ပါရမီဆယ်ပါး သော့ချက်များ ( အပိုင်း ၃) သမာဓိ ပါရမီ
PLEASE CLICK THIS PICTURE TO READ PDF FILE
၃-နေက္ခမ္မ ပါရမီ
နေက္ခမ္မ ဟူသည် အာရုံမှ ထွက်ခွာနိုင်ခြင်းကို ဆို၏၊ နေက္ခမ္မ ပါရမီတော်သည် အဓိကချစ်ခြင်း၊ မုန်းခြင်း နှစ်ပါးတို့ ကိုကျော်လွှားနိုင်ရန် ပင်ဖြစ်သည်။
အာရုံမှ မိမိစိတ်ထွက်ခွာကျောခိုင်းနေနိုင်လျှင်--- စိတ်နေက္ခမ္မ ဆိုရ၏၊
အာရုံလွတ်ရာဆီသို့ မိမိကိုယ်ကို ထွက်ခွါနေစေခြင်းသည်--- ကိုယ်နေက္ခမ္မ ဆိုရ၏၊
အရေးကြီးသည်မှာ ကာယနေက္ခမ္မထက် စိတ္တနေက္ခမ္မဦးစားပေးရန် ပင်တည်း၊
ပါရမီဖြည့်ဆဲမှာ အလွတ်အကျွတ်ထွက်လိုသူကို မလွတ်တလွတ် အဖျက်များဝင်လါတတ်ပေသည်၊
တိတ်ဆိပ်ငြိမ်သက်ရာ တောတောင်သစ်ပင်အရိပ်သို့ ချည်းကပ်လိုခြင်း၊ တစ်ကိုယ်တည်းထည်းနေလိုခြင်း၊ ဆိတ်ငြိမ်မှုကို လိုလားနှစ်သက်ခြင်း သည် နေက္ခမ္မ အဇ္ဈာသယ ဓာတ်အားများကိန်းလာ၍ ဖြစ်သည်၊
တောတောင်အကြားတပါးတည်းနေသော်လည်း စိတ်သည်အာရုံဟောင်းတို့ အကြား ဆော့ကစားနေပါက နေက္ခမ္မပါရမီ မရောက်ပေ၊ ဆိုလိုသည်မှာ ဆိပ်ငြိမ်ရာတောအရပ် တွင်နေသော်လည်း စိတ်သည်အတွေးပေါင်းများစွာဖြင့် ဥာဏ်မကူ ဘဲ အကျင့်မှအသိသို့ မရောက်ပါမူ ပါရမီမဖြစ်၊ စိတ်ရင့်ကျက်မှုမရှိသေးက တောထွက်သော်လည်း စိတ်များထွက်နေမည်ဖြစ်သဖြင့် အကျိုးမရှိ၊
နေက္ခမ္မ ပါရမီ ၊ နေက္ခမ္မဥပ ပါရမီ၊ နေက္ခမ္မ ပရမတ္ထပါရမီ ဟူ၍ သုံးမျိုးရှိသည်၊
နေက္ခမ္မ ပါရမီ ဆိုသည်မှာ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ ဖြင့် အခြေခံဈာန် သမာဓိ ရရုံ ( မျက်စိ နားစသည် ဣနြေ္ဒ များကို နိုင်နင်းခြင်း) ကာယဝိဝေက ကိုဖြစ်စေခြင်းကိုဆိုသည်။
စိတ်ကစားမှု မနောမှ ဖြစ်လာသမျှစိတ် များကို မှတ်စိတ်မှ မှတ်စိတ်သို့ ချည်း အမှတ်ချင်းဆက်စပ်နေအောင် ကျင့်နေခြင်းသည် စိတ္တဝိဝေက ဖြစ်စေသည်၊
နေက္ခမ္မ ဥပပါရမီ ဆိုသည်မှာ စိတ်မကလက် မလှုပ်ယှက်တော့သော စတုတ္ထဈာန်အဆင့်ထိ တက်ရောက်ခြင်းကို ဆိုသည်၊
