Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 9 May 2013

လွတ်ကျရင် ကွဲတတ်တဲ့ ဘဝစုဘူးများ

လွတ်ကျရင် ကွဲတတ်တဲ့ ဘဝစုဘူးများ (သို့မဟုတ်) ကိုယ်ထူကိုယ်ထ အိပ်မက် ဘဏ်ပိုင်ရှင်များ

'ဟေး-မအေးက နံပါတ် (၃)၊ ဟာ နံပါတ်သေးတွေ အရင်ထွက်နေပါလား'

မွန်းတည့်ခါနီးဖြစ်၍ ဒဂုံမြို့သစ် အရှေ့ပိုင်း အမှတ် ၂ ဈေးသည် ဈေး ဝယ်အသံများ တိတ်ဆိတ်သွားပြီဖြစ် သည်။ သို့သော် ရုတ်တရက် ကျယ် လောင်ထွက်လာသော ငါးစိမ်းတန်းဈေး သည်များအသံကြောင့် ဈေးရှေ့လက် ဖက်ရည်ဆိုင်မှ လူများပင် အလန့်တ ကြားလှမ်း၍ ကြည့်မိကြသည်။

အချို့က ဈေးသည်များ ရန်ဖြစ် နေကြပြီ အထင်ဖြင့် စိတ်ဝင်တစား တီးတိုး။ တကယ်တော့ ရန်ဖြစ်နေကြ ခြင်းမဟုတ်ပါ။ တစ်နေ့ စာဝင်ငွေထဲမှ တတ်နိုင်သလောက် ဖဲ့၍ စုကြသော စုမဲ။ ထိုစုမဲအတွက်မဲနှိုက်နေရာမှ ထွက် ပေါ်လာသောအသံဖြစ်သည်။ ဈေးရင်း ထည့်ရန်၊ ကြွေးပူလေးများ ဆပ်ရန်၊ ဆိုင်ကယ်ဝယ်ရန်၊ ရွှေလုပ်ရန် စသည့် စသည့် ရည်မှန်းချက်များအတွက် သူ တို့ မဲစုကြသည်။ ထုံးစံအရမူ မဲကိုင် သူက နံပါတ် ၁ ရစမြဲ။ နံပါတ် ၁ ယူပြီး ပါက နံပါတ် ၂၊ ၃ စသည်ဖြင့် စောကျ သူများက ငွေကို
တစ်လုံးတစ်ခဲတည်း အတိုးမပေးရဘဲ ကြိုသုံးနိုင်သည့်အခွင့် အရေးရှိ၏။ ထိုအခွင့်အရေးသည် တစ် နေ့စာတစ်နေ့ရှာဖွေစားနေရသော မအေး တို့အတွက် မဟာဆုလာဘ်ပင် မဟုတ် လော။

''တစ်ရက်ကို ၂၅ဝ မဲ စုတာလေ။ ကျွန်မက ၂ဝဝဝ၊ အမျိုးသားဆိုင်ကယ် ကယ်ရီဆွဲလို့ရတဲ့ငွေထဲက ၅ဝဝ၊ နှစ် ယောက်ပေါင်း ၂၅ဝဝ မဲ စုတာပေါ့။ မဲရတဲ့အခါ ရွှေလေးဘာလေး လုပ်ချင် လို့ စု ဖြစ်တာ''ဟု အသက် ၃ဝ ခန့်ရှိ ဝက်သား သည် မအေးက စဉ်းနှီးတုံးကို ဆေးရင်းပြောသည်။ တစ်မနက်ခင်းလုံး ဈေးရောင်းထားရ၍ ပင်ပန်းပုံပေါက် နေသော်လည်း နံပါတ် ၃ ရထားခြင်း၏ ကျေနပ်ပီတိက သူ့မျက်နှာတွင် ဖုံးမရ။ ရည်မှန်းချက်များက အသေးစား လေး များဟု ထင်ရသော်လည်း မျှော်လင့် ချက်ကြီးကြီးဖြင့် မအေးတို့လို မဲစုသူများ ကို ရန်ကုန်မြို့၏ဆင်ခြေဖုံး ရပ်ကွက် များတွင် အလွယ်တကူတွေ့နိုင်ပါသည်။

