Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 29 June 2012

ဒေါ်အောင်ဆန်းစုကြည် Burma ဟု သုံးစွဲနေမှုအား ရွေးကောက်ပွဲ ကော်မရှင်


နိုင်ငံတော်၏ အမည်ကို ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်း ထားသည့် အတိုင်း ရေးသား၊ ပြောဆို အသုံးပြုရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဇွန် ၂၉ရက်က အသိပေးအကြောင်းကြားစာ ထပ်မံထုတ်ပြန်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အမည်ကို ဘားမား(Burma)ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆို သုံးပြုနေ မှုအား မြန်မာ(Myanmar) ဟုသာ ခေါ်ဆိုရန် အသိပေးအကြောင်းကြားစာကို ဇွန် ၁ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ပြီးဖြစ်သဖြင့် ယခုအခါ ဒုတိယအကြိမ်ထပ်မံထုတ် ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၁)၊ ပုဒ်မ ၂ တွင် "နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည် (The state shall be known as The Republic of the Union of Myanmar) "ဟု ပြဋ္ဌာန်း ထားပါ သည်။

နိုင်ငံရေး ပါတီများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၅(ခ)တွင် နိုင်ငံရေးပါတီ တစ်ရပ်သည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တည်ဆဲ ဥပေဒများကို လေးစားလိုက်နာ ရမည်ဟု ပြဋ္ဌာန်းထားပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အနေဖြင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ (ဂ) ပါ"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာရေး" ဆိုသည့်အချက်ကို ပါတီမှတ်ပုံတင် လျှောက်ထားစဉ်ကပင် ဝန်ခံချက် ပြုထားပြီး ဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ် အမှုဆောင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) သည် ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ညီလာခံ၌ ၁-၆-၂၀၁၂ ရက်နေ့က မိန့်ခွန်း ပြောကြားရာတွင် မြန်မာနိုင်ငံကို Burma ဟု သုံးနှုန်း ပြောဆိုသွားကြောင်း မီဒီယာများမှ တွေ့မြင် ကြားသိရပါသည်။

နိုင်ငံတော် အမည်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် "နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည် (The state shall be known as The Republic of the Union of Myanmar) " ဟု ပြဋ္ဌာန်းထားပြီး ဖြစ်၍ Burma ဟု သုံးနှုန်း ပြောဆိုခွင့် မရှိပါ။ နိုင်ငံတော်၏ အမည်ကို ရေးသားရာ၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါအတိုင်း "ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (The Republic of the Union of Myanmar) " ဟု အသုံပြုကြရန်နှင့် ပြောဆိုရာတွင် မြန်မာ(Myanmar)ဟု သာ သုံးနှုန်း ပြောဆိုသွားရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၁-၆-၂၀၁၂ ရက်စွဲပါ စာအမှတ်၊ ၄/နငရ-မပတ (၁)/ကမရ ဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသို့ အသိပေး အကြောင်းကြားထားပြီး ဖြစ်ပါသည်။

သို့ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ် အမှုဆောင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) သည် ဥရောပ ခရီးစဉ်အတွင်း မိန့်ခွန်းများ ပြောကြားရာ၌လည်း မြန်မာနိုင်ငံကို Burma ဟုသာ သုံးနှုန်း ပြောဆိုနေကြောင်း မီဒီယာများမှ ကြားသိရပြန်ပါသည်။

သို့ဖြစ်ပါ၍ တရားဥပဒေ စိုးမိုးရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၁၀(ဌ)နှင့်အညီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သို့ ၂၈-၆-၂၀၁၂ ရက်စွဲပါ စာအမှတ်၊ ၄/နငရ-မပတ (၁)/ကမရ ဖြင့် နိုင်ငံတော်၏ အမည်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါအတိုင်း သုံးနှုန်း ရေးသား/ပြောဆိုရန် ထပ်မံအသိပေး အကြောင်းကြား လိုက်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည် ။
ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူ ဦးအုန်းကြိုင်က “အဲဒီ့ကိစ္စက ဥက္ကဋ္ဌက သူဘယ်နေရာမှာ  သုံးလဲဆိုတဲ့အပေါ်မှာမူ တည်ပါတယ်။ ဒါနဲ့ပတ်သက်လို့ကတော့ ဥက္ကဋ္ဌကိုယ်တိုင်ပြောတာ ပိုကောင်းပါတယ်။ ဒါလိုသူသုံးနှုန်းခဲ့တာ  ကလဲ သူမှာ အကြောင်းကိစ္စ  ရှိမယ်ထင်ပါတယ် ”ဟုပြောသည်။

by Yangon Media Group

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့