နေက္ခမ္မ ပရမ္မတ္ထ ပါရမီ ဆိုသည်မှာ ထိုမှတဆင့် အဘိညာဉ်၏ မဟိဒ္ဓိ သိဒ္ဓိ အရာသို့ ဝင်ရောက်ခြင်းကို ဆိုသည်၊
နေက္ခမ္မ ပါရမီတော် သည် အဓိက ချစ်ခြင်း၊ မုန်းခြင်း နှစ်ပါး တို့ ကို ကျော်လွှားနိုင်ရန်ပင် ဖြစ်သည်၊ မြင်ဆဲ ကြားဆဲ တွင်ဖြစ်ပေါ်လာသော စိတ်များအပေါ်တွင် အကောင်းထင်၊ အဆိုးမြင်မှု ၊ အတိတ်ကိုတွေး၍ မနောတွင်ဖြစ်ပေါ် လာသော စိတ်များ အပေါ်တွင် ၊ အကောင်းတွေး အဆိုးတွေးမှု မဖြစ်စေဘဲ သဘောပဲဟု သိနေနိုင်ခြင်း သည် အာရုံ နှင့်စိတ် မချိတ်မိစေသော နိက္ခမ္မပါရမီဓာတ်များပင်၊
ဒါနဖြင့်မနိုင်သောတဏှာကို သီလကဝိုင်းကူ၊ တစ်ဖန် သီလဖြင့် မနိုင်ဝန်ကို နေက္ခမ္မက ဝိုင်းကူ အားဖြင့် အထက်ထိ အဆင့်ဆင့် တက်ရောက်ရချေမည်၊
ဤနေက္ခမ္မ ပါရမီဖြင့် သီလဗ္ဗတ ပရာမာသာ သံယောဇဉ်ကို ပယ်၏၊
ဤပါရမီတော် အရာ၌ တေမိမင်းသားကြီးသည် သာဓကအရာတည်၏။
၎-ခန္တီ ပါရမီ
မကြိုက်၊ အကြိုက် ၊ အတိုက် ဒဏ်များကို သီးခံနိုင်ရမည်၊
မကြိုက်ဒဏ် ခံနိုင်သည်ထက် အကြိုက်ဒဏ် ခံနိုင်ဖို့ အရေးကြီး၏၊
အကြိုက်ဒဏ်ခံနိုင်သည်ထက် အတိုက်ဒဏ်ခံနိုင်ဘို့ က သာ၍ အရေးကြီး၏။
ခန္တီ ပါရမီသည် ကောင်းဆိုး နှစ်တန်လောကဓံ နှင့်ကြုံတိုင်း၊ စိတ်ထားလည်းကြံ့ ခိုင် အမြင်မှန်လည်းပေါ်စေသော ပါရမီမျိုးစေ့ ဖြစ်၏၊
စိတ်ထားကား ကြံ့ ခိုင်သည်၊ အမြင်မှန် မပေါ်လျှင် ပါရမီမပါပေ၊
အမြင်မှန်ကားပေါ်သည်၊ စိတ်ထားက မကြံ့ ခိုင်က ခန္တီမဟုတ်ချေ။
-----အတိတ်နောက်ကြောင်းမှ မိမိ၏မိတ်ကောင်းများ အကောင်းအကြောင်းပြလျက် တားဖျက်ကြခြင်း၊
----- မိမိ၏ရန်ဟောင်း မကောင်းအကြောင်းပြများဖြင့် နှောက်ယှက်လာခြင်း၊
-----မိမိ၏လက်ရှိ အတူနေတို့ ( လင်နှင့် မယား) အကျင့်မတူ မူကွဲကာ အတူမတွဲလိုသဖြင့်လည်း နှောက်ယှက် ဖျက်လာတတ်သောအခါ တွေ့ သမျှကောင်းဆိုးဒဏ်ကို သီးခံခြင်းဖြင့် ပါရမီဖြစ်စေရာ၏၊
ခန္တီ ပါရမီ၊ ခန္တီ ဥပ ပါရမီ၊ ခန္တီ ပရမ္မတ္တ ပါရမီ ဟူ၍ သုံးမျိုးရှိသည်၊
ခန္တီ ပါရမီသည် မာနသံယောဇဉ်ကို ပယ်သည်။