အထူးသဖြင့် ဈေးများ၊ ဈေးများဆို သည်ကိုက အမျိုးသမီးများ စုဝေးရာ အရပ်ဖြစ်ပြီး ထိုစုမဲများကိုလည်း အမျိုး သမီးများ အဓိက စုပေါင်း၍ စုကြခြင်း ဖြစ်သည်။

''မဲစုတဲ့အတွက်ကြောင့် တစ်ခါ တလေ ဈေးနားချင်ရင်တောင် နားလို့ မရဘူး။ ကျွန်မက ငါးထောင်မဲ စုတာ လေ။ အိမ်စရိတ်နဲ့ မဲဖိုးနဲ့ဆိုရင် အကြွေး တင်မှာစိုးလို့ အခါကြီးရက်ကြီးတွေမှာ တောင် ဒီလို ကြက်တွေလုပ်ပြီး မရာင်း ချင်ဘဲ ရောင်းနေရတယ်''ဟု
သန်လျင် နံ့သာကုန်းဈေးမှ ကြက်သားသည် မညို က ပြောသည်။

နှစ်ဆန်းတစ်ရက်ကဲ့သို့ နေ့မျိုး တွင်ပင် အကုသိုလ်အလုပ်လုပ်ရသော ကြောင့် စိတ်မချမ်းသာရကြောင်း ပြော ရင်း သူမမျက်နှာ မကောင်းလှ။ မနက် ၃ နာရီကတည်းက အိပ်ရာက ထကာ ဈေးရောင်းဖို့ ပြင်ဆင်ရသော မညိုမျက် နှာသည် နွမ်းနယ်မှုဆောင်နေသော် လည်း မဲရငွေဖြင့် ဆိုင်ကယ်ဝယ်နိုင် သည်ဟုပြောသောအခါတွင်တော့ မျှော် လင့်ချက်ဖြင့် အရောင်လက်လာပြန် သည်။

မညိုတို့ထက် အဆင့်မြင့်သည် ဟု ပြောရမည်လား(သို့မဟုတ်) ရည်မှန်း ချက်အကြီးစားဟု ဆိုရမည်လားမသိ။ အိမ်ဝယ်ရန် ရည်ရွယ်၍ ဆယ်စုနှစ် ၂ ခုနီးပါး မဲစုကြသူများလည်း ရှိ၏။ ထို ထဲတွင် သာကေတမှ မမြင့်မြင့်အေး လည်း အပါအဝင်ဖြစ်သည်။
''ကျွန်မမဲစုတာ ၁၇ နှစ်ကျော်ပြီး အိမ်ထောင်စကျကတည်းက ကိုယ်ပိုင် အိမ်နဲ့ခြံလေးဝယ်ချင်တာနဲ့ပဲ မဲစုဖြစ် သွားတာ။ ကျွန်မမဲစစုတုံးက ၅ဝ စုတာ။ အဲဒီတုံးက တစ်နေ့ ဝင်ငွေ ၂ဝဝ ရတယ်။ ပထမဆုံးမဲထုတ်တော့ လေးသောင်းရ တယ်။
ဒီပိုက်ဆံနဲ့ပဲခြံဝယ်ဖြစ်တာ''ဟု သူမက ပြောပြသည်။

သူမတို့အိမ်လေးသည်မကျယ်ဝန်း သော်လည်း သပ်သပ်ရပ်ရပ် ရှိသည်။ အိမ်ထောင်ပရိဘောဂ ပစ္စည်းများကို သပ်ရပ်စွာထားပြီး အိမ်ကလည်း သန့် ရှင်းနေသည်။ အိမ်ရှင်မဖြစ်သူ မမြင့်မြင့် အေးက အဝတ်များကို မီးပူတိုက်ရင်း အပြုံးကိုဆင်ကာ စုမဲငွေဖြင့်
အိမ်ဝယ် ဖြစ် ပုံကို ဆက်လက်ပြောပြပြန်သည်။

