Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 25 May 2013

မမုန်းကြေး မမေ့ကြေး ပြန်လျော်ပေး

မေလ ၁ဝ ရက်နေ့ထုတ် မက်ဆင်ဂျာ သတင်းစာမှာ တပ်မတော် အငြိမ်းစား အရာရှိ တစ်ဦးလည်းဖြစ် လက်ရှိ လွှတ်တော် ကော်မရှင်တစ်ခုရဲ့ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ ဦးလှဆွေရဲ့ 'အမည်သညာခေါ် စရာကား မုန်း'ဆိုတဲ့ ဆောင်းပါးကို ဖတ်ရတော့ တခြား လူတော့မသိ၊ မောင်မြတ်တော့ ရသမျိုးစုံ ခံစားလိုက်ရ ပါတယ်။

မဖတ်လိုက်ရသူတွေအတွက် အကျဉ်းချုပ်ပြောပြရရင် ဦးလှဆွေတပ်ရင်းမှူးဘဝ ၁၉၉၆ ခုနှစ်လောက် က တည်ဆောက်ဆဲမုန်းဆည်ကို အကြီးအကဲတွေ လာစစ်ဆေးလို့ မုန်းချောင်းတမံနဲ့ ရေအားလျှပ်စစ်စီမံကိန်း အကြောင်း တင်ပြကြတော့ သူလည်းအနားမှာရှိနေပြီး တင်ပြချက်တွေ အလွန်အားရစရာကောင်းကြောင်း၊ ၁ဝ နှစ်အချိန်ယူလို့ ကျပ်ငွေသန်း ပေါင်း ၁၃၈ဝဝ (သိန်းပေါင်း ၁၃၈ဝဝဝ) အကုန်အကျခံတည်ဆောက်လို့ ဆည်ရေ သောက်ဧရိယာက ၁ သိန်းကျော်နဲ့ လျှပ်စစ်ဓာတ်အားကလည်း ၂၅ မဂ္ဂါဝပ်စက်သုံးလုံးမို့ စုစု ပေါင်း ၇၅ မဂ္ဂါဝပ်ထွက်မယ့် ကျေးဇူးတော်အနန္တမဟာစီမံကိန်းကြီးပါတဲ့။

ဒီလိုနဲ့ ဦးလှဆွေ အခုအစိုးရ သစ်လက်ထက်မှာ လွှတ်တော်ကိုယ် စားလှယ်တစ်ယောက်ဖြစ်လာပြီး ကော် မရှင်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ၂ဝ၁၃ ခုနှစ်၊ ဧပြီမှာ တစ်ခေါက် ထပ်ရောက်သွားတော့ မုန်းချောင်း စီမံကိန်း ရလဒ်တချို့ဟာ မှန်းချက်နဲ့နှမ်းထွက်လွဲတဲ့အပြင် ပျော်စရာမကောင်းတော့ဘဲ နာမည်နဲ့လိုက်အောင်ပဲ မုန်းစရာဖြစ်နေပြီလို့ ရေးထားပါတယ်။ လက်တွေ့မှာ ဆည်ရေသောက်ဧရိယာက မှန်းထားသလောက် မပေးနိုင်သလို လျှပ်စစ် ဓာတ်အားကလည်း နွေအခါမှာ စက်တစ်လုံးပဲလည်ပတ်နိုင်ပြီး အဲဒီစက်က ရတာက လည်း ၁ဝ မဂ္ဂါဝပ်ကျော် ကျော်လေးရယ်တဲ့။