ပါရမီရှင်ဖြစ်က အာရုံနှင့် အကြည်ဓါတ်ခံတို့ သူ့ အာရုံနှင့် သူ့ တံခါး ဝင်ထွက်သွားလာနေကြသော သူမပါ ငါကင်းလေသည့် ဖြစ်ရိပ်ပျက်ရိပ် သဘောသက်သက်များကို အရှိအရှိအတိုင်း မြင်သိသိနေပေမည်၊
အမှန်သိသူ လောကဓံကို ပြုံးကာခံနေနိုင်၏
အမှန်အမှန်အတိုင်း သိနေသူသည် ငရုပ်သီးစား စပ်ရန်ကောဟု ရန်မလုပ်တော့၊ ထန်းလျက်စား ချိုရန်ကောဟု ရန်မမူတော့၊ အကြိုက်တွေ့ တိုင်းလဲမလိုက်တော့၊ မကြိုက်ကြုံတော့လဲ မမုန်းတော့၊ လောကဓံကို ပြုံးကာခံနိုင်အောင် အရှိကို အမှန်မြင် အမှန်သိ အောင်သာ မှတ်စိတ် များဆက်အောင်ခန္တီ ဖြင့်နေနေတော့သည်၊
ခန္တီ ပါရမီသည် အခြားဒါန စသည်တို့ ကဲ့ သို့ ငွေပေးယူ၍ မရပြီ၊ ခန္တီ ပါရမီသည် သူတစ်ပါးမစော်ကားဘဲလည်း မိမိတပါးတည်း ဖြည့်ကျင့်၍ မရပြီ၊ စော်ကားလာသူကိုပင် ပါရမီဖြည့်ရှင်ဟူ၍ ကျေနပ်စေရာ၏၊
အလောင်းတော်သည် ဘူရိဒတ်ဘဝတွင် သီလကိုမှီ၍ ခန္တီပါရမီတော်ဖြည့်ကျင့်ခဲ့သည်။
၅-သစ္စာ ပါရမီ
မည်သည့်အခါတွင် သစ္စာဆိုရမည်နည်း
---စည်းစိမ်ဥစ္စာ အသက် အင်္ဂါခြေလက်တို့ သို့ အန္တရာယ်ကျရောက်လာသည့်အခါ
----မိမိသွားလမ်း အဆီးအပိတ် အဖျက်များနှင့် ရင်ဆိုင်တိုးမိလေသည့်အခါ
----မိမိ၏သီလ စွမ်းအားစမ်းသပ်လိုသည့်အခါ သစ္စာဆိုရ၏။
----မိမိ၏ အကျင့် ရင့်မရင့် ကိုစီစစ်ရာတွင် သစ္စာ ပါရမီသည် အရေးပါသည်၊
သီလကိုစောင့်ထိမ်းနေသောကြောင့် အကြံမှန်။ အပြောမှန်၊ အကျင့်အလုပ်မှန် နေသည်ကို ဤသစ္စာဖြင့်စမ်းသပ်ရာ၏၊
နိက္ခမ ပါရမီ ဖြည့်ကျင့်ဆဲ အလွတ်အကျွတ်ထွက်လိုသူ ကို အဖျက်ဝင်လာတတ်ချိန်၊ ခန္တီပါရမီ ဖြစ်ဖို့ ရန် တွေ့ သမျှ ကြုံသမျှ ကောင်းဆိုးဒဏ် ကိုခံရင်း ဥာဏ်ရင့်လာရန် ဤသစ္စာဖြင့်ဆက် ရင့်ကျက်စေရာ၏၊
သစ္စာသည် အမှန်ဖြစ်ပြီး၊ ပါရမီသည် ထို အမှန်ကိုမှီလျှက်က စိတ်ရင့်ကျက်စေခြင်းပင်၊ စိတ်မရင့်ကျက်က ပါရမီမဖြစ်နိုင်၊
