စိတ်ကို မီးခိုးငွေ့တွေလို အထိန်းအကွပ်မရှိ
ပြန့်လွင့်ခွင့်ပြုလိုက်တယ်
ဟော-ကြိုဆိုလိုက်ကြတဲ့ အကုသိုလ်တွေ
စည်စည်ကားကား
နေ့မနား ညမအား
သွေးထားလိုက်ရတဲ့စိတ်ဓားထက်ထက်
အဲဒီအကုသိုလ်တံခါးဝမှာ
အတုံးအရုံးကျရှုံး
လောကကြီးဆိုတဲ့ ဝေါဟာရပေါ်
လမ်းလျှောက်တတ်ဖို့ ထရပ်လိုက်တော့
အလဲလဲ အကွဲကွဲ ပြိုလဲ
အဲဒီတော့မှ ကျနော်
အိမ်ပြန်ချိန်ကို သတိရတော့တယ်
အကြောင်းအချက်အလက် မပြည့်မစုံနဲ့ အမေ့ကို
ဆင်ခြေပေးလိုက်တယ်
အမေကတော့ခွင့်လွှတ်တယ်ဆိုပဲ
ဒါပေမယ့် ကျနော်
တောင်းပန်ဖို့မေ့လျော့သွားခဲ့တယ်။
No comments:
Post a Comment