မဂ္ဂါဝပ် ၇၅ ထွက်မယ်လို့ မှန်း ဆ ရင်းနှီးမြှပ်နှံခဲ့ပြီး လက်တွေ့ နွေရာသီမှာ ၁ဝ မဂ္ဂါဝပ်ပဲထွက်တယ်ဆို တော့ ဘယ်လိုအတွက်အဆတွေလွဲခဲ့ လို့ပါလိမ့်။ ဒါမှမဟုတ် အတွက်အဆ မှန်ပေမယ့် လျှပ်စစ်ထုတ်ဖို့ တာဘိုင် စက်ကျမှ သံချေးတက်ကို ဆေးပြန် သုတ်ထားတဲ့ အစုတ်နဲ့ညားခဲ့လို့လား။ ဒါမျိုးဇာတ်လမ်းတွေ ကြားခဲ့ရပေါင်း များပါပြီ။ ပြည်သူ့ဘဏ္ဍာတွေ ဘယ်လောက်အဟောသိကံ ဖြစ်ခဲ့လေမလဲ။ အဲမှားလို့ အဟော သိကံတော့လည်း လုံးလုံးမဖြစ်နိုင်။ မှန်းသလောက်မဟုတ်ပေမယ့် ဆည်အောက်က လယ်တချို့တော့ လက်ညှိုးထိုးပြစရာ ရေရသွား တာမျိုးရှိမပေါ့။ မီးရသွားတဲ့ မြို့ပြ ဝန်းကျင်တချို့လည်း ရှိမှာပေါ့။

ဦးလှဆွေရေးတဲ့အထဲ မပါပေမယ့် ကိုယ့်ဘာသာ ထည့်စဉ်းစားမိတာကတော့ ဒီလိုစီမံကိန်းမျိုးမှာ အဆ မတန် အကျိုးရသွားနိုင်သူတွေလည်း ရှိနိုင်တာ အထူးပြောနေဖို့လိုမယ်မထင်။ ဆီရောင်းတဲ့လက် ဆီစွန်းပါ တယ်လို့ဆင်ခြေပေးတတ်ကြပါတယ်။ ဒါပေမဲ့ တစ်သက်စားမကုန်အောင်ကို စွန်းသွားတဲ့ဆီတွေပါ။ ဒီစီမံကိန်း မျိုးမှာ ဘဏ္ဍာငွေ ခွင့်ပြုပေးရသူတွေ ငွေကြေးကိုင်တွယ်သုံးစွဲရတဲ့သူတွေ လုပ်ငန်းကန်ထရိုက်ရခဲ့တဲ့သူတွေ ကတော့ ဘယ်လောက်အထိ ကြွယ်ဝသွားတတ် သလဲဆိုတာ လူတိုင်းအသိပါဗျာ။

ပေးဆပ်လိုက်ရတဲ့  သူတွေကကော၊ ဦးလှဆွေရဲ့ဆောင်းပါးမှာ ဒါကို အထူးအလေးပေး ဖော်ပြထားပါတယ်။ မုန်းဆည်ကိုထိန်းချုပ်ဖို့ အောက်ဘက်မှာ တမံတွေထပ်ဆောက်ဖို့ စီမံခဲ့ပါ သတဲ့။ အဲဒီလို တမံနှစ်ခုထပ်ဆောက်လိုက်လို့ ရွာ ၁၈ ရွာ ရေမြုပ်သွားတဲ့ အတွက် နစ်နာသူတွေကတိုင်လို့ လွှတ် တ်ာက ဖွဲ့ပေးတဲ့ ကော်မရှင်အနေနဲ့ သူ ထပ်ရောက်သွားရတာလို့ ရှင်းပြထား ပါတယ်။ တိုင်လည်းတိုင်စရာ၊ မုန်း တမံကြောင့် ရေမြုပ်သွားတဲ့ရွာတွေကို ပေးတဲ့လျော်ကြေးကလည်း လူကြား လို့မှမကောင်း၊ တစ်အိမ်ထောင် ငွေ ငါးထောင်တဲ့၊ အဆိုးဆုံးကတော့ ပြောင်းဖို့ပေးတဲ့နေရာသစ်က လုပ်စားလို့မရ လူနေလို့မရတဲ့ ကုန်းခေါင်ခေါင်မို့ အ ရင်ရွာဟောင်းတွေအပေါ် ရေလွတ်တဲ့ နေရာတွေမှာပဲ  ကုပ်ကပ်နေကြရ ကြောင်း၊ မူလ လယ်ပိုင်မြေပိုင်တွေ ဘဝကနေ တမံဘေးမှာ ဖားရှာ၊ ငါးရှာ နဲ့ ပျံကျတွေဖြစ်ကုန်ပြီး အဆုံးမတော့ ကျား/မ မရွေး အရွယ်ကောင်း မှန်သမျှ ထိုင်းဘက် အောက်လမ်းက ထွက်ရရာလုပ်စားကြရတော့ကြောင်း ရေးထားပါတယ်။

