စပ်မိစပ်ရာလေးတွေ ရေးနေ ပြောနေတာကို သူငယ်ချင်းတွေကို ပြောကြည့်တော့ သူတို့ကပြောပါတယ်။ ဖတ်တဲ့သူရောရှိလားတဲ့ ဒါနဲ့ မသိဘူးလေ ရှိချင်ရှိမှာပေါ့။ လို့ပဲပြောလိုက်တယ်။ ဒါနဲ့ သူငယ်ချင်းတွေက မင်းဟာက ဖတ်မယ့်သူရှိမှာမဟုတ်ပါဘူးကွာ။ ခေါင်းစဉ်မှမပါ ဘဲတဲ့။ ဒါနဲ့ ပါပါတယ်ဟ စပ်မိစပ်ရာ ဘာညာကွကွ ဆိုပြီးတော့လေလို့။ ဒီတော့ သူငယ်ချင်းက အဲဒါတော့ဟုတ်တယ်။ အဲဒီရဲ့နောက်မှာ မင်းပြောချင်တဲ့ အကြောင်းအရာနဲ့ ဆီလျှော်မဲ့ ခေါင်းစဉ်လေးတွေတပ်ရသေးတယ်တဲ့။ အဲဒီလို အကြံပြုပါတယ်။ ဒါနဲ့ပဲ အခုတော့ ပြောချင်တဲ့ အကြောင်းအရာနဲ့ညီမယ့် ခေါင်းစဉ်လေး တပ်ပေးလိုက်ပါတယ်။
ဒီနေ့ ပြောချင်တဲ့ အကြောင်းအရာကတော့ အသေမခက်ဖို့ အနေတတ်ဖို့လိုမယ်ဆိုတဲ့အကြောင်းလေးပါ။ ဒါကလည်း အခုမှကို တိုက်ဆိုင်လာလို့။ မနက်စောစောက အသိသူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ ဘယ်သွားမလို့လည်းလို့ မေးလိုက်မိတယ်။ သူငယ်ချင်းက ငါတို့ဆိုင်နားက ကောင်လေးတစ်ယောက်ရဲ့အသုဘသွားမလို့တဲ့။ အသက်က (၁၉)နှစ်ပဲရှိသေးတယ်။ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်လို့လေ။ မောင်းတာကတော့ သူမောင်းတာမဟုတ်ပါဘူး။ လမ်းအကွေ့ကထွက်လာတဲ့ကားနဲ့တွေ့တော့ သူကခုန်ဆင်းလိုက်တာ ကံဆိုးချင်တော့ ကားအောက်ရောက်သွားတယ်တဲ့။ အဲဒါပွဲချင်းပြီးသေသွားတာ။ ဆိုင်ကယ်မောင်းတဲ့သူကတော့ မသေပါဘူး ဒဏ်ရာရယုံလောက်ပါတဲ့။
သြော်.....ကံကို မမြင်ရပါလားလို့ ပြောလိုက်ရင်း။ လမ်းခွဲလိုက်ပါတော့တယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အိမ်နားကနေ အိမ်ကိုအမြဲဆွမ်းခံကြွတဲ့ဦးဇင်းတစ်ပါး ဆွမ်းစားကပြန်ကြွလာတာတွေ့လို့။ ဦးဇင်းလေး ဆွမ်းစားကပြန်လာတာလားဘုရားဆိုတော့ မဟုတ်ပါဘူးဒကာရာ အသုဘတစ်ခုက သရဏဂုံတင်ပင့်လို့ သရဏဂုံတင်ပေးပြီးပြန်ကြလာ တာပါ။ အသက်ကတော့ (၉၇)နှစ်ရှိပါပြီ။ သားသမီးတွေ မြေး မြစ်တွေနဲ့။ သားသမီးတွေကတော့ ငိုနေကြတယ်။ အဲဒါကြောင့် ဘုရားရှင်က သေခြင်းတရားကို အမြဲဆင်ခြင်နေဖို့ အဘိဏှပစ္စဝေက္ခိတဗ္ဗသုတ်မှာ ဟောခဲ့တာနဲ့တူပါတယ်တဲ့။ ဒါနဲ့ ဦးဇင်းအချိန်ရမယ်ဆိုရင် တပည့်တော် ကို အနည်းငယ်လောက် ဟောပါဦးဘုရားလို့ လျှောက်ထားကြည့်တော့။ ဦးဇင်းလေးက ရပါတယ်ဒကာကြီးရဲ့တဲ့။ ဒီလိုနဲ့ ဦးဇင်းကို အိမ်ထဲ မှာပင့်ပြီး နေရာခင်းပေးကာ ဦးဇင်းရှေကနေ ရှိခိုးပြီး တရားနာယူလိုက်ပါတော့တယ်။
ဒကာကြီးရေ မြတ်စွာဘုရားရှင်က အဘိဏှပစ္စဝေက္ခိတဗ္ဗသုတ်မှာ (၁)အိုခြင်းတရား (၂)နာခြင်းတရား (၃)သေခြင်းတရား (၄)ခွဲခွါရခြင်းသဘောတရား (၅)ကံတရား ဒီတရားတွေကို အမြဲမပျက် နေ့စဉ်နေ့တိုင်း ဆင်ခြင်ပေးရမယ်လို့ ဟောထားတယ်။