ထိုသစ္စာပါရမီသည် အောက်အခြေခံ ဒါန၊ သီလ၊ နေက္ခမ္မ ခန္တီတို့ နှင့် အထက်ရှိ အဓိဋ္ဌာန်၊ ဝီရိယ၊ ပညာတို့ ၏ ပေါင်းကူးပင်ဖြစ်သည်။ တနည်းဆိုရသော် အခြေခံ တို့ ကိုခြေကုပ်ယူကာ တဆင့်မြင့် ဖြည့်ကျင့်ရသောပါရမီမျိုး၊ အထက်ပါရမီ တက်ရန်ကူပေးရခြင်းဖြစ်သည်၊ ဒါနသီလ ပါရမီကဲ့ သို့ ပစ္စည်းစွန့် လှု၍ သစ္စာဆိုခြင်းမဟုတ်၊ အင်္ဂါခြေလက်စွန့် လွှတ်၍ သော်၎င်း၊ အသက်စွန့် လွှတ်၍သော်၎င်း သစ္စာဆိုခြင်းမျိုးကားမဟုတ်၊
ဤတွင်လည်း သစ္စာ ပါရမီ၊ သစ္စာဥပ ပါရမီ၊ သစ္စာပရမ္မတ္ထ ပါရမီဟူ၍ သုံးမျိုးခွဲနိုင်သည်၊ သို့ မဟုတ် အခြေပြု၊ အနု၊ အရင့် ဟု သုံးမျိုးခွဲနိုင်သည်။
၁- သစ္စာဖြင့် စိတ်ရင့်ကျက်စေရာ သစ္စာပါရမီ ဖြစ်စေသည်။အန္တရာယ်တစ်စုံတစ်ရာကြုံလာသောအခါ - မိမိဖြည့်ကျင့်ခဲ့ ပြီးသောပါရမီအရှိန်အဟုန် သတ္တိတို့ ကိုအာရုံပြု၍ အမှန်ဆို တိုင်တည်ကာပြုကျင့်ရာ၏၊
( အလောင်းတော် ငါးရန့် မင်းဘဝက ဆွေမျိုးများ ရေနည်းပါးကာ ကျီး၊ လင်းတ တို့ အစားခံရစဉ် အသုံးပြုပုံမျိုးဖြစ်၏၊)
၂-သစ္စာဥပ ပါရမီသည် သစ္စာဖြင့် စိတ်ရင့်ကျက်စေရုံမက စိတ်တံခိုး စိတ်သတ္တိများတက်ကြွစေသည်အထိဖြစ်သည်။
( အလောင်းတော် ငုံးမင်းဘဝ မိမိ၏ အတောင်အလက်အင်္ဂါမစုံသည်ကိုဆို၍ မီးကွင်းစေနိုင်သော အရာသည် သစ္စာဥပ ပါရမီဖြစ်သည်။)
၃-အမှန်ကိုတိုင်တည်ပြောဆိုခြင်း၊ အဓိဋ္ဌာန်ခြင်း၊ ကျင့်ခြင်း ဖြင့် စိတ်တံခိုး စိတ်သတ္တိများတက်ကြွစေရုံမက ပါဒကဈန် အခြေခံဥာဏ်များတိုးတက်စေသည်အထိ သစ္စာပြုခြင်းကို သစ္စာပရမ္မတ္ထပါရမီ ဖြစ်သည်၊
( အလောင်းတော် နေရေဉ္ဇရာ ရွှေခွက်မျှောစဉ်၊ လှုသောမြက်ရှစ်ဆုပ်ကိုကြဲလျက်က ပလ္လင်တော်ပေါက်ရောက်စဉ်၊ မာရ်မင်လာနှောက်ယှက်စဉ်၊ ဘုရားမဖြစ်သမျှ ငါမထ ဟုသစ္စာပြုခဲ့ခြင်းသည် သစ္စာပရမ္မတ္ထပါရမီတော်ပင်ဖြစ်သည်၊ )
သစ္စာလက်နက်သည် အလွန်ထက်စေသည်။ အမှန်ကိုသာ ကျင့်သောသူ၏ မှန်သောစကားသည် ဆောက်သွားဓားသွားများထက် ပင်ထက်မြက်လွန်းလှချေသည်။
အမှန်တရားဆိုသည် အမှန်တရားအတိုင်းသာဖြစ်စေရာ၏၊ အမှန်တရားကို မည်မျှဖုံးအုပ်တားဆီးခံရပါစေ၊ ပတ္တမြားမှန် နွံမနစ်စေရဟူသည့်ပမာ၊
အမှားဟူသည် အမှားအတိုင်းသာပေါ်စေရာ၏။ အမှားသည် မစင်ပုံ မြက်အုပ်ထားသော်လည်း လေသုတ်က အနံ့ ထွက်လာရသည့်ပမာ၊