ဒါ့အပြင် ရှေ့မှာရေမြုပ်လို့ နောက်က တောခုတ်စိုက်ပျိုးမယ် လုပ်ပြန်တော့ သစ်တောဌာန ကျွန်းစိုက် ခင်းက ခံနေပြန်၊ အရေးထဲ ကပစ (၂ဝ) စက် ရုံရောက်လာလို့ ဧကသောင်းချီထပ် သိမ်းပြန်တော့၊ နောက် ဆုံးရလဒ်က အင်မတန်အရေးကြီးတဲ့ ကလေးတွေ ပညာရေးအတွက် ကျောင်းတွေကအစ ရွေ့လျားကျောင်း ရယ်လို့ ဖြစ်ကုန်တာ ၁၈ နှစ်တောင် ကြာခဲ့ပြီတဲ့။ ကြားရချက် မသက်သာလှပါလားခင်ဗျာ။

သမ္မတကြီးက Land Reform မြေယာပြုပြင်ပြောင်းလဲရေးလုပ်မယ် လို့ ကြေညာလိုက်ပြီးကတည်းက တစ် နိုင်ငံလုံးက လယ်သမားတွေရဲ့ လယ်သိမ်းမြေသိမ်းခံထားရတဲ့ကိစ္စတွေ အသံထွက်လာလိုက်တာ ဒီနေ့အထိ ဖြစ်ရပ်ပေါင်းစုံ အတောမသတ်ပါပဲ။ ဒီပြဿနာမျိုး ကြားရဖန်များလွန်းလို့ ရိုးတောင် ရိုးကုန်ကြတဲ့သဘော၊ ဖြစ်ရိုးဖြစ်စဉ်လို့တောင်ထင်စရာ။ အခု မုန်းဆည်ကိစ္စမျိုးကို အရင်းစစ်လိုက်တော့ အရင်ခေတ်မှာ အဘက်ဘက်က ပိတ်ဆို့ထားတဲ့ကြားက ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်အဟုန် နဲ့လုပ်နိုင်ပါတယ် ဆိုတာ ပြချင်တဲ့အတွက် တစ်လကို ဆည်တစ်ဆည်၊ တံတားကြီးတစ်စင်းတော့ ဖွင့်ရမယ်ဆိုတဲ့ ညွှန်ကြားချက် မျိုးကြောင့် ဖြစ်ခဲ့ရတဲ့သဘော သုံးသပ် ထားတာဖတ်ရပါတယ်။ လက်စသပ်တော့ ရေပါတာပဲလိုချင်တာ၊ ရေဘူး ပေါက်တာ ငါ့ကိစ္စမဟုတ်ဆိုတဲ့ အမိန့် မျိုးကြောင့် ဖြစ်ခဲ့ရတဲ့ ကြေကွဲစရာ နာကျင်စရာအဖြစ်များစွာထဲက တစ်ခု ဖြစ်နေပြန်ပါရောလား။

