Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 17 May 2012

ဂုဏ်သိက္ခာ

ဂုဏ်သိက္ခာဟူသော စကားလေးကို လူ့လောကမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။
လူ့ဘောင်၊ လူ့ဝန်းကျင်မှာ နေ့စဉ် အသုံးပြုနေကျ စကားများစွာထဲက တစ်ခုသော စကားလေးပါပဲ။
လူ့အလွှာ၊ လူ့အသိုင်းအ၀ိုင်း နယ်ပယ်မျိုးစုံမှာ ကြားနိုင်တဲ့ စကားလေးလည်း ဖြစ်ပါတယ်။
ဆင်းရဲတဲ့အလွှာမှာ ကြားနိုင်သလို ချမ်းသာတဲ့အလွှာမှာလည်း ကြားနိုင်ပါတယ်။
ပညာတတ်အလွှာမှာ ကြားနိုင်သလို ပညာမဲ့အလွှာမှာလည်း ဒီစကားလေးကို ကြားနိုင်ပါတယ်။
စီးပွားရေး၊ လူမှု့ရေး၊ နိုင်ငံရေး အစရှိသဖြင့် နယ်ပယ်အစုံ သုံးကြတဲ့ စကားလေးပါပဲ။
........................................................................................
ဒီစကားလေးကို လောကီထုပ္ပတ် လူတို့ဇာတ်မှာ နှစ်ခြိုက်စွာ သုံးကြသလို
မနှစ်ခြိုက်စရာ အဖြစ်သနစ်တွေ တွေ့လာတိုင်းလည်း သုံးဖြစ်ကြပါတယ်။
နှစ်ခြိုက်စရာ၊ အားရစရာတွေ တွေ့မြင်လာရင် "ဒီလူဟာ ဂုဏ်သိက္ခာ ရှိတယ်" လို့ ပြောမိသလို
မနှစ်မြို့စရာ လုပ်တဲ့သူတွေကိုတော့ "ဒီလူဟာ ဂုဏ်သိက္ခာ မရှိဘူး" လို့ ဆိုတတ်ကြပါတယ်။
ဂုဏ်သိက္ခာနဲ့ ပတ်သက်ရင် လူတွေမှာ နှစ်ခြိုက်ခြင်း၊ မနှစ်ခြိုက်ခြင်းသဘောကို
ထည့်သွင်းစဉ်းစားတတ်တာ တွေ့မြင်နိုင်ပါတယ်။
ဒါကြောင့် ဂုဏ်သိက္ခာကြောင်း ပြောမယ်ဆိုရင် လူတွေရဲ့  နှစ်ခြိုက်ခြင်း၊ မနှစ်ခြိုက်ခြင်းကိုလည်း
ထည့်သွင်းစဉ်းစားဖို့ လိုလာပါတယ်။ အဖြေညှိဖို့ လိုလာတတ်ပါတယ်။
...........................................................................................
လူ့ဘုံခန်းဝါ လူ့ပြည်ရွာမှာ အောင်မြင်မှု့ဆိုတာ လူတိုင်းနီးနီး တောင့်တတဲ့ အရာတစ်ခုပါ။
လူအားလုံးနီးပါးဟာ ကိုယ်နဲ့သက်ဆိုင်ရာ နယ်ပယ်မှာ အောင်မြင်ချင်ကြပါတယ်။
နိုင်ငံ့ဝန်ထမ်းတစ်ယောက်ဟာ သူ့ဌာနမှာ အောင်မြင်ချင်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ သူ့လုပ်ငန်းမှာ အောင်မြင်ချင်ပါတယ်။
အဆိုတော်တစ်ယောက်ဟာ သူ့အ၀န်းအ၀ိုင်းမှာ အောင်မြင်မှု့ ရချင်သလို
အားကစားသမားတစ်ယောက်ဟာလည်း သူ့ပရိဿတ်အလယ်မှာ အောင်မြင်မှု့ ရချင်တာပါပဲ။
ယုတ်စွအဆုံး ... ဓမ္မကထိကတစ်ပါးဆိုလျှင်တောင်မှ သူ့တရားဟောပလ္လင်မှာ အောင်မြင်ချင်သေးတာပါပဲ။
သို့သော် ... အောင်မြင်မှု့လိုချင်လို့ ရအောင်ကြိုးစားကြတဲ့အခါ
ဂုဏ်သိက္ခာရှိစွာ ကြိုးစားခဲ့ကြပါသလား၊ လူတွေ နှစ်ခြိုက်ကြပါသလားဆိုတာ
မရှိမဖြစ် ဝေဖန်ဆန်းစစ်သင့်တဲ့ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။
.................................................................................................
(ဆန်းစစ်ကြည့်ရမယ့်အလုပ်ဟာ အမျှော်အမြင်ရှိတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက်
ဒီကိစ္စကို ဝေဖန်ရေးရှု့ထောင့်တစ်ထောင့်ထားပြီး သုံးသပ်ကြည့်နိုင်ပါတယ်။
ထောင့်များစွာကနေ သုံးသပ်နိုင်ရင် ကျေနပ်စရာရှိပေမယ့်
အဖြေဟာ ထောင့်တစ်ထောင့် မူသေထားသုံးသပ်တာနဲ့ အတူတူပါပဲ။
အဲဒီထောင့်ဟာ အများသုံးဖြစ်ဖို့ပဲ လိုအပ်တာ မဟုတ်ပါလား။
ဒါကြောင့် ဒီ ဂုဏ်သိက္ခာဆိုတဲ့ကိစ္စကို ကျွန်မတို့ဟာ အများနှစ်ခြိုက်ခြင်း ရှိ၊ မရှိဆိုတဲ့
အထက်မှာ ဖော်ပြခဲ့ပြီး ရှု့ထောင့်လေးကနေ ဝေဖန်သုံးသပ်ပါတော့မယ်။)
.....................................................................................................
