေနေသည့် ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများမှာ တစ်နှစ်တာကာလကို ပစ်မှတ်ထား၍ ဈေးကွက်ဝေစုရရှိရန် သတင်းထူးသတင်းဦး တင်ဆက်မှုများစွာဖြင့် သတင်းစာပြေးလမ်းတွင် မိုင်ကုန်မောင်းနှင်နေကြပြီဖြစ်သည်။

“ဘယ်သူဘယ်လောက်ထိ အရှုံးခံနိုင်မလဲဆိုပြီး အရှုံးနဲ့ဆက်သွားနေချိန်မှာ ပုဂလိကနေ့စဉ် ထုတ် သတင်းစာတွေကို သတင်း
စာလို့မြင်ပြီး ဖတ်လာဖို့ ပြည်သူလူထုရဲ့ Mind Set တွေ အပြောင်းကို သတင်းစာထုတ်တဲ့သူတိုင်းက စာင့်ကြည့်နေကြတယ်” ဟု ရန်ကုန်တိုင်းမ်နေ့စဉ်ထုတ် သတင်းစာ အယ်ဒီတာချုပ်ဦးကိုကိုက ပြောသည်။

ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများကို သတင်းစာအင်္ဂါရပ်နှင့် အနီးစပ်ဆုံးတူညီအောင် လုပ်ကိုင်နေသော်လည်း နိုင်ငံပိုင်သတင်းစာများကဲ့သို့ အစိုးရနှင့် နီးစပ်သည့် သတင်းများ ဖော်ပြနိုင်မှုအားနည်းခြင်း၊ လူမှုရေး၊ သာရေး၊
နာရေးကြော်ငြာများတွင် နိုင်ငံပိုင်သတင်းစာများလောက် နေရာယူနိုင်မှု အားနည်းသေးခြင်းနှင့် နိုင်ငံပိုင်သတင်းစာများ၏ ဈေးနှုန်းနှင့် လေးဆနီးပါး ကွာဟခြင်းတို့မှာလည်း စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသေးကြောင်း ဦးကိုကိုက ဆိုသည်။ ဈေးကွက်ဝေစုရရန်ထက် နေ့စဉ်ထုတ်သတင်းစာ အများစုထဲတွင် စာဖတ်သူအတွက် အမှန်တကယ်
သိသင့်သိထိုက်သည့် သတင်းများတင်ဆက်နိုင်သော၊ သတင်းစာပီသသည့် သတင်းစာများသာ ရေရှည်ရပ်တည်နိုင်မှာဖြစ်ကြောင်း The Daily Eleven မှ အယ်ဒီတာချုပ်ဦးဝေဖြိုးက ပြောသည်။

သတင်းစာပြေးလမ်းတွင် ထုတ်ဝေသူအများစု ရင်ဆိုင်နေရသည့် အခက်အခဲမှာ လူသားရင်းမြစ် ရှားပါးမှု၊ အခြေခံအဆောက်အအုံ မလုံလောက်မှုနှင့် ဖြန့်ချိရေးပြဿနာတို့ ဖြစ်သည်။ ယင်းအခက်အခဲကို ဖြေရှင်းနိုင်မှု ပမာဏပေါ်မူတည်၍ ရေရှည်ရပ်တည်နိုင်မည့် သတင်းစာများ ကျန်ရစ်နိုင်မည်ဖြစ်ကြောင်း စံတော်ချိန်နေ့စဉ်သတင်းစာမှ ဦးကိုကိုလေးက ပြောသည်။

“အခုဒီမှာ သတင်းစာတွေက Door To Door အိမ်အရောက်ပို့စနစ်မသွားနိုင်တာကလည်း သတင်းစာတွေစောင်ရေမတက်တဲ့ ရှိသင့်ရှိထိုက်တဲ့ စောင်ရေကို ချက်ချင်းတက်မလာနိုင်တဲ့ အခက်အခဲပဲ” ဟု The Voice Daily သတင်းစာမှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောသည်။