ဒီအဖြစ်ကို NLD တို့ NDF တို့လို ပါတီတွေက အမတ်တွေကရေးတယ် ဆိုရင်တော့ ဖေ့စ်ဘုတ်ခ်မှာ နာမည် ဝှက်နဲ့ ကွန်မန့်ရေးတဲ့အုပ်စုတွေက အ နာပေါ်တုတ်ကျ ဆဲဆိုဝေဖန်ကြဦးမှာ သေချာပါတယ်။ အခုတော့ နဝတ/ နအဖခေတ် စစ်ဘက်အရာရှိတဖြစ်လဲ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရေးတယ်ဆိုတော့ ဘာပြောကြမလဲ။ မောင်မြတ်ကတော့ ဒီလိုတင်ပြရဲတဲ့ ဦးလှဆွေရဲ့စိတ်ဓာတ်ကို လေးစားမိပါတယ်။ ဘောင်းဘီကနေ တိုက်ပုံပြောင်းဝတ်ကြသူတွေထဲမှာ  တိုင်းပြည်မျက်နှာပဲကြည့်ပြီး ဒီလိုဝေဖန် သုံးသပ်ဆင်ခြင် နိုင်တဲ့သူတွေ အများကြီးလိုအပ်နေပါတယ်။

ဦးလှဆွေ ဆက်ရေးပြတဲ့အထဲ မှာ ထိုင်းနိုင်ငံမှာ ယာခင်းထဲ စစ်ရဟတ်ယာဉ်ပျက်ကျတဲ့အတွက် ထိုင်း စစ်တပ်က ယာခင်းရှင်ကို တစ်နှစ် ရမယ့်သီးနှံတန်ဖိုး ငါးဆပြန်လျော်တဲ့ အပြင် စက်ဆီတွေနဲ့ ပေပွသွားတဲ့မြေ ကြီးကိုတောင် ကလော်ထုတ်လို့ မြေ ကြီးအကောင်းနဲ့ လဲလှယ်ပေးပုံကိုပါ ဥပမာပြလို့ သူတို့ဆီမှာ လူကိုကော မြေကိုပါ ဘယ်လောက်တန်ဖိုးထား တယ်ဆိုတာ ပြောလိုက်ပါသေးတယ်။ 'ဘရာဗို' ဦးလှဆွေ တကယ်ချီးကျူး ပါတယ်။ စစ်သားဟောင်းဖြစ်သော် ငြားလည်း ကိုယ့်ဆီက အခြေအနေ ကိုယ်သာအသိဆုံးပီပီ ဦးလှဆွေ ဆက် ရေးထားပုံက မြန်မာပြည်မှာသာ ဒါမျိုးဖြစ်လို့ကတော့ အလျော်မရတဲ့အ ပြင် အပျက်အစီးကောက်ဖို့ လုပ်အား ပဲ ပေးရလေမလား၊ ကင်းပဲစောင့်ပေး ရလေမလား။ မြေကြီးပြန်ပြင်ပေးဖို့ဆိုတာကတော့ မကြံကောင်းမစီရာ၊ သီး နှံလျော်ကြေး ငါးနှစ်စာဆိုတာကတော့ ဝေးစွလို့ဆိုထားပြီး သူများနိုင်ငံတွေမှာ လူကိုကောမြေကိုပါ တန်ဖိုးထားလို့ တိုးတက်နေပါလားလို့ သံဝေဂရမိပါသတဲ့။ ကဲ မောင်မြတ်ကသာ အဲဒီလို ရေးရင် အဆိုးမြင်တယ်လို့ ပြောချင်သူတွေရှိလိမ့်မယ်။ အခုတော့ ဝါရင့်တပ်မှူးဟောင်းတစ်ယောက်က ရေးတယ် ဆိုတော့ မြန်မာပြည်ဟာ ဘယ်လိုစနစ်ကြီးနဲ့ စခန်းသွားခဲ့သလဲဆိုတာ ပါဝင်အသုံးတော်ခံခဲ့သူတွေကိုယ် တိုင်က ဝန်ခံသလိုဖြစ်နေပါပြီ။

