Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 2 May 2013

ရှေ့နေများကန့်ကွက်ထားသည့် စုပေါင်းတိုင်းတရားရုံး ကြယ်ငါးပွင့် ဟိုတယ် ဆောက်မည်

ပုဂ္ဂလိကပိုင်ပေး၍ ဟိုတယ်လုပ်ကိုင်ခွင့် ပြုလိုက် သဖြင့် ရှေ့နေများ ကွန်ရက်က ကန့်ကွက်ထားသော ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ ရန်ကုန်တိုင်း စုပေါင်းတိုင်းတရားရုံးကို ကြယ်ငါးပွင့်အဆင့် ဟိုတယ်အဖြစ် ပြင်ဆင်သွားမည် ဖြစ်ကြောင်း တင်ဒါအောင် Flying Tiger Engineering ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးသောင်းထိုက်မင်းက ပြောကြားသည်။

ရန်ကုန်တိုင်း စုပေါင်းတိုင်း တရားရုံးသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဟု ဆိုသော်လည်း အတွင်းပိုင်း တွင် ယဉ်ကျေးမှု အမွေအနှစ်ဟူ၍ အနည်းအကျဉ်းသာ ရှိကြောင်း Flying Tiger Engineering ကုမ္ပဏီ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးတင်ညွန့် က ဆိုသည်။
"အထဲမှာ ဘာမှမရှိဘူး ။ ဟောင်းလောင်းကြီး။ ယဉ်ကျေးမှုအမွေအနှစ် ဆိုတာ နှစ်တွေကြာလို့ ဒီအဆောက်အအုံကို ခေါ်တာ။ အပြင်ပိုင်း Structure ပုံစံကို ပြောတယ်ထင်ပါတယ်" ဟု ၄င်းကဆိုသည်။

ယင်းအဆောက်အအုံကို ဟိုတယ်ဆောက်ရန် အတွက် နိုင်ငံတော်သို့ မြေယာအသုံးပြုခ ပရီမီယံကြေး အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၄ သန်း ပေးသွင်းထားကြောင်း၊ ဟိုတယ် ဆောက်ပြီးပါက လစဉ်ဝင်ငွေ၏ ၅ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရန် သဘောတူချက်ဖြင့် ဟိုတယ်လုပ်ခွင့် ရရှိခဲ့ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ကနဦးနှစ် ၅၀ ငှားရမ်းခွင့် ရရှိမည်ဖြစ်ကြောင်း၊ ဟိုတယ်လုပ်ငန်းကို စင်ကာပူကုမ္ပဏီ တစ်ခုနှင့် ဖက်စပ်လုပ်ကိုင်မည် ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် The Future of “The State House” သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ယင်းသို့ပြင်ဆင်ရာတွင် တိုင်းတရားရုံး ၏ အပြင်ပိုင်းကို ကြာရှည်ခံရန် အတွက် စင်ကာပူ DP Architect Pte.,Ltd မှ ခေတ်မီနည်း ပညာများဖြင့် ပြင်ဆင်မှုများ ပြုလုပ်မည်ပြီး မူရင်းမပျက် စေဘဲ စင်ကာပူနိုင်ငံ Fullerton ဟိုတယ်ပုံစံ ပြုပြင်မည်ဖြစ်ကြောင်း မန်နေဂျင်း ဒါရိုက်တာ ဦးသောင်းထိုက်မင်း ကဆိုသည်။
"အချုပ်ခန်းလိုမျိုး ဖြစ်နေတဲ့ ဟိုတယ်နဲ့ မသင့်လျော်တဲ့ ဟာမျိုးတွေ ကိုတော့ ဖျက်ရမှာပေါ့"ဟု ၄င်းကဆိုသည်။

ရှေ့နေများကွန်ရက်သည် နိုင်ငံသားပိုင် ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းကဲ့သို့ စောင့်ရှောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဟိုတယ်ပြုလုပ်မှု ရပ်တန့်ရန် အစိုးရသို့ နို့တစ်စာ ပေးပို့ပြီးဖြစ်၍ ရက်ပေါင်း ၆၀ အတွင်း စောင့်ကြည့်ရုံသာ ရှိကြောင်း ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုသည်။
"ကျွန်တော်တို့အနေနဲ့ ကိုယ်ထိလက်ရောက် လုပ်နိုင်တဲ့ အခြေအနေ မရှိပါဘူး။ ပြည်ထောင်စုအစိုးရကို တရားစွဲဖို့ ရက် ၆၀ ကျော်ရင် အစည်းအဝေး လုပ်ပြီး ဆုံးဖြတ်မယ်" ဟု ၄င်းကဆိုသည်။

ရန်ကုန်မြို့အတွင်းရှိ ယဉ်ကျေးမှု အဆောက်အအုံ ၁၈၈ ခုတွင်ပါဝင်သော ယင်းအဆောက်အအုံကို ၁၉၂၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် အတွင်းက ပုလိပ်မင်းကြီးရုံး၊ ၁၉၇၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီဌာနချုပ်၊ ယင်းနောက်ပိုင်း ရန်ကုန်တိုင်း စုပေါင်း တိုင်းတရားရုံးအဖြစ် အသုံးပြုခဲ့ရာ သက်တမ်းအားဖြင့် ၈၅ နှစ် ကျော်လွန်ပြီ ဖြစ်သည်။

The Voice Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့