သတင်းစာများ ရေရှည်ရပ်တည်နိုင်ရေးအတွက် သတင်းစာတိုက်ကြီးများ ရုန်းကန်နေရချိန်၊ ဖြန့်ချိရေးအများစုမှာလည်း ထွက်ရှိသည့်သတင်းစာ များလာသည်နှင့်အမျှ ၀န်ထမ်းများထပ်ခန့်ရပြီး အကျိုးအမြတ်ထက် အလုပ်ပိုများလာခြင်းသာ အဖတ်တင်နေကြောင်း ဖြန့်ချိရေးအများစုက ဆိုသည်။

“နောက်ခုနစ်လ၊ ရှစ်လလောက်ဆိုရင် ကောင်းကောင်းရပ်တည်နိုင်မယ့် သတင်းစာ၊ ဂျာနယ်ကျန်ခဲ့မယ့်အချိန်ကို မျှော်လင့်ပြီး ရပ်တည်နေရတာ။ အကျိုးအမြတ်ကလည်း အခု ဘာမှ မရှိသေးဘူး” ဟု နန်းဦးစာပေက ပြောသည်။

သတင်းစာများကြောင့် အမှန်တကယ် အလုပ်ဖြစ်နေသည့် ပုံနှိပ်စက္ကူရောင်းဝယ်သူများ၊ ပုံနှိပ်တိုက်များ၊ ကာလာခွဲသည့် လုပ်ငန်းများနှင့် သတင်းစာခေါက်သည့် ဘိုင်းနင်းလုပ်ငန်းစသော သတင်းစာနှင့် ဆက်စပ်လုပ်ငန်းတို့ဖြစ်သည်။ ပုံနှိပ်တိုက်များတွင် ယခင်က အပတ်စဉ်ထုတ် ဂျာနယ်များအတွက် ညဘက်ဂျူတီ သုံးရက်ခန့်ဆင်း၍ ပုံနှိပ်ရသော်လည်း ယခုအခါ နေ့၊ ည အဆိုင်းနှစ်ခုခွဲ၍ ၂၄ နာရီ လည်ပတ်နေရခြင်းကြောင့် ပုံနှိပ်နေ့စားအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပိုများလာကြောင်း သုဝဏ္ဏသိင်္ဂီ ပုံနှိပ်တိုက်မှ ကိုမိုးကျော်က ပြောသည်။

“ကျွန်တော်တို့ ပုံနှိပ်တိုက်မှာ နေ့စားပုံနှိပ်သမား ဆယ်ယောက်ထပ်ခေါ်ထားရတယ်။ နေ့ညအဆိုင်းနှစ်ခုခွဲပြီး နားရက်မရှိ လည်ပတ်နေရတယ်။ သတင်းစာအပ်ထည်တွေ ပိုရလာတဲ့အတွက် ၀န်ထမ်းထပ်ခန့်တာနဲ့အမျှ ၀င်ငွေလည်း ကျွန်တော်တို့ ပိုတိုးပါတယ်။ ပုံနှိပ်သမားတွေကတော့ ကိုယ်လုပ်ရင် လုပ်နိုင်သလောက်ကို ရနေတာ” ဟု ကိုမိုးကျော်က ပြောသည်။