နိုင်ငံ့ဝန်ထမ်းတစ်ယောက်ဟာ သူ့ဌာနမှာ အရေးပါ၊ အရာရောက်ပါတယ်။
သူ့ကိုဆိုရင် လူတိုင်းက အရေးတယူ လုပ်ကြရတယ်၊ အလေးထားကြရတယ်။
အားနည်းချက်ရှိသူတွေဟာ သူ့ကို မျက်နှာချို သွေးကြရတယ်။
လိုအပ်လာရင် သူက ပေးတာမပေးတာထက် သူ့ကို အကူအညီ တောင်းကြရတယ်။
ဒါပေမယ့် ... လူတွေဟာ သူ့ကို မလေးစားကြဘူး၊ သူ့ကွယ်ရာမှာ သူ့ကို မထီမဲ့မြင် ပြုကြမယ်။
သူ့ကို မျက်နှာချိုသွေးတဲ့လူတွေကို ဟိန်းတတ်ဟောက်တတ်သလောက်
သူ့အထက်က အရာရှိကိုတော့ သူက မျက်နှာချို သွေးရပြန်တယ်။
သူ့ကို မဖြစ်လို့ အကူအညီတောင်းရတဲ့ သူတွေကို သူ ကူညီချင်မှ ကူညီမယ်၊
ကူညီခဲ့လျှင်လည်း အဲဒီလူ့ဆီက အခွင့်အရေးကို ရအောင်ယူတတ်တယ်။
ဒါကြောင့် ... သူ့ကို ဘယ်သူမှ မနှစ်ခြိုက်ကြဘဲ မချစ်သော်လည်း အောင့်ကာနမ်းကြရတယ်။
ဒါဟာ အဲဒီလူမှာ ဂုဏ်သိက္ခာမရှိဘူး ဆိုတာကို ပြတာပါပဲ။
...........................................................................................................
ကျန်တဲ့ ပုဂ္ဂိုလ်တွေမှာလည်း ထိုနည်းတူ ဝေဖန်ကြည့်ပြီး ဆုံးဖြတ်ချက် ချနိုင်ပါတယ်။
အောင်မြင်နေပါတယ်ဆိုတဲ့ နိုင်ငံကျော် စီးပွားရေးသမားတစ်ချို့ကို
လူတွေ အထင်မကြီးတာ၊ မလေးစားတာ၊ ကိစ္စမလုပ်ကြတာဟာ
ဂုဏ်သိက္ခာရှိရှိနဲ့ အောင်မြင်မှု့ ရလာခဲ့ကြတာ မဟုတ်လို့ပါပဲ။
အာဏာကို သုံးလို့ဖြစ်စေ၊ လုပ်ပိုင်ခွင့် ရလို့ဖြစ်စေ အောင်မြင်တာလောက်တော့
လူတကာ လုပ်နိုင်မှာ သေချာသလောက်ပင် မဟုတ်ပါလား။
ဒါကြောင့် ... လူတွေဟာ မနှစ်မြို့၊ သဘောမကျကြတာပါ။
အဆိုတော်တစ်ယောက်၊ သရုပ်ဆောင်တစ်ယောက် ထင်ပေါ်ကျော်ကြားလာတာဟာ
သရုပ်ပျက် ၀တ်စား၊ ကခုန်၊ သီဆို၊ ဖော်ချွတ်ခဲ့လို့သာဆိုရင်
အဲဒီအဆိုတော်၊ အဲဒီသရုပ်ဆောင်ရဲ့ အောင်မြင်မှု့ဆိုတာ ခဏတာပဲ ဖြစ်သလို
သူ့ကိုလည်း ဘယ်ပရိဿတ်နဲ့ ဘယ်သူကမှ ဂုဏ်သိက္ခာရှိတယ်လို့ ပြောမှာ မဟုတ်ပါဘူး။
.................................................................................................................
ဒီနေရာမှာ "အများ နှစ်ခြိုက်မှု့" ဆိုတဲ့ ရှု့ထောင့်ကိုသုံးပြီး
"ဂုဏ်သိက္ခာ" ဆိုတဲ့ ကိစ္စကို ဝေဖန်သုံးသပ်နေရာမှာ
အများ နှစ်ခြိုက်ရင် ဂုဏ်သိက္ခာရှိတယ်လို့ ထုတ်ပြနေတာ မဟုတ်သလို
အများ မနှစ်မြို့ရင် ဂုဏ်သိက္ခာ မဲ့နေတယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။
ဂုဏ်သိက္ခာ ရှိတာကို လူအများ နှစ်သက်၊ သဘောကျကြတယ်လို့ ဆိုချင်တာပါ။
ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို လူတွေ နှစ်ခြိုက်ကြပြီး
တန်ဖိုးထားကြ၊ မြတ်နိုးကြတယ်။
ဂုဏ်သိက္ခာ ရှိတဲ့လူတွေကိုသာ မော်ကွန်းထိုး၊ ကဗျည်းတင်ကြတယ်လို့ ဆိုတာပါ။
ဒါကြောင့် .........
 ဂုဏ်သိက္ခာနဲ့ ပတ်သက်လာရင် "အများကြိုက်" မူကိုသုံးပြီး
 ဝေဖန်ကြည့်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့