  ပြီးခဲ့တာတွေ  ပြီးပါစေတော့၊ နောက်ဆက်မမှားဖို့ဘဲ အရေးကြီးပါ သည်လို့ ဦးလှဆွေက ပြောလိုက်ပါ သေးတယ်။ ရေမြုပ်ရွာတွေအတွက် ဘတ်ဂျက်ပြည့်စုံမှ ဆည်ပိတ်ပါလို့ ထောက်ပြလိုပါသတဲ့။ နောက်ကျမှ လာမယ့် ဆည်ရဲ့ကောင်းကျိုးတွေ ရောက်မလာခင် နစ်မြုပ်ပျက်စီးသွား မယ့်ဘဝတွေကို တာဝန်အရ ကိုယ် တွေ့ကွင်းဆင်း လေ့လာပြီးရေးတဲ့ သတင်းဆောင်းပါးကိုဖတ်ပြီး ရင်မော သွားခဲ့ရတာအမှန်။ ဒါဟာ မုန်း ချောင်းတမံဆိုတဲ့ စီမံကိန်းတစ်ခုအကြောင်းပဲရှိသေးတယ်။ အစုအဖွဲ့လိုက် ဆောက်ပေးခဲ့တယ်ဆိုတဲ့ ဆည်တွေ၊ တစ်လကိုတစ်ခုလောက် တည်ခဲ့ပါတယ်ဆိုတဲ့ တမံတွေကြောင့် နစ်မြုပ် ခဲ့ရတဲ့ ဘဝတွေ၊ ဘယ်လောက်များရှိ ခဲ့လေမလဲ။ Check & Balance မရှိတဲ့ စနစ်တစ်ခုအောက်မှာ ဆယ်စုနှစ်တွေ များစွာအတွင်းမှာ  ဘဝတွေ ဘယ် လောက်ထွက်ပေါက်ပျောက်ခဲ့လေသလဲ။ ထိုင်းနဲ့မလေးရှားမှာ အနှိမ်ခံများ အဖြစ်နဲ့ ရောက်ရှိသွားတဲ့၊ ရောက်ရှိနေတဲ့၊ မျက်နှာငယ်နေရတဲ့ သန်းပေါင်းများစွာသော ရွှေမြန်မာတွေထဲ မုန်းတမံလိုအဖြစ်မျိုးရဲ့ ရလဒ် ကြောင့် ဒုက္ခ ပင်လယ်ဝေခဲ့ရသူတွေ ဘယ်လောက်ပါဝင်နေလေမလဲ။

ဒါကြောင့်လည်း မြန်မာပြည်မှာ စစ်ဆိုရင် ရေတောင်စစ်မသောက်ချင်ပါဘူးလို့ ပြောတတ်သူတွေကို အပြစ်မတင်ရက်ပါ။ အမြစ်လှန်လိုက်တော့လည်း ၁၉၆၂ ခုနှစ်ကတည်းကဆို တော့လည်း နာကျင်ခါးသီး မှုတွေက နည်းနည်းနောနောမှမဟုတ်တာ။ ခေတ်အဆက်ဆက် ဒုက္ခတွေအကြီးအကျယ် ပေးစွမ်းသွားတဲ့ စစ်အုပ်ချုပ်ရေးကို မုန်းတယ်၊ စစ်ပွဲတွေကို မုန်းတယ်၊ အကြမ်းဖက်ဖိနှိပ်မှုတွေကို မုန်းတယ်၊ မတော်လောဘ ကိုယ်ကျိုးရှာမှုတွေကို မုန်းတယ်၊ အနိုင်ကျင့်မှုတွေကို မုန်းတယ်၊ အာဏာပိုင်စစ်အရာရှိတွေကို မုန်းတယ်၊ လိမ်ညာ အစီရင်ခံနေတာတွေကိုမုန်းတယ်၊ နောက်ဆုံးတော့ စစ်ဗိုလ်စစ်သားမှန်သမျှ မုန်းတယ်ဆိုတဲ့ အထိ ဖြစ်ခဲ့ကြတယ်ဆိုရင် မမှားပါဘူး။

