လောက၌ ကောင်းမူကုသိုလ်ဖြစ်စေ၊ မကောင်းမူ အကုသိုလ်ပင်ဖြစ်ပါစေ မွေးကတည်းက အလိုလို တတ်မြောက်လာသည် မရှိ၊ ဗီဇပါသူပင်လျှင် ပတ်ဝန်းကျင်ထံမှ မြင်ဆရာ၊ ကြားဆရာတို့ဖြင့် မြင်သိကြားသိဖြစ်ပြီးမှသာ ၀ါသနာစရိုက်၊ ဉာဉ်တို့ ပွင့်ရမြဲဖြစ်၏။ အာရုံပြိုင် ပေါ်ထွက်လာမှလည်း အာရုံပြုလိုစိတ် ပေါ်ထွက်လာကာ ထိုမှတစ်ဆင့် ကျင့်လိုရာ ကျင့်ခွင့်ရသည်သာ ဖြစ်၏။
သွေးပြည့်၊ သားပြည့် အဆီတည်၊ ခြင်ဆီအားကောင်း၊ ငယ်ထိပ်ဟောင်းလောင်းပိတ်သွားမှ အာရုံပြုကလည်း ပြုလိုစိတ် ပေါ်ပေါက်ရမြဲ ဖြစ်၏။ အရိုးရင့်၊ အရွယ်မြောက် ဆိုင်ရာအကျိတ်အဖုများ ပြည့်မောက်လာမှသာ အာသာနှင့်ရမ္မက် ငန်းငန်းတက် ဖြစ်ခွင့်ရမြဲ ဖြစ်၏။
အပူလွန်ဖွား ခွေးများသော်မှ တစ်နှစ်သားမျှဖြင့် မိတ်မလိုက်တတ်၊ သို့ကြောင့် မွေးရာပါ ၀ါသနာစရိုက် အတိတ်က လိုက်လာသည်ဆိုသော်လည်း အပျိုဘော်၊ လူပျိုဘော် မ၀င်မီစပ်ကြားကား ငုပ်သွား သွားလျက်ကသာ လမ်းသလားဆဲပင်။ လူ့တစ်ဘ၀သည် အပျိုဘော်၊ လူပျိုဘော်ဝင်မှ စာရင်းစ၏။ မွေးကင်းစမှ ထိုအတွင်းရှိ လူသားသည် မိမိ ကူးခတ်ခဲ့ရာ၏ ယခင်ဘ၀ရှိ လူကြီးပိုင်းဖြစ်စဉ်က ဉာဉ်အတိုင်း ကူးဆက်လူပ်ရှားနေသေးရာ လူ့ဘ၀မှ လာသောသူ၊ အထက်-အထက် နတ်ဗြဟ္မာတို့ ဘ၀မှ ဆင်းသက်လာသူ၊ အောက်-အောက် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တို့မှ တက်လာရသူ၊ ၎င်းတို့အမူအကျင့် ချင့်ကြည့်ရုံမျှဖြင့် ပညာရှင်မှန်သမျှ သိတတ်ကြရလေသည်။
ထိုတွင် ဗြဟ္မာဘုံမှလာသူနှင့် နတ်မှ လူဖြစ်လာရသူပင် အမူအကျင့်ချင်း မတူသည်ကို ကာမဂုဏ်ကိစ္စ အရှက်ကြီး၊ အရှက်မဲ့သဘောနှစ်မျိုးဖြင့်ပင် သိနိုင်၏။ သို့ဆိုသော် အောက်-အောက်ဘုံသားများနှင့် နိုင်းယှဉ်က သာ၍ပင် သိသာနိုင်ပေမည်။ ငရဲကောင်ဘ၀မှ လာသူကား မိခင်ဝမ်းတွင်းက ကျွတ်သည်နှင့် မိမိခံခဲ့ရသည်များ သတိရဆဲ ဖြစ်နေတတ်ရကား ဖျပ်ဖျပ်လူး ငိုထွက်လာသည်ဆို၏။ တိရစ္ဆာန်တို့တွင်လည်း သားစားသတ္တ၀ါ၊ မြက်စားသတ္တ၀ါတို့ အမူအကျင့်ချင်း တူမည် မဟုတ်ပြီ။ ကုန်းနေ၊ ရေနေအားဖြင့်လည်း တူမည် မဟုတ်ပြီ။ တွင်းအောင်း ကောင်းကင်ပျံ စသည်များလည်း ခြားနားမည်သာ ဖြစ်ချေတော့၏။