သစ္စာပါရမီတော်သည် သစ္စာဥာဏ်အမှန်လင်းစေသည်၊
ဤသစ္စာပါရမီတော် အရာတွင် အလောင်းတော် စန္ဒကုမာရမင်းသားဘဝသည် ထင်ရှားသော သာဓကဖြစ်၏။
၆-မေတ္တာ ပါရမီ
သစ္စာဖြင့် မနိုင်သောတဏှာကို မေတ္တာဖြင့် ဆက်၍ ဖျက်စီးပစ်ရသည်။
ဤမေတ္တာ ပါရမီသည်လည်း အထက်နှင့် အောက်ပါရမီများ ပေါင်းကူးပေးသည်။
မိမိထံရှိ ပဋိဃသံယောဇဉ်ကို ဖယ်ရှားပစ်ပြီး ကာမရာဂကိုခေါင်းပါးစေ၏၊
ကိုယ်ချင်းစာစိတ် တန်းတူထားစိတ် မိမိ၏တဦးတည်းသော သားရင်းကဲ့ သို့ အားလုံးကို တပြေးညီစွာ ထား၍ဆက်ဆံစေခြင်းသည် မေတ္တာဓာတ်၏သတ္တိပင်။
လူ့ တိရစ္ဆာန်မဖြစ်စေနဲ့ ၊
မေတ္တာခေါင်းပါးသူ တကိုယ်ကောင်းအဆန်ဆုံး ရာဂဒေါသအများဆုံးသူကိုပြပါဆိုလျှင် တိရစ္ဆာန် ကိုသာလက် ညိုးထိုးပြရချေမည်။
မေတ္တာခေါင်းပါးနေသော လူဖြစ်ပါမူ ရုပ်ကားလူ စိတ်ကားတိရိစ္ဆာန်စာရင်းသွင်းခံရသော
လူ့ တိရ စ္ဆာန်ပင်ဖြစ်ရတော့သည်။
မေတ္တာစစ်၊မေတ္တာရှင်၊မေတ္တာစိတ်၊မေတ္တာစကား
လိုလျှင်ကူ မလိုလျှင် ငြူစူနေလျှင် မေတ္တာအစစ်မဟုတ်။
အတွင်းသဘောကား ကာမများဖုံးနေလျှင် မေတ္တာရှင်မဟုတ်။
တစ်ဖက်ကူသလိုလို နှင့် ကိုယ့်ဘက်အရခြူနေလျှင်လည်း မေတ္တာစိတ်မဟုတ်၊
သာသူတွေ့ ကပို၊ နာသူတွေ့ ကဝန်တိုပြန်လျှင်လည်း မေတ္တာကံမမြောက်၊
လူကျတမျိုး၊ တိရိစ္ဆာန်ကျတဖုံ၊ မိမိ (သို့ ) မိမိသားနှင့် တန်းတူထားပုံခြင်းမတူညီကလည်း မေတ္တာမှန်မရောက်၊
မျှတသောစကား၊ ကုသိုလ်ဖြစ်စေလိုသောစကား မဟုတ်က မေတ္တာစကားမဟုတ်၊
မေတ္တာသည် စမ်းရေပမာအေးမြ၏၊ ရာဂမီး ဒေါသမီးကို ဆီးတား၏၊
တဖက်လူက မိမိအား ရာဂ၊ ဒေါသဖြင့်ရန်မူတိုက်ခိုက်လာသော် လောကဓံကြွေးများ ပေးဆပ်ရသော် တဖက်ရန်သူအာရုံရှင်အား မိမိ၏သားရင်း၊ သမီးရင်းကဲ့သိုဈာန်ဝင်စားလိုက်ရ၏၊ မေတ္တာဈာန်ဝင်စားခြင်းဖြင့် အေးချမ်းမှုကိုရစေရသည်။
မိမိ (သို့ ) မိမိ၏သားသမီးကဲ့သို့  တန်းတူစိတ် အမြဲထား၊ သူတဖက်သားကို ဖေးကူ၊ ကိုယ်ကျိုးစွန့် ကိုယ်ချင်းစာ မုန်းစိတ်မပါ ဂရုဏာဓါတ်လွှမ်းပတ်ကာထားခြင်းသည်၊ မေတ္တာရှင် အစစ်သည်သာ။