၁၉၆၅ ခုနှစ်မှာမွေးတဲ့ မောင်မြတ်အတွေ့အကြုံအရဆို ၁၉၈၈ ခုနှစ် အရေးအခင်းအပြီးမှာ စစ်ဆိုရင် အသံတောင်မကြားချင်လောက်အောင်ဖြစ် သွားသူတွေအတော်များလာပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဗိုလ်သင် တန်းနှစ်ကြိမ်လျှောက်ခဲ့ဖူးပြီး စစ်မှု ရေးရာတွေ အတော်ဝါသနာထုံခဲ့တဲ့ မောင်မြတ်ကိုယ်တိုင်ပင်လျှင် လူမှန်းသိကတည်းက ကျင်လည်ခဲ့ဖူးတဲ့ စစ်ဘက်ဌာနတွေ၊ အဝန်းအဝိုင်းတွေကနေ ဝေးဝေးရှောင်ဖယ်လိုစိတ် ဖြစ်ခဲ့ရပါတယ်။ အခွင့်သာတာနဲ့ အဲဒီအတိုင်းပဲဝေးရာမှာ နေလိုက်တော့တာ အခုအထိပါပဲ။

မောင်မြတ်ဟာ အရင်က ပြည်လမ်း ပဲခူးကလပ်မှာရှိတဲ့ စစ်ဘက်ဆိုင်ရာငွေစာရင်းရုံးမှာ ၉ နှစ်နီးပါး ဝန်ထမ်းလုပ်ခဲ့ဖူးသူပါ။ (အဲဒီရုံးအကြောင်းနဲ့ ကာကွယ်ရေးဌာနဆိုင်ရာ စာရင်းအင်းများစစ်ဆေးမှုတွေ အကြောင်းကို သီးသန့်ရေးပါဦးမယ်၊ အလွန်အရေး ကြီးတဲ့အကြောင်းမို့ အချိန်ယူနေပါ တယ်)၊ ပဲခူးကလပ်ရုံးနဲ့ မိုင်ဒါကွင်းဆိုတာ ဘာမှမဝေးပါဘူး။ မောင်မြတ်ဆိုရင် ဘတ်စ်ကားအခက်အခဲကြောင့် ယောက်လမ်းမှတ်တိုင် ကနေ ယောမင်းကြီးလမ်းအတိုင်းလျှောက်၊ ဦးဝိစာရလမ်းကိုကျော်  မိုင်ဒါကွင်းထဲကဖြတ်လို့ မြို့မကျောင်းဘေး ကနေရုံးအထိ နေ့စဉ်လိုလမ်းလျှောက်ရုံးတက်နေကြ၊ မိုင်ဒါကွင်းထဲ ဖြတ်လျှောက်မရတာ တစ်နှစ်မှာ တစ်လပဲ ရှိခဲ့တယ်။ မတ်လပေါ့၊ တော်လှန်ရေးနေ့၊ တပ်မတော်နေ့ စစ်ကြောင်းတွေချီတက်လေ့ကျင့်တဲ့ တစ်ချိန်ပဲ ကွင်းဘေးက ပတ်သွားရတယ်။