ထိုအမူအကျင့်များ မတော်လော်မာစိတ် ၀င်လာပြီး ဖြစ်သဖြင့် တော်ရာမှန်သမျှ ရှက်တတ်လာသော အပျိုသွေး၊ လူပျိုသွေးဝင်လာချိန်၌ကား ပိတ်ပိတ်ပိန်း ပျောက်ကွယ်ပေးရပြီ။ ထို မဟုတ်ရာလုပ်ရန်တာစူချိန်သည်ကား ဘုရားဝတ်ပြုရမည်ကိုပင် ရှက်ရွံ့လာတတ်၏။ ထိုသဘာဝ လူကလည်း မဟုတ်၊ ဉာဉ်ကလည်း မဟုတ်၊ သွေးသွေးချင်း နေရာ အပြိုင်အဆိုင် လုယက်လာကြခြင်းမှတည်း။ သွေးအလုပ်စု ခွဲနေခြင်းပင်တည်း။
ရဆဲဘ၀၏ ခြေလှမ်းသစ်သို့ လှမ်းမည့်ဆဲဆဲ ထိုအခါမျိုးများ၌ ပတ်ဝန်းကျင်သည် အရေးကြီးလှ၏။ ပတ်ဝန်းကျင်အားလုံးတွင် မိဘနှင့်ဆရာဟူသော ပတ်ဝန်းကျင်သည် ပို၍ပို၍ အရေးကြီးသော ပတ်ဝန်းကျင် အနီးကပ်ဖြစ်၏။ ထိုမိဘ၊ ထိုဆရာသည် ဥတုဇဖြစ် သစ်တုံးကို မင်းသမီးပုံ၊ မင်းသားပုံ ရုပ်လုံးဖော်ပေးတော့မည့် ပန်းပုထု ဆရာကြီးများပမာတည်း။
ကာမဘုံတွင်းရှိ ကာမလူသားတို့ စီးပွားရှာကြံရာ၌ ကာမစိတ် အသုံးချတတ်ဖို့ အရေးကြီးလှပါသည်။
ထိုကာမစိတ် နိုးထလာရန်လည်း ယုံကြည်ချက်သဒ္ဓါသည် အထူးအရေးပါလှပါသည်။
ထိုသဒ္ဒါစိတ် ခိုင်မြဲလာရန်လည်း ၀ါသနာစရိုက်သည် သာ၍ သာ၍ အရေးပါလှပါသည်။
ထိုတွင် ကာမဟူသည် လိုလားမူကို ဆိုလို၏။ ဘာမဆို လိုလားစိတ် မရှိက မကြိုးစားလိုပြီ။
ထို လိုလားစိတ်သည် ကာမဂုဏ်ခံစားလိုရာ၌ တပ်မက်စိတ်အထိ ရာဂသွေး အစေးထွကပ်စေပြီးမှ ကြိုးစားခွင့် ရပြီး၊ ထိုကာမဂုဏ် ဖယ်ရှားလိုရာ၌ကား ထိုကာမဂုဏ်၏ အပြစ်ကို မြင်လာခြင်း၊ ကာမဂုဏ်ကင်းသူ၏ အကျိုးကို မြင်လာခြင်းတို့ဖြင့် ရာဂသွေး အစေးတိတ်စေပြီးမှ ကြိုးစားနိုင်ခွင့် ရစေပါသည်။
ထိုသို့သော လိုလားစိတ်ကာမကို အနာဂါမ်ဘုံသား အဆင့်ဆင့် အတိုက်အခံအဖြစ် အသုံးချလျက်က ကြိုးစားရပါမည်။
ဓာတ်မီးခြစ်၏ အစိတ်အပိုင်းဖြစ်သော ဘီးသည် အောက်ခံကျောက်နှင့် အတိုက်အခံ လုပ်ပေးမှသာ မီးထွက်စေရပါသည်။
အရိယာတို့၏ အောက်ဆုံးဘုံသားဖြစ်သော သောတာပန်သည်လည်း အောက်ခံ ငါစွဲ ဒိဋ္ဌိနှင့် အထက်ရှိ သတိတို့ နင်လား ငါလား၊ ကြိတ်သူက ကြိတ်၊ ဆိတ်သူက ဆိတ်ဖြင့် ကိစ္စ ပြီးပြေရပါသည်။
စင်စစ် နီဝရဏခေါ် အတားတို့သည် ဈာန်နှင့် ကစားဘက်များဖြစ်ကြပြီး ဈာန်သမားဘက်က အားနည်းမှသာ အတားခေါ်ရပြီး ဈာန်သမားဘက်က အင်အားတောင့်တင်းနေလျှင်ကား ကစားဖော်လေ့ကျင့်ဘက်သာတည်း။