ထို့အပြင် ဖလင်ခွဲသည့် လုပ်ငန်းများတွင်လည်း နေ့စဉ်ထုတ် သတင်းစာအပ်နှံမှုများ ပိုမိုရရှိလာပြီး ၀င်ငွေတိုးလာကြောင်း ၂၄ နာရီ ဖလင်ကာလာခွဲနေသည့် Eagle ပုံနှိပ်နှင့် ဖလင်ခွဲလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အရင်ကတည်းက ၂၄ နာရီဖွင့်တော့ ၀န်ထမ်းထပ်ခေါ်စရာတော့ မလိုဘူး။ နေ့စဉ်သတင်းစာက လေး၊ ငါးစောင်လောက် တိုးလာတော့ ၀င်ငွေတော့ ပိုလာတာပေါ့” ဟု ၎င်းကပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများကို ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်၍ ထုတ်ဝေခွင့်ပြုလိုက်ပြီး လက်ရှိတွင် မြန်မာဘာသာဖြင့် ၂၄ စောင်၊ အင်္ဂလိပ်ဘာသာဖြင့် နှစ်စောင်၊ စုစုပေါင်း ၂၆ စောင် ရှိပြီဖြစ်သည်။ ထိုထဲမှ သတင်းစာ ၁၀ စောင် ထုတ်ဝေနေပြီး ခေတ်သစ်နေ့စဉ်သတင်းစာမှာ ရက်အနည်းငယ်ထုတ်ဝေပြီး ရပ်နားသွားသည်။ ထို့ကြောင့် လက်ရှိတွင် ပုဂ္ဂလိကသတင်းစာ ကိုးစောင်သာ ဈေးကွက်ဝေစုရရှိရေး ယှဉ်ပြိုင် ထုတ်ဝေနေသည်။

ဖြန့်ချိရေးကိုယ်စားလှယ်များ အဆိုအရ Daily Eleven ၊ The Voice Daily နှင့် 7DAY Daily တို့မှာ လက်ရှိဈေးကွက်တွင် ဦးဆောင်နေသည်။

“အရှုံးကိုတော့ ကြိုပြီးတွက်ချက်ထားတာတော့ ရှိပါတယ်။ တစ်နိုင်တစ်ပိုင် လုပ်တာဆိုတော့ တတ်နိုင်သမျှ မရှုံးအောင်လုပ် တယ်။ ဘယ်လောက်ထိ အရှုံးခံနိုင်မလဲ ဆိုတာတော့ ပြောရခက်ပါတယ်” ဟု ဦးကျော်မင်းဆွေက ပြောသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်လေးခုကျော်က ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာကြီးများ အပြိုင်အဆိုင် အားကောင်းခဲ့သော တော်လှန်ရေးကောင်စီလက်ထက် မတိုင်မီကာလက သတင်းစာဈေးကွက် အောင်မြင်မှုမျိုးကို ပြန်လည်ရရှိရန် စိန်ခေါ်မှု၊ စွန့်စားမှုများစွာကို ရင်ဆိုင်ရဦးမည်ဖြစ်ပြီး အရေးကြီးဆုံးအချက်ကို ဦးဝင်းတင်က ယခုကဲ့သို့ပြောသည်။

“သတင်းစာမှာ အရေးကြီးဆုံးက အရည်အသွေးရှိတဲ့ အားကိုးရတဲ့ သတင်းထောက်တွေရှိဖို့ ပဲ”။

အရှုံးခံနိုင်မည့်သူသာ ဈေးကွက်တင်ကျန်ခဲ့မည်ဟု ပုံသေနည်းကျ တွက်ဆ၍ မရသော်လည်း ငွေအင်အားများမျာနှင့် လည်ပတ်နိုင်ခြင်းက သတင်းစာတစ်စောင် ရေရှည်ရပ်တည်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း သတင်းစာထုတ်ဝေသူများက မှတ်ချက်ပြုသည်။

“သတင်းစာတွေက အချင်းချင်းပြိုင်တာထက် သတင်းစာထုတ်တဲ့သူ ဘယ်သူပိုချမ်းသာလဲဆိုတာ ပြိုင်နေတာဖြစ်နေပြီ” ဟု စံတော်ချိန်နေ့စဉ်မှ ဦးကိုကိုလေးက ပြောသည်။



ရေးသားသူ- အေးသူစံ၊ ဗိုလ်ဗိုလ်ဝင်း၊ ဆွေမွန်
7Day News Journal

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့