အဲဒီအချိန်ဆိုရင် မောင်မြတ်တို့ ရုံးက မမတချို့လည်း ရောဂါစပြီ။သူတို့အပြောကတော့ အဲဒီစစ် ကြောင်းချီတဲ့ ဘင်ခရာတီးသံ တဒုန်းဒုန်းကြား ရင်ပဲ သူတို့ရင်ထဲမှာလည်း တဝုန်းဝုန်းတဲ့။ ဒီလိုနဲ့ ၂၇ ရက်နေ့ရောက်တော့ ပန်းကုံးအပြိုင်စွပ်ကြတာပေါ့ဗျာ။ သူတို့အုပ်စုဆို ရုံးက ဗိုလ်ရွေးအဖွဲ့လို့ နာမည်ပေးထား တယ်။ အဲဒီမှာ ပန်းကုံးစွပ်ရင်း စွံတဲ့သူလည်း စွံသွားတယ်။ အဲဒီတုန်းက စစ်ကြောင်းတွေ ချီတက်တာ ကြည့်ချင်ရင် ပန်းကုံးစွပ်ချင်ရင် ဘယ်သူမဆို လုပ်လို့ရတယ်။ အဲဒီအချိန်လာတဲ့သူတွေထဲမှာ ကိုယ့်ဆွေမျိုး သားချင်း ချီတက်လမ်းလျှောက်တဲ့အထဲပါလို့ လာအားပေးသူတွေအပြင် ဘယ်သူကမှမခေါ်ဘဲ လာကြည့် တဲ့သူတွေလည်း အများကြီးရှိခဲ့တယ်။

၈၈ နောက်ပိုင်းမှာတော့ အခြေ အနေက  စပြောင်းလဲလာတယ်။ မောင်မြတ်ဖြတ်လျှောက်နေကြ မိုင်ဒါ ကွင်းဘေးမှာ မိုင်းရှာနေတာကို ပထမဆုံးတွေ့ဖူးလာတယ်၊ စစ်ကြောင်းတွေ ချီတက်တာ လာကြည့်တဲ့သူတွေကို တင်းတင်းကျပ်ကျပ်  စစ်ဆေးလာတယ်။ ၁၉၉၂ ခုနှစ်မှာ မောင်မြတ် အလုပ်က ထွက်လိုက်လို့ မိုင်ဒါကွင်း ဘေးကလည်း  ဖြတ်မလျှောက်ဖြစ် တော့ဘူး။ ဒီတော့ တပ်မတော်နေ့ စစ်ကြောင်းချီတက်ပုံတွေကို တီဗွီကပဲ နည်းနည်းပါးပါးကြည့် ဖြစ်တော့တယ်။ လုံခြုံရေးတင်းကျပ်လာတယ်။ တဖြည်းဖြည်းနဲ့ အများပြည်သူ သွား ကြည့်ဖို့ အဆင်မပြေတော့ဘူးဆိုတာ သိလာရတယ်။

နောက်ဆုံးတော့ တပ်မတော်နေ့ ချီတက်ပွဲဟာ နေပြည်တော်ရောက် သွားတယ်။ အခု ဒေါ်စု ပထမဆုံး လာတက်တဲ့ပွဲ၊ လက်နက်ယန္တရားတွေ လည်း ပါဝင်လာတဲ့ပွဲမှာဆို စစ်ကြောင်း တွေချီတက်လာတာ ကြည့်လိုက် တော့ ပန်းကုံးစွပ်ကြိုဆိုတဲ့သူတွေ အားလုံး ပလတ်စတစ် သက်သေခံ ကတ်ပြားလေးတွေကိုယ်စီလည်မှာ ဆွဲလို့၊ ကြိုတင်စာရင်းကောက်ယူပြီး ဝင်ခွင့်ကတ်ပြားလုပ်ထား သူကလွဲရင် သာမန်ပြည်သူ အနားကပ်လို့မရ တော့တဲ့ သီးသန့်ချီတက်ပွဲသက်သက် ဖြစ်သွားပြီထင်ပါရဲ့၊ ပြည်သူတွေကို မိဘလို သဘောထားပါတယ်ဆိုတဲ့၊ ပြည်သူတွေရဲ့ ရင်နှစ်သည်းချာတွေနဲ့ ဖွဲ့စည်းထားပါတယ်ဆိုတဲ့ တပ်မတော်ရဲ့ ဂုဏ်ပြုစစ်ရေးပြ အခမ်းအနာ ဟာ ဘယ်သူမဆို လာရောက် အားပေးနိုင်တဲ့ အခြေအနေကနေ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ လောက်သာ ကြိုတင် စိစစ်ဝင်ခွင့်ပေးတော့တဲ့ သီးသန့် ပွဲတစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့ပြီဆိုရင်တော့ ဝမ်းနည်းစရာပါ။