သို့ကြောင့် ထိုလိုလားမူ ကာမစိတ်ကို အနာဂါမ်ဘုံ၊ မခိုမအိပ်နိုင်မချင်း မိမိ၏ မိတ်ရင်း လေ့ကျင့်ဘက်အဖြစ် သဘောထားပါလေ။
ထို လိုလားစိတ် အားကြီးလာရန်မှာ နောက်ခံ ယုံကြည်စိတ် ပြင်းထန်နေမှ ဖြစ်ပါမည်။ မယားအဖြစ် လိုလားသူသည် ထိုမိန်းမနှင့် ပတ်သက်သမျှသော ကိစ္စမှန်သမျှ စိတ်ချယုံကြည်နေမှသာ ဖြစ်ပါမည်။ ယောက်ျားတစ်ဦး လင်တော်လိုရာ၌လည်း ထိုနည်းမခြားပင် ဖြစ်ပါသည်။
ယုံကြည်ခြင်းသည် ရဲရင့်ခြင်းကို ဖြစ်စေ၏။ ရဲရင့်ခြင်းသည်လည်း သတိအားကို ကြီးထွားစေ၏။ သတိအားသည်လည်း တစ်ခုဆိုတစ်ခုဟူသော တည်ငြိမ်မူကို အားစုပေး၏။ ထိုတည်ငြိမ်မူကား မိမိ ရယူလိုသော အရာ၏ အကြောင်းချင်း အတွင်းရေး အတွင်းရာများကို တိတိပပ သိနိုင်ခြင်းကို ထောက်ပံ့၏။
ထို လိုရာကိစ္စ တိတိပပ သိရခြင်းသည် မိမိရလိုရာနှင့် လိုက်လျောညီထွေး ပြုကျင့်ဆက်ဆံနိုင်ခြင်း၏ အကြောင်းရင်း ဖြစ်ပြီး ထိုသို့ သူ့အလိုက် ပြုကျင့်ပေးနိုင်ခြင်းသည်ပင် သူ့ ကိုယ်နိုင်စေသော သူ့ကိုင်ခွင့် ပိုင်ခွင့်ရ လက်မှတ်တည်း။
သဒ္ဓါစိတ် ခိုင်မြဲလာရန်မှာ မိမိရှိ ၀ါသနာစရိုက်များကို ပြုပြင် ပြောင်းလဲပစ်ပေးနိုင်မှသာ သို့မဟုတ် သူနှင့် လိုက်ဖက်ရာ၌ ၀ါသနာစရိုက်မျိုး ပြုကျင့်ပေးနိုင်မှသာ နိုးပြီး သဒ္ဒါ ခိုင်မြဲလာပါမည်။
ဆိုပါ စို့၊ မိမိ၌ မူရင်း ၀ါသနာစရိုက်တို့က ထစ်ခနဲဆို တုတ်ကိုင်၊ ဓားကိုင်ခိုင်းသော ဒေါသစရိုက်မျိုး ဖြစ်နေသည်ဆိုအံ့၊ ထို စရိုက်မျိုးဖြင့်ကား ကာလသမီး သွားရောက်ပိုးပန်းရန် မဖြစ်နိုင်တော့ပြီ။
နှင်းဆီ၊ ပိတောက်၊ စိန်ပန်း စသည် နောက်တိုးသိများ မ၀င်သာတော့ပါ။
လူ၊ နွား၊ ကြက်စသည့် နောက်တိုးသိများလည်း မ၀င်သတော့ပါ။
ယောက်ျား၊ မိန်းမ အလှကလေး၊ အချောကလေးတို့လည်း မ၀င်သာပါ။
ထိုအခါ အရှိ-အရှိတိုင်း ဆက်ဆံခွင့်ရသဖြင့် ကုန်သည်ပွဲစားတို့ထံမှ တစ်ဆင့်ဝယ် မျိုးကဲ့သို့ အတိုးမပါသော မူရင်းဈေးနူန်း ပေါက်၍ လာပါမည်။
(က) ချိုသော အရသာဓာတ်ရည်ကိုသာ သုံး၍ ကြက်အပေါ် လုံးလုံး အသိမ၀င်တော့သော သူ၏ စားသုံးနည်းသည် မည်မျှ အကြွေးကင်း၍ မည်မျှ အပြစ်စင်လေမည်နည်း။