ဘာလို့လည်းဆိုတော့ လူတွေဆိုတာ အိုဖို့ နာဖို့ သေဖို့တွေကို မေ့နေပြီးတော့ လောဘ ဒေါသ မောဟတွေနဲ့ စီးပွါးရေး လူမှု ရေးစတဲ့ အရေးကိစ္စတွေနဲ့ပဲ အချိန်ကုန်နေကြတာ။ တကယ်တမ်းသေခြင်းတရားနဲ့တွေ့လာရပြီဆိုရင် ကြောက်လန့်လာကြတယ်။ ပူလောင်မှုတွေခံစားရတယ်။ အဲဒီလိုမဖြစ်အောင်လို့ သေခြင်းတရားကို အမြဲတမ်းဆင်ခြင်ပေးပါလို့ဟောတာ။
မာန်လည်ဆရာတော်ကြီးဆိုရင်လည်း လောဘ ဒေါသ မောဟ တွေနဲ့ သေဖို့ကိုမေ့ပြီး ဒါမယားအတွက် ဒါသားအတွက်နဲ့ စီးပွါးဥစ္စာတွေချည်းရှာမနေပါနဲ့ဆိုပြီးတော့--- မယားစားဖို့၊ သားစားဖို့ဟု၊ ကိုယ့်ဖို့နောင်ရေး၊ မတွေးမဆ၊ မိုက်အန္ဓဖြင့်၊ လောဘအလို၊ လိုက်မပိုနှင့်၊ ဤကိုယ်ပျက်ပျား၊ ဘ၀လားသော်၊ မယားမပါ၊ သားမပါဘူး။ အဲဒီလိုဟောခဲ့တာပဲ။ ဒါကြောင့် ဒကာကြီးလေ စီးပွါးတွေချည်း ရှာမနေနဲ့ သေဖို့လည်း ဆင်ခြင်ဦးဆိုပြီးတော့ အောက်ကလင်္ကာလေးတွေကို ရှေ့ကိုဆိုပေးပါတယ်။ ကျုပ်ကတော့ နောက်ကလိုက်ဆို ရတာပေါ့။
၁။ ငါသည် မုချ အိုရမည်၊
အချိန်ပိုင်းသာ လိုတော့သည်။
အအို မဦးခင်၊ ဥာဏ်ဦးအောင်၊ အားထုတ်ပါတော့မည်။
၂။ ငါသည် မုချ နာရမည်၊
အချိန်ပိုင်းသာ လိုတော့သည်၊
အနာ မဦးခင်၊ ဥာဏ်ဦးအောင်၊ အားထုတ်ပါတော့မည်။
၃။ ငါသည် မုချ သေရမည်၊
အချိန်ပိုင်းသာ လိုတော့သည်၊
အသေ မဦးခင်၊ ဥာဏ်ဦးအောင်၊ အားထုတ်ပါတော့မည်။
၎။ ငါသည် သတ္တ၀ါသင်္ခါရတို့နှင့်
ခွဲခွဲရခြင်းသဘောရှိချေသည်၊
မခွဲခွါရသေးမီ၊ ဥာဏ်ဦးအောင်၊ အားထုတ်ပါတော့မည်။
၅။ ငါသည် ကံသာ ဥစ္စာရှိချေသည်၊
အကုသိုလ်ကံ မဖြစ်မီ
ကုသိုလ်ကံဖြစ်အောင်၊ အားထုတ်ပါတော့မည်။
ဒကာကြီးရေ မိုးကုတ်ဆရာတော်ကြီးရဲ့ ငါသည် မုချသေရမည် ဆိုတာလေးကို ဦးဇင်းက အဘိဏှပစ္စဝေက္ခိတဗ္ဗသုတ်အတိုင်း ငါးမျိုးလုံး ဆင်ခြင်လို့ရအောင် ဖြည့်ပြီးရေးထားတာ၊ ဒကာကြီးတို့အတွက် ဆင်ခြင်ရလွယ်တာပေါ့တဲ့။
ဒါနဲ့ တပည့်တော် မှတ်ထားပါမယ်ဘုရား၊ အမြဲလည်းဆင်ခြင်ပါ့မယ်ဘုရားလို့ လျှောက်ထားလိုက်တယ်။ ဦးဇင်းလည်း ပြန်ကြွဦးမယ် ဒကာကြီးဆိုပြီ ဦးဇင်းလေး ပြန်ကြွသွားပါတယ်။ ကျုပ်လည်း ဦးဇင်းလေးကို အိမ်ပေါက်ဝနားအထိလိုက်ပို့ရင်းနဲ့ အအိုမခက်ဖို့အတွက် ငါသည်မုချအိုရမည်၊ အနာမခက်ဖို့ ငါသည်မုချနာရမည်၊အသေမခက်ဖို့အတွက် ငါသည်မုချသေရမည်၊ အဲဒီလို အနေတတ်စွာနဲ့ပဲ နေ့စဉ်နဲ့အမျှ ကြိုတင်ဆင်ခြင်ထားမှပဲလို့တွေးလျက်နဲ့ အိမ်ပေါက်ဝဆီသို့ ဦးတည်ရင်း လျှောက်လှမ်းလာမိပါတော့ တယ်။
No comments:
Post a Comment