အစိုးရမီဒီယာကတော့ ထုံးစံ အတိုင်း ကြေညာတာပေါ့။ လူထုလူတန်းစား အသီးသီးကပြည်သူတွေ အဖွဲ့အစည်းတွေက၊ အဖွဲ့ဝင်တွေ သောင်းသောင်းဖျဖျ လာရောက် အား ပေးဂုဏ်ပြုကြပါတယ်ပေါ့။ မောင် မြတ်ကတော့ မိုင်ဒါကွင်းဘေးကနေ ဘယ်သူမဆို လာရောက် ကြည့်ရှုခွင့် ရတဲ့အချိန်လေးတွေကိုသာ ပြန် အမှတ် ရနေမိသလို အမုန်းတွေမရှိ၊ စိုးရိမ်စရာမရှိတဲ့ ဆက်ဆံရေးမျိုးနဲ့ တပ်မတော်နဲ့ ပြည်သူ အမှန်တကယ် ကြည်ဖြူတဲ့ ခေတ်တစ်ခေတ်ကို မြင်ယောင်ချင်ပါ သေးတယ်။

မုန်းဆည်လိုမျိုး အဖြစ်တွေများစွာကြောင့် ရှေ့တင်မှာမပြောရဲပေမယ့် ရင်ထဲကကြိတ်မုန်းနေတဲ့ ခံစားမှုတွေဟာ အခုလို ပွင့်လင်းလွတ်လပ်စပြုလာချိန်မှာတော့ ပွင့်အန်ထွက်လာတာ ပုံနှိပ်စာမျက်နှာတွေထက် မှာကော အွန်လိုင်းမှာပါ အများအပြား မြင်ကြရမှာပါ။ ပြီးတာတွေ ပြီးပါစေတော့ရယ်လို့ စကားတစ်ခွန်း လောက်နဲ့တော့ လွယ်လွယ်လေး မေ့ဖျောက်ဖို့ မဖြစ်နိုင်တာအမှန်၊ ဆက်ပြီးမမုန်းစေချင်ရင် နစ်မြုပ်ခဲ့တဲ့ ဘဝ တွေအတွက် ပြန်ကုစားပေးမယ့် စီမံ ကိန်းမျိုးတွေတော့ လိုအပ်မယ် ထင် ပါတယ်။ နစ်နာမှုတွေအတွက် စုံစမ်း စစ်ဆေးဖို့ နောက်ထပ်ကော်မရှင်တွေ ဘယ်လောက်များလိုအပ်ဦး လေမလဲ၊ ပြည်သူ့ကိုယ်စားလှယ် တာဝန်ယူ ထားသူတွေပဲ၊ လုပ်ကြပေါ့။ အမှန်တရားတွေကို ရှာဖွေဖော်ထုတ် တင်ပြပေးနိုင်ကြပါစေလို့သာ ဆန္ဒပြုရ ပါတယ်။

          ဖြစ်ခဲ့သမျှအတွက် မမုန်းကြေးဆို၊ လွယ်လွယ်နဲ့လည်း မေ့မပစ် လိုက်ကြေး၊ ပြီးတော့ နစ်နာခဲ့သမျှ ဘဝတွေအတွက်လည်း တတ်နိုင် သမျှပြန်လျော်ပေး၊ အဲဒါမှ သင့်မြတ်မယ်ထင်ပါရဲ့လေ။

မင်းမြတ်စံ
by Messenger News Journal


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့