သားအမိ နှစ်ယောက် ပင်လယ်ကမ်းခြေ တစ်နေရာမှာ အတူတူရှိနေကြတယ်။ သမီးဖြစ်သူက လက်ထပ်ခါနီး သတို့သမီးလေးပေါ့။ သမီးက မေမေ့ကို အခုလို မေးလိုက်တယ်။
“မေမေ..သမီးလက်ထပ်ပြီးရင် သမီးချစ်သူရဲ့ ချစ်ခြင်းမေထ္ထာကို သမီးလက်ထဲမှာ အမြဲထာဝရ ပိုင်ဆိုင်နိုင်အောင်၊ သမီးကို သူ ခွဲခွာမသွားနိုင်အောင် ဘယ်လိုပုံစံမျိုးနဲ့ နေသင့်သလဲ..ဟင် ..မေမေ ” လို့ မေးလိုက်တယ်။
သမီးရဲ့ မေးခွန်းကို ကြားတော့ မေမေက နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်တယ်။ ပြီးတော့ သဲပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး သဲသောင်ခုံပေါ်က သဲမှုန်တွေကို လက်ဝါးတစ်ဖက်နဲ့ ထိုးကော်ယူလိုက်ပြီး လက်ခုပ်ထဲက သဲတွေကို တည်ငြိမ်အောင် သေချာဂရုတစိုက် ကိုင်တွယ်လို့ သမီးဖြစ်သူရဲ့ မျက်နှာရှေ့မှာ ပြလိုက်တယ်။ သဲတွေက လက်ခုပ်ထဲမှာ အပြည့်အမောက် လျှံလို့။ သို့သော် တစ်မှုန်သော်မျှ လက်ကြားထဲက ယိုထွက်ကျသွားတာ၊ ဖိတ်စင်ကျသွားတာ မရှိဘူး။ သမီးဖြစ်သူက သူ့မေမေ လုပ်ဆောင်နေတာတွေကို ဇဝေဇ၀ါနဲ့ ကြည့်လို့။
မေမေက နောက်အားနေတဲ့ လက်တစ်ဘက်နဲ့ သဲတွေရှိနေတဲ့ လက်ခုပ်ပေါ်ကနေ ဖိပြီး ဆုတ်ချလိုက်တဲ့အခါ သဲမှုန်တွေက လက်ချောင်းတွေ ကြားကနေ ယိုထွက်ဖိတ်ကျ ကုန်တော့တယ်။ မေမေက သူ့ရဲ့ လက်ခုပ်တစ်ဘက်ကို ဖွင့်ဟပြလိုက်တော့ ဖိထားတဲ့အရှိန်နဲ့ နဂိုလက်ခုပ်ထဲမှာ မောက်နေတဲ့ သဲတွေဟာ လုံးမောက်တဲ့ ပုံပျောက်ပြီး ပြားချပ်ချပ်နဲ့ လှလှပပ မကျန်ရစ်ခဲ့တော့ဘူးပေါ့။ သမီးက မေမေ့ လက်ဝါးပြင်ပေါ်မှာ ကျန်ရစ်နေခဲ့တဲ့ သဲပွင့်တွေကို ကြည့်ပြီး မေမေ့ကို မျက်လုံးလေး တလက်လက်နဲ့ လှမ်းကြည့်တယ်။
“မေမေ… မေမေဆိုလိုချင်တာ သမီးကို ပြောပြပါဦး”
“ဒီလို သမီးရဲ့…. အချစ်ဆိုတာ မေမေ့လက်ခုပ်ထဲက သဲပွင့်လေးတွေနဲ့ အလားသဏ္ဍာန် တူတယ်၊ အချစ်ကို တမင် ခိုင်မြဲချင်လွန်းလို့ ဖိနှိပ်ဆုပ်ကိုင်ထားလေလေ ဆုံးရှူံးလွယ်လေလေပဲ၊ မတင်းမကျပ်လွန်းပဲ ဟန်ချက်ညီညီနဲ့ သဘောထားကြီးကြီးနဲ့ သေသေခြာခြာ ယုယုယယ ဆုပ်ကိုင်ထားပါမှ လက်ခုပ်ထဲက သဲတွေလို သဏ္ဍာန်မပျက်ဘဲ ကိုယ်နဲ့အတူ ယှဉ်တွဲရှိနေမှာ၊ မဟုတ်လို့ကတော့ လက်ကြားထဲက ယိုစီးကျသွားတဲ့ သဲပွင့်လေးတွေလို ပြန်လည်မရရှိ နိုင်တော့ပဲ အချစ်ကို တစ်သက်စာ လက်လွှတ် ဆုံးရှုံးရတတ်တယ်..”
မေမေ့ စကားအဆုံးမှာတော့ သမီးက မျက်လုံးလေးတွေ တဖျတ်ဖျတ်လက်လို့ ခေါင်းညိမ့်လျှက်က မေမေ့ ရင်ခွင်ထဲ တိုးဝင်လိုက်တယ်။ တစ်ဘ၀စာ အကောင်းဆုံး ဥပမာကို မေမေဆီက သမီးရလိုက်ပြီလေ။
ဆန္ဒနှင့်ဘ၀တစ်ထပ်ထဲကျကြပါစေ။
No comments:
Post a Comment