လောကဓံကို မေတ္တာဖြင့်ခုခံ၊ လောကဓံကြွေးကို မေတ္တာဖြင့်သာတုန့် ပြန် ခံနိုင်ရည် ရှိစေရသည်။ ဤသည်ကားမေတ္တာပါရမီတော် ဖြည့်ကျင့်ခြင်းမည်၏။
ဤမေတ္တာပါရမီတော်အရာ၌ အလောင်းတော် သုဝဏ္ဏသာမသည် ထင်ရှားသော သာဓကဖြစ်၏။
၇-ဥပေက္ခာ ပါရမီ
ရန်သူ၊ မိတ်ဆွေ နှစ်ဦးစလုံးကို ချစ်ခြင်း၊ မုန်းခြင်းမှ အညီအမျှထားဆက်ဆံခြင်း၊အချစ်နှင့် အမုန်း ချမ်းသာနှင့်ဆင်းရဲတို့ အကြား တစ်လမ်းသွား စိတ်ထားတတ်နိုင်ရမည်။
ကာမရာဂသံယောဇဉ် ကိုဖြတ်တောက်နိုင်ရမည်၊ ဥပေက္ခာစိတ်ဖြင့် အထက်ပါရမီများတက်ရန် သူတော်ကောင်းတို့ ၏စိတ် ခေတ္တနားကာ၊ အထက်တက်ရန် ထောင်လိုက်သော လှေကားကဲ့ သို့ ။
ဈာန်စိတ်အရဆိုလျှင် စတုတ္ထဈာန် (အဘိဓမ္မာအရဆိုလျှင် ပဉ္စမဈာန် ) နှင့်ညီမျှသောစိတ်ထားရှိသည်။ ဘာတွေ့ တွေ့ ဘာမြင်မြင် ဘာကြားကြား သဘောမျှသာဟူသော အမှန်အတိုင်းသိနေလေတော့သည်။
သံယောဇဉ်တရားကိုယ် ၁၀ ပါး၊ ကိလေသာတရားကိုယ် ၁၀ ပါး၊ အာသဝ ၊ သြဃ ၊ ဂန္တစသော အယုတ်တရား ၄ ပါး များကအတွင်းမှ၊ နိဝရဏတရား ၅ ပါးတို့ က အပြင် မှ စည်းချကာ အမျိုးမျိုးလှည့်စားကာ ကိုယ့်ကို ဒုက္ခပေးနေကြသော မဟာရန်သူများပင်။
အလိုရမက်တက်နေချိန် လောဘဖြစ်နေသည်ကို မသိ။ သူ့ အပေါ်မကျေနပ်နေခြင်းသည် ဒေါသဖြစ်နေသည်ဟုမမြင်မိ၊ ရုပ်ရှင်ကြည့်ကာ သတိလက်လွတ် ရယ်မောနေခြင်းသည် မောဟဖြစ်နေသည်ဟုမထင်မိ။
ရန်သူကို ရန်သူမှန်းမသိဖြစ်ရသည်။ ကိုယ့်ကိုယ်တွင်းရန်သူရှိနေခြင်းကို မသိဖြစ်ကြရသည်။ ရန်သူသည် ရန်သူ ဟုအော်ဟစ်ကာဝင်လာသောအရာမဟုတ်။
သိပြန်ပါလည်း ရန်သူ ကိုယ်ထဲဝင်၍ ဝင်မှန်းမသိသူဖြစ်ကြရသည်။ မိတ်ဆွေအယောင်ဆော်ကာ ကိုယ်နှင့်တွဲ၍ အထဲဝင် လာသောရန်သူမျိုးချည်းသာ။ ထို့ ကြောင့် အထက်ခရီး နိဗ္ဗာန်နှင့်နီးအောင် မရောက်နိုင်ဘဲ လမ်းပျောက်ကြ ရသည်။ လမ်းလွဲကြရသည်။ လမ်းချော်ကြရသည်။
ကာမစိတ်မှ ဈာန်စိတ်ဖြင့်နေရာ၏၊
သူ့ ကိုချစ်စိတ်ပျောက်ရန် ကိုယ့်ကိုယ်ကို မခင်မင်မှရသည်။ အရာရာကိုမမှု၊ မိမိစိတ်က တစ်စုတည်း တဝေးတည်းထားနိုင်မှသာ ရသည့် ဥပေက္ခာ၊