(ခ) အီဆိမ့်သော အရသာဓာတ်ရည်ကိုသာ စား၍ ၀က်အပေါ်လုံးလုံး အာရုံမထားသူ၏ စားသုံးနည်းသည်လည်း မည်မျှ အပြစ်စင်ကြယ်လေမည်နည်း။
ထို အကြွေးကင်း အပြစ်မဲ့နေသူ၌ ဘာလုပ်လုပ် မိမိဖို့ချည်းသာ ဖြစ်နေတော့ရကား လုပ်သမျှ အဖတ်တင်၍ အကျိုးလည်း ရှိလာတော့မည် ဧကန်ပင်မဟုတ်လော။
- လူသားတိုင်းသည် အမြတ်ပေါ်လို၏။ အရူံးကိုကား မခံလိုချေ။
- လူသားတိုင်းသည် အလုပ်ရှေ့ လက်တွေ့ရလာဒ် မြင်တွေ့လို၏။
လုပ်မောအဖြစ်ကိုကား မည်သူမျှ မခံလိုကြချေ။
ထိုသို့ အကြွေးလည်း ကင်း၊ အကျိုးလည်း ပြ၊ ကြိုးစားသလောက် ရမှန်းသိနေသူ၌ စိတ်ဝင်စားမူသည် ဦးစွာ ပေါ်လာပါတော့မည်။ ထို စိတ်ဝင်စားမူအတိုင်း အလုပ်ကပါ လက္ခံပြုကျင့်လာသော် သုစရိုက်ဟူသောစကား နားမှ မကြားသော်မှ လက်တွေ့အားဖြင့် ပြသလာချေပြီ။ ထိုအမူအကျင့်မျိုးကို နှစ်သက်အားရ သဘောကျလာပြီး မည်သူကမျှ မတိုက်တွန်းရ၊ မိမိဘာသာ မိမိပြုကျင့်တတ်လာလျှင်ကား ၀ါသနာဟူသော စကားလည်း စာဖြင့် ရေးပြမထားသော်မှ လက်တွေ့အားဖြင့် အပါးဝနေပြီ။
အရက်သမားသည် မွေးကတည်းက မသောက်တတ်ပါ။
ဗီဇကို ၀န်းကျင်းက သင်ပေးမှသာ တတ်မြောက်လာရပါသည်။ ထိုအ၀င်ဆိုးသော အရက်သော်မှ တစ်စတစ်စ အသောက်သင် သောက်ချင်စိတ် ပေါ်လာသေးလျှင် အ၀င်ကောင်းသော အရာမှန်သမျှ လေ့ကျင့်ပေးရန်ကား မခက်တော့ပါ။
အရေးကြီးသည်မှာ သဒ္ဓါ၊ ဆန္ဒ၊ ၀ီရိယ ထိုသုံးချက် အကွက်မိဖို့ပင် ဖြစ်ပါသည်။ အကွက်မိရန် အကွက်လှည့်ပေးသူမှာ အနီးကပ် ပတ်ဝန်းကျင်ဖြစ်သော မိဘ၊ ဆရာများပင် ဖြစ်ကြပါသည်။ ထိုယုံကြည်ချက် ရလိုမူ ကြိုးစားခြင်း သုံးမျိုးတို့သာ မိမိစိတ် ကြီးစိုးလာသော်ကား မြင်းမိုရ်တောင်အောက်က ပစ္စည်းကိုလည်း နိုက်ယူသုံးစွဲနိုင်ပါ၏။ တာဝတိံသာရှိ ပစ္စည်းများ ကိုလည်း တက်ယူနိုင်ပါ၏။ သင်ကသာ တကယ်လိုချင်လျှင်ကား ဘာမှ မရှိပါဟူ၍ ဘူးခံထားသော နိဗ္ဗာန်ဘုံက ပစ္စည်းကိုပင်လျှင် ထုတ်သုံးနိုင်ပါမည်။
ရွှေကျောင်းကုန်းဆရာတော် ၀န၀ါသီ ဉေယျဓမ္မသာမိထေရ် ရေးသားစီရင်တော်မူသည့် သတိမူသူတို့၏နားရာစခန်း၊ သတိမဲ့သူတို့၏သွားရာလမ်း စာအုပ်မှ ပြန်လည်ထုတ်နူတ် ဖော်ပြပေးထားပါသည်။
No comments:
Post a Comment