''ခြံဝယ်တုန်းကခြံဈေးက နှစ်သိန်း ရှစ်သောင်း၊ စရံချထားပြီးက တည်းက ခြံရှင်က ကျွန်မတို့ကိုသနားလို့ဆိုပြီး အဲ ဒီခြံထဲမှာ နေခွင့်ပြုထားတယ်။ အဲဒီမှာ ပြောင်းနေရင်းနဲ့ပဲ မဲဆက်စုပြီး ခြံဖိုး အကြေပေးတယ်။ အသင့်အတင့်အိမ် ကလေးတစ်လုံး
ဆောက်တယ်''ဟု ပြော ပြသည်။ လက်ရှိအချိန်အထိ သူမတို့မဲစု ကြတုန်းပင်။ အမျိုးသား အလုပ်မလုပ် နိုင်သော အချိန်တွင်သုံးရန်နှင့် သာရေး နာရေးအတွက်သုံးရန်ရည်ရွယ်၍ ဆက် လက်မဲစုဖြစ်ပုံကို ပြောပြရင်း ယုံကြည် စိတ်ချရမှုရှိရန်လို ကြောင်းလည်း သံတို သံစ
အရောင်းအဝယ်လုပ်သည့် သူမ က မမေ့မလျော့ ထည့်ပြောသည်။

မှန်ပါသည်။ လူချင်း တူသော် လည်း စိတ်ဓာတ်နှင့် ရပ်တည်မှုများ မတူကြပါ။ ငွေကို များများမြင်ပါက တစ်ပါးသူ၏ ငွေပင်ဖြစ်သော်ငြားကိုယ် ကျိုးစီးပွားအတွက် အသုံးချကြသူများ လည်း ရှိသည်။ လိမ်လည်ကြသည်။ ထို့ ကြောင့်ပင် မဲလိမ်သူများ၊ မိမိ၏
မဲတစ် မဲ တည်းကို အခြားသူ နှစ်ဦးသုံးဦးကို ရောင်းကာထွက်ပြေးသူများလည်း ဒုနှင့် ဒေး။

''ကျွန်မအမေက မဲလိမ်ခံရ ဖူး တယ်။ နှစ်ထောင်မဲစုကြတာ။ မဲရှင်က မပေးနိုင်လို့ထွက်ပြေးသွားတာ''ဟု ပုဇွန် တောင်ဈေးတွင် ကုန်စိမ်းရောင်းသူ မနွယ်က ဆိုသည်။

ဆင်ခြေဖုံး ဈေးများတွင် မဲကို အနည်းဆုံး ကျပ် ၅ဝဝ မှ ကျပ် ၁ဝဝဝဝ၊ ၁၅ဝဝဝ အထိ စုကြလေ့ရှိပြီး ငွေအလျင် လိုပြီး နံပါတ် နောက်ဆုံးကျသူက မိမိ၏ မဲကို ပြန်ရောင်းလေ့ရှိကြသည်။

''ကိုယ်ရောင်းတဲ့ သူက ငွေကို ထုတ်ပေးတယ်။ ဒါပေမဲ့ ၁ဝ တိုးယူ တယ်။ အဲဒီအတိုးကို တစ်ခါတည်း နုတ် ပြီး ပေးလိုက်တာ။ ဥပမာ-ကိုယ်က ၁ဝ သိန်းရမယ်။ တစ်လှည့်အလိုမှာယူရင် သူက ၁ဝ တိုး တစ်သိန်းကို တစ်ခါ တည်း နုတ်ပြီး ၉ သိန်းရမယ်။ ကိုယ့် အလှည့်က ၃ လလောက်လိုသေးရင် သုံးလစာ ၃ သိန်းနုတ်ပြီး ၇ သိန်းပဲ ပေးတယ်''ဟု မဲပြန်ရောင်းသည့် ပုံစံကို မနွယ်က ရှင်းပြသည်။

မဲစုကြသူအများစုကတော့ မဲစု ခြင်းသည် ဥပဒေနှင့် ညီသည်ဟု ယူဆ ကြသည်။ အမှန်တကယ်က မဲစုခြင်း သည် တရားမဝင်ပါ။ ငွေကြေး ဥပဒေ အရ ငွေစုလိုပါက ဘဏ်တွင်သာ စုရ မည်ဖြစ်ပြီး လိုင်စင်မရှိဘဲလုပ်၍ မရ ဟုတရားလွှတ်တော်
ရှေ့နေတစ်ဦးက ပြောသည်။ စုမဲငွေမပေးဘဲ ထွက်ပြေး သူများ၊ မဲလိမ်ရောင်းသူများအား လိမ် လည်မှု ပုဒ်မ ၄၂ဝ ဖြင့် တရားစွဲနိုင်ပြီး အချို့မှာမူ ရာဇဝတ်မကင်းသော ယုံ ကြည်အပ်နှံရေး ဖောက်ဖျက်မှု ပုဒ်မ ၄ဝ၆ ဖြင့် တရားစွဲကြကြောင်းလည်း သိရသည်။
ထိုသို့ဖြစ်စဉ်များလည်း များ ပြားကြောင်း အထက်ပါ ရှေ့နေက ဆို သည်။

''တစ်ယောက်နဲ့ တစ်ယောက် သိ နေကြတာပဲ။ ဒီမျက်နှာတွေ နေ့တိုင်း မြင်နေရတာ။ သဘောတူညီမှုတွေဘာ တွေလည်း မထားပါဘူး။ ဒီအတိုင်းပဲ စုကြတာ''ဟု မြောက်ဒဂုံမှ ကုန်ခြောက် ရောင်းသူဒေါ်သင်းအေးက ပြောသည်။ ထိုသို့ ယုံကြည်လွန်းသော
ကြောင့်လည်း ငွေလိမ်သူများအတွက် တစ်ပန်းသာ ခြင်းဖြစ်ကြောင်းကို သန်လျင်မှ ကြက် သားသည် မညိုကသူမ၏ အတွေ့အကြုံ နှင့်ယှဉ်၍ ပြောပြသည်။

''မဲစုတဲ့သူက ပထမအခေါက်က တော့ မှန်မှန်ကန်ကန်ပေးပါတယ်။ ဒုတိ ယအခေါက်မှာ ထွက်ပြေးသွားတယ်။ မဲ စုပြီး ခံရတာတင်မဟုတ်ဘူး။ သူက မဲနံ ပါတ်တစ်ခုကို နှစ်ယောက်ရောင်း သွား တာ။ မဲဝယ်သူကလည်း လေးသိန်း လောက်ပေးရင်ခြောက်သိန်းလောက် ပြန်ရမယ်ဆိုတော့ ဝယ်ကြတာပေါ့''ဟု မညိုက သူမ၏ ဖြစ်စဉ်ကို ပြောပြသည်။

မည်သို့ပင်ဖြစ်စေ စုတတ်သူများ အတွက်တော့ စုမဲသည် အိမ်ဝယ်ဖို့ လည်း ဖြစ်နိုင်သည်၊ ဆိုင်ကယ်စီးဖို့လည်း မခဲယဉ်း၊ မစုတတ်သူများအတွက်မူ ဝန် ထုပ်ဝန်ပိုးဖြစ်စေသည်မှာလည်း ငြင်း၍ မရ။ မဲဖိုးပေးရန် မလွယ်ကူ၍ ငွေကို အတိုးဖြင့် ချေးရာမှ အတိုးပေါ် အတိုး ဆင့်ကာ မိမိ၏ရှိရင်းစွဲ လက်ငုပ်လက် ရင်းလေးများပင် ဆုံးရှုံးသွားရသူများ လည်း မနည်း။ ထိုထဲတွင် အင်းစိန်မှ မသီရိလည်း အပါအဝင်ဖြစ်သည်။ နှစ် လုံးထီကြွေး ခြောက်သိန်းကို ပြန်ဆပ်ရန် ရည်ရွယ်၍ လေးသောင်းမဲကို စုခဲ့ သည်။ မဲထုတ်ပါက ၁၆ သိန်း ရမည် ဖြစ်၍ အလွယ်တကူပင် မဲစုရန် သ ဘောတူခဲ့သည်။ သို့သော် မလေးရှားမှ အမျိုးသားပို့ပေးသော ငွေဖြင့် ရပ်တည် နေရပြီး ဝင်ငွေပုံမှန်မရှိသည်ကို ထည့်မ တွက်လိုက်မိသည်က သူမ၏ မဟာ အမှားပင်။