မလိုလားသူကို ဥပေက္ခာပြုခြင်းသည် ပါရမီနှင့်မဆိုင်။ မရသေးသော ဝတ္ထုအာရုံများကို ဥပေက္ခာထားနိုင်ခြင်းသည် ပါရမီမဖြစ်။
ဥပေက္ခာပါရမီတော်သည် သံယောဇဉ် ၁၀ ပါးမှ ကာမရာဂသံယောဇဉ်ကို လက်မိလက်ရ ဖြတ်တောက်ချရပြီး ကျန်အကြွင်းတို့ ကို အရှိန်လွှတ်၍ ပျက်ပြယ်စေရာ၏။ အောက်အခြေခံ နေက္ခမ္မပါရမီတော်၏ လက်စသိမ်းကာ အထက် ပညာစခန်းသို့ လှမ်းတက်ရန် ခြေကုပ်ယုခြင်းပင်။
ဥပေက္ခာပါရမီကို ဖြည့်ကျင့်ရန် ဇနီးမယား၊ ခင်ပွန်းယောကျား၊ သားသမီး၊ မြေးမြစ် ၊ ပစ္စည်းဥစ္စာအပေါ်မှာ ဥပက္ခာထားနိုင်ဘို့ ရန်
-- အသက်ပေးချစ်မိထားလေသူများကို အသက်ပေးစတေးထားခဲ့နိုင်ကာမှ၊
-- ဘဝပေးချစ်မိထားလေသူများကို ဘဝနှင့်စတေး ပေးဆပ်ထားခဲ့နိုင်ပါလေမှ၊
-- သူ့ ကိုမြတ်နိုးခြင်းကို ဦးစွာဖြတ်တောက်နိုင်ပါလေမှ၊
-- သူ့ ကိုအာရုံခုံမင်ခြင်းကို နောက်ဆင့်ဆင့်ကာဖြတ်တောက်နိုင်ကာမှ ၊
-- ကိုယ့်ကိုယ်ကို နှစ်သက်ခုံမင်နေခြင်းကို နောက်ဆုံး အဆင့်အဖြစ် စွန့်ခွာမုန်းကာပယ်ပစ်နိုင်ကာမှ
-- ကိလေသာ သံယောဇဉ်ကို ရန်သူ ဟူသော အမှတ်အသားအစား သူ့ သဘောသူဆောင် ပြနေသည်ဟု မြင်တွေ့ နိုင်ခြင်း ၊
-- ကိလေသာ သံယောဇဉ်ကို မိတ်ဆွေ ဟူသော အမှတ်အသားအစား သူ့ အလုပ် သူလုပ်နေသည် ဟု မြင်သိနိုင်ခြင်း သည် သူတော်စင် သူတော်ကောင်းတို့ ၏ ဥပေက္ခာပါရမီ ပုံစံတည်း။
အလောင်းတော်သည် ဝိဓူရအမတ်ဘဝတွင် ဥပေက္ခာပါရမီကို ဖြည့်ကျင့်ခဲ့လေသည်။
အလွန်ကောင်းသော သာဓုနရတရား သိမှတ်ထား
အလောင်းတော် ဝိဓူရသုခမိန်အမတ်သည် ပုဏ္ဏက နတ်စစ်သူကြီးအားဟောကြားခဲ့သော သာဓုနရ တရား လေးပါး( သို့ ) သူတော်ကောင်းလူတန်းစားတလေးတစား လိုက်နာသောတရားဆိုသည်မှာ-
၁-မိမိအားနေရာပေးခြင်း၊ ကျွေးမွေးဧည့်ခံ သူကို ကျေးဇူးတုံ့ ပြန်တစ်ဖန် ပြုစုခြင်း - ရှေ့ သွားသွားလေသူ ၏လမ်းကို ဖြောင့်တန်းစွာ လိုက်လေ့ရှိသူ ဆိုရာ၏၊
၂-သူတပါးအိမ်တွင် တညာဥ့်မျှပင်တည်းခိုရသည်ဖြစ်စေ ၊ တလုပ်ထမင်းတလုပ်ဟင်းကိုမျှပင် စားသုံးရဘူး သည်ဖြစ်စေ ထိုသူကိုစိတ်ကူးမျှဖြင့်ပင် မပြစ်မှားစေခြင်း- စိုသောလက်ကိုမခြောက်စေနှင့်ဟုဆိုရာ၏၊ ကျေးဇူးရှင်ကိုပြစ်မှားက စိုသောလက်ကို ခြောက်စေသူ ဖြစ်ကာ လက်ကိုအပူလောင်စေသူဟုဆိုရ၏၊
၃-သက်ရှိ လူမဆိုထားဘိ သက်မဲ့ ဖြစ်သော သစ်ပင်ကိုမျှပင် သူ့ အရိပ်ဝယ် တခဏမျှ နားခို အိပ်ဖူးပါမူ ထိုသစ်ပင်အား အကိုင်းအခက်မချိုးမိစေရ၊ အရိပ်ခိုပြီးမှ အခက်ချိုးသူသည် မိမိအားချမ်းသာမှုကို ပေးတတ်သော အဆွေ ခင်ပွန်းကောင်း (သို့ ) မိတ်ဆွေကောင်း ကို ပြစ်မှားရာရောက်ချေသည်။ - မိတ်ကောင်းကို စောင်းကြည့် မကြည့်နှင့် ဟုဆိုရာ၏၊
၎-မိန်းမကောင်း၊ မိန်းမယုတ် မည်သို့ သိနိုင်မည် ( ထို့ နည်းတူ ယောက်ျားကောင်း၊ ယောက်ျားယုတ် မည်သို့ သိနိုင်မည် တွေးယူပါ)
မသူတော်သဘော သတ်လိုစိတ် မွေးမြူသော မိန်းမတို့ မည်သည် မာယာလည်းစွက်၊ ရမက်လည်းကြီးသောမိန်းမ၊ တနေ့ သင့်ထက်သာသူ တွေ့ ကသင့်ကိုလည်းသတ် ၊ သာသူ့ ထံကပ်မည်သာဖြစ်ချေသည်၊ ထိုမိန်းမမျိုးသည် မိန်းမမြတ်မဟုတ်၊ မိန်းမယုတ်သာ၊ ထိုမိန်းမဆိုးမျိုး၏ အနောက်သို့ သင်မလိုက်သင့်၊ မ-ဘက်လိုက်ကာ မိုက်ဖက်မပါစေနှင့်၊
ထို့ နည်းတူ လူမိုက်ယောက်ျားတွေ့ သော်ငြားလည်း မမိုက်လေနှင့် ရှောင်လေဝေးဝေး ဘေးအေးစေဘို့ ၊
သူတော်ကောင်းနှင့် ပေါင်း၊ သူယုတ်မာကို ရှောင်
သူတော်ကောင်းနှင့်ပေါင်းရမည်။ သူတော်ကောင်းနားနေနေက တရားစကားများ ကြားပါများလျှင် တရားစိတ်မင် သူတော်ကောင်းစိတ်ဝင်ကာ ပါရမီဖြည့်ရာသည်။
သူယုတ်မာကို ရှောင်ပါ။ မသူတော်များနှင့်ပေါင်းက မကောင်းသည်များ ကြားပါများလျှင် နားပါ၍ တရားမကာနိုင်သဖြင့် မကောင်းမှုကို စဉ်းစားစရာ ဖြစ်လာရာမှ ကြိုက်လာကြကာ မကောင်းတာအကုန်လုပ် အကုသိုလ်အထုတ်ထုတ်ကြတတ်လေတော့သည်။
သူတော်ကောင်းအား မပြစ်မှားထိုက်ပါ။ သူယုတ်မာအားရှောင်ရှားကြပါ။
သူတော်ကောင်းနှင့် တကြိမ်မျှပေါင်းသင်းခွင့်ရခြင်းသည် ကမ္ဘာအသင်္ချေ မရေတွက်နိုင်အောင် အကျိုးထူး တရားပွားများစေနိုင်သည်။
No comments:
Post a Comment