''တစ်ပတ်ကို လေးသောင်း၊ တစ် လကို တစ်သိန်းခြောက်သောင်းပေါ့၊ အဲဒီမဲဖိုးပေးနိုင်ဖို့ ခေါင်းတွေကို ကိုက် နေရတာပဲ။ ကိုယ့်နံပါတ် ကလည်း သုံး လ လောက်လိုသေးတယ်။ အဲဒီမှာ ဒုက္ခ ရောက်တော့တာပဲ''ဟု သူမက ညည်း ညည်းညူညူပြောသည်။ တကယ်လည်း စိတ်ရှုပ်နေသည့်ဟန်။

ရှိသမျှ ရွှေလေးများကို ပေါင်ကာ မဲဖိုးပေးပြီးနောက် အတိုးဖြင့် ငွေချေး ကာ မဲဖိုးပေးခဲ့သည်။ အတိုးများ တက် လာတော့ မဲ ၁၆ သိန်းရသည့် အချိန် တွင် အကြွေးက သိန်း ၂ဝ လောက် ဖြစ်သွားခဲ့သည်။

''အရမ်းကို စိတ်ညစ်ခဲ့ရတယ်။ ယောက်ျားပြန်လာတော့ အကြွေးရှင် တွေက အကြွေးလာတောင်းကြတယ်။ အဲဒါနဲ့ပဲ ယောက်ျားက ရွှေတွေ ပြန်ရွေး၊ အပြတ်ရောင်းပြီး ဆပ်ပစ်တာတောင် အခုထိ အကြွေးမကြေသေးဘူး'' ဟု မသီရိက ပြောပြသည်။
အခုတော့ ယောက်ျားရှာသမျှသည်အကြွေးဆပ် နေရသလိုကို ဖြစ်နေကြောင်း ပြော သောအခါ သူမမျက်နှာသည် မဲနောင် တဖြင့် ညိုနေပါတော့သည်။

အကောင်းနှင့် အဆိုး အမြဲဒွန်တွဲ လျက်ရှိသည်မှာ လောက သဘာဝ။ မိမိ ၏ အသိဥာဏ်ဖြင့် ချင့်ချိန်ကာ အရာရာ ကို ဆုံးဖြတ်လုပ်ဆောင်နိုင်မှသာ အ ခက်အခဲများကြားမှ ရုန်းထွက်နိုင်ပေ မည်။ ထို့အတူ အခြားသူများ၏ အတွေ့ အကြုံများကို သင်ခန်းစာယူတတ်ရန် မှာလည်း အလွန်အရေးကြီးသည်။

''မဲဆိုတဲ့ အတိုင်းမဲပြီး စုဖြစ်တော့ အသုံးစရိတ်ထဲပါမသွားတော့ဘူး။ကိုယ့် ဘာသာကိုယ်ဆို စုဖြစ်မှာ မဟုတ်ဘူး''ဟု ဝက်သားသည် မအေးက ရယ်မော ကာပြောရင်း အိမ်ပြန်ရန်ပြင်သည်။

နေက ခေါင်းပေါ်တည့်တည့်မှာ။ ငါးစိမ်းတန်းတွင်လည်း လူမရှိတော့။ ကုန် ခြောက်တန်းဘက်တွင်သာ ဈေး ဝယ်သူအနည်းငယ်တွေ့ရသည်။ လွန်ခဲ့ သည့် မိနစ်အနည်းငယ်က မဲနှိုက်ကာ ဆူညံခဲ့သော ငါးစိမ်းတန်းသည် ယခု တော့ သူမဟုတ်သလိုပင်။ ဈေးသည် များ လည်း ပြန်ကြပြီ။ မနက်ဖြန် အ တွက်၊ မနက်ဖြန်ပေးရမည့် အိမ် စရိတ်၊ ဈေးရင်း၊ စုမဲကြေး စသည်တို့ကို စိတ် တွက်တွက်ကာ လှမ်းနေသော ဘဝများ စွာသည်ရော ငြိမ်သက်တိတ် ဆိတ်နေပါ ရဲ့ လားမသိနိုင်။ဈေးကတော့ တိတ် ဆိတ်လျက်။

သတင်းအချက်အလက် သုတလင်း၊ အိမ်စည်စိုးစံ
မေဇင်ဝင်း ရေးသားသည်။

Popular Myanmar News Journal

ဓာတ်ပုံ - AFP , အောင်နိုင်စိုး ( ကစ္